ဆောင်းပါး

စစ်အာဏာသိမ်းမှုကြောင့် ပျက်စီးသွားရသည့် အမြန်ရထားစီမံကိန်းများ

ယခုနှစ်ကုန်တွင် လေအေးစက်တပ် ရန်ကုန်-မန္တလေး အမြန်ရထား၊ ရန်ကုန်မြို့ပတ်ရထားများကို ခရီးသည်များ အချိန်တိုအတွင်း သက်သောင့်သက်သာ စီးနင်းသွားလာနိုင်မည့် အစီအစဉ်ရှိခဲ့သည်။

စစ်အုပ်စုသာ အာဏာမသိမ်းခဲ့ပါက ယခုနှစ်ကုန်တွင် ရန်ကုန်-မန္တလေး မီးရထားခရီးကို ၈ နာရီသာ အချိန်ပေးရန် လိုအပ်ပြီး လေအေးပေးစက်တပ်ထားသည့် ရထားတွဲများဖြင့် သက်သောင့်သက်သာ လိုက်ပါနိုင်မည် ဖြစ်သည်။

ရန်ကုန်မြို့ပတ်ရထားများလည်း ပိုမြန်လာမည်ဖြစ်ပြီး လေအေးပေးစက်များဖြင့် သက်သောင့်သက်သာ စီးနင်းရမည်ဖြစ်သည်။

ထိုအစီအစဉ်များသည် စစ်တပ်အာဏာသိမ်းမှုကြောင့် ပျက်ပြယ်သွားခဲ့ရပြီဖြစ်သည်။

ဂျပန်နိုင်ငံအစိုးရ၏ တရားဝင်ဖွံ့ဖြိုးရေးချေးငွေ (ODA) အစီအစဉ်ဖြင့် အရပ်သားအစိုးရများလက်ထက်က ဝယ်ယူရန် သဘောတူထားသည့် အဆင့်မြင့် မီးရထားစက်ခေါင်းများသည် စစ်အုပ်စု၏ အာဏာသိမ်းမှုကြောင့် ရန်ကုန်သို့ ရောက်လာရန် ကြန့်ကြာနေကြောင်း စုံစမ်းသိရှိရသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရက ခေတ်မမီတော့သည့် မီးရထားကွန်ရက်ကို အဆင့်မြှင့်ရန်အတွက် ရထားတွဲတိုင်းက မောင်းနှင်နိုင်သည့် ဒီဇယ်လျှပ်စစ်နှစ်မျိုးသုံး (DEMU) ရထားများကို ဝယ်ယူမည့် စီမံကိန်းနှစ်ခုအတွက် ၂၀၁၈ နှင့် ၂၀၂၀ တို့တွင် ဂျပန်ကုမ္ပဏီများနှင့် စာချုပ်ချုပ်ဆိုခဲ့သည်။

NLD အစိုးရက ၂၀၂၃ နှစ်ကုန်ပိုင်းတွင် ပြေးဆွဲရန် စီစဉ်ထားသည့် ရန်ကုန်-မန္တလေးနှင့် ရန်ကုန်မြို့တွင်း မီးရထားများ၏ အတွင်းပိုင်းကို ကွန်ပျူတာဖြင့် ပုံဖော်ထားပုံ (ဓာတ်ပုံ – Mitsubishi Corporation)

ပထမစီမံကိန်းမှာ ဂျပန်ကုန်သွယ်ရေးလုပ်ငန်းစု မာရူဘီနီ (Marubeni)၊ ရထားတွဲများထုတ်လုပ်သည့် နီးဂါတာထရန်စစ် (Niigata Transys) တို့နှင့် မြန်မာ့မီးရထားတို့အကြား ၂၀၁၈ တွင် ချုပ်ဆိုခဲ့သည့် အမေရိကန်ဒေါ်လာ ၆၄ သန်း တန်ဖိုးရှိသည့် ရထားတွဲသစ် ၂၄ တွဲ ဝယ်ယူရေးဖြစ်သည်။

ဒုတိယစီမံကိန်းမှာ ဂျပန်မစ်ဆူဘီရှီကော်ပိုရေးရှင်း (Mitsubishi Corporation) ထံမှ ရထားတွဲသစ် ၂၄၆ တွဲ ဝယ်ယူရေးစီမံကိန်းဖြစ်ပြီး အာဏာမသိမ်းမီ လပိုင်းအလို ၂၀၂၀ ဒီဇင်ဘာလအတွင်းက သဘောတူခဲ့ခြင်းဖြစ်သည်။ မစ်ဆူဘီရှီထံမှ ဝယ်ယူမည့် ရထားတွဲများအနက် ၆၆ စီးသည် ရန်ကုန်မြို့ပတ်ရထားလိုင်းအတွက်ဖြစ်ပြီး ကျန် ၁၈၀ က ရန်ကုန်-မန္တလေး အသွားအပြန်ရထားများဖြစ်ကြသည်။ ရထားတွဲအားလုံး၏ တန်ကြေးက ဂျပန်ယန်းငွေ ၆၉ ဘီလျံရှိသည်။

စစ်တပ်အာဏာမသိမ်းခင် ငါးလခန့်အလို ၂၀၂၀ စက်တင်ဘာလအတွင်းက ပထမဆုံးအသုတ်အနေဖြင့် ဂျပန်မှ ပို့လိုက်သည့် ရထားတွဲသစ် ၆ စီး ရန်ကုန်ဆိပ်ကမ်းသို့ ရောက်လာခဲ့သည်။ သဘောတူညီချက်များအရ မာရူဘီနီနှင့် နီးဂါတာထရန်စစ် ကုမ္ပဏီများထံမှ ဝယ်ယူထားသည့် ကျန်ရထားတွဲ ၁၈ စီးသည်လည်း ၂၀၂၁ ဧပြီမကုန်မီ မြန်မာပြည်သို့ ရောက်ရမည်ဖြစ်သည်။

သို့သော်လည်း အာဏာမသိမ်းမီက ရောက်လာသည့် ရထားတွဲများမှလွဲပြီး နောက်ထပ် မည်သည့်ရထားမှ ဂျပန်ဘက်က မပို့တော့ကြောင်း အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပါဝင်နေသည့် မီးရထားဝန်ထမ်းတစ်ဦးက Myanmar Now ကို ပြောသည်။

“ကျွန်တော်သိသလောက်တော့ ဘာခေါင်းမှ မရောက်ဘူး။ ရောက်လာတဲ့ စက်ခေါင်းတွေတောင် သူတို့ (စစ်ကောင်စီက) အခုမှပဲ ဝယ်သလိုလိုနဲ့။ ဘယ်ဟုတ်မလဲ၊ လွန်ခဲ့တဲ့ ၂ နှစ်၊ ၃ နှစ်က ဝယ်ထားတာလေ။ အမှန်က ၂၄ ခေါင်းကို လျှောခနဲလျှောခနဲ ရောက်လာရမှာ” ဟု ၎င်းက ဆိုသည်။

အာဏာသိမ်းပြီးနောက်ပိုင်းတွင် ဂျပန်နိုင်ငံမှ မြန်မာဘက်သို့ NLD အစိုးရသက်တမ်းအတွင်း ဝယ်ယူထားသည့် ရထားစက်ခေါင်းများ ဆက်လက်ပို့ဆောင်ရန် ရှိမရှိကိုမူ မာရူဘီနီ၊ မစ်ဆူဘီရှီနှင့် စစ်ကောင်စီတို့က မဖြေကြားဘဲ နှုတ်ဆိတ်နေသည်။

အာဏာသိမ်းလိုက်သောကြောင့် ဂျပန်ရထားသစ်တို့ ရောက်မလာသဖြင့် သက်တမ်းရင့် ရထားတွဲများကို မြန်မာခရီးသွားတို့ ဆက်လက်အသုံးပြုနေရသည်။ (ဓာတ်ပုံ – စစ်ကောင်စီပြန်ကြားရေး)

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ပြီးခဲ့သည့်နှစ် မေလအတွင်းက ရန်ကုန်၊ အင်းစိန်စက်ခေါင်းစက်ရုံသို့ သွားပြီး ဂျပန်နိုင်ငံမှ ရောက်ရှိလာသည့် DEMU ရထားတွဲဆိုင်းသစ်များကို စစ်ဆေးခဲ့သည်ဟု စစ်ကောင်စီသတင်းဌာနများက ဆိုသည်။ ထိုတွဲသစ်များ မည်သည့်အချိန်က ရောက်လာသည်ကို  ရှင်းရှင်းလင်းလင်း မသိရပါ။

ရထားတွဲများပို့ပေးမည့် နောက်ဆုံးအခြေအနေနှင့် ပတ်သက်၍ မစ်ဆူဘီရှီထံ Myanmar Now က အီးမေးဖြင့် ဆက်သွယ်မေးမြန်းရာတွင် လျှို့ဝှက်ထားရမည့် သဘောတူညီချက်ဖြစ်သည်ဟူသော အကြောင်းပြချက်ဖြင့် ဖြေဆိုရန် ငြင်းခဲ့သည်။

“လျှို့ဝှက်ထားရမည့် စာချုပ်ပါတာဝန်တွေ ဖြစ်နေတာကြောင့် မေးမြန်းမှုကို ဖြေကြားဖို့ မဖြစ်နိုင်ပါဘူး။ နောက်ပြီး မြန်မာ့မီးရထားရဲ့ ခွင့်ပြုချက်မရှိဘဲ ဒီလိုသတင်းအချက်လက်တွေကို ဖြေဆိုလို့မရပါဘူး” ဟု ထိုတုံ့ပြန်စာတွင် ဖော်ပြထားသည်။

မြန်မာ့မီးရထားမှ အင်ဂျင်နီယာချုပ် ဦးမြင့်စိုးကို Myanmar Now က ဆက်သွယ်မေးမြန်းသော်လည်း ပြောရေးဆိုခွင့်မရှိဟုဆိုကာ မေးခွန်းကို ဖြေဆိုရန် ငြင်းဆန်သည်။

အလားတူ မာရူဘီနီကလည်း Myanmar Now က ဆက်သွယ်မေးမြန်းခြင်းကို တုံ့ပြန်ခဲ့ခြင်းမရှိပါ။

၂၀၁၇ အတွင်း ရန်ကုန်မြို့ပတ်ရထားလမ်း ပြုပြင်ရေးလုပ်ငန်းခွင်တွင် တွေ့ရသည့် မြန်မာနှင့် ဂျပန် ပညာရှင်များ (ဓာတ်ပုံ – JICA Myanmar)

ဂျပန်နိုင်ငံ၏ မြန်မာ့ရထားလမ်းစီမံကိန်းများက စစ်ကောင်စီကျူးလွန်နေသည့် ရာဇဝတ်မှုများကို အားပေးကူညီနိုင်သည်ဟူသော အန္တရာယ်ကြောင့် ဖက်ဒရယ်ဒီမိုကရေစီ ကူးပြောင်းသည့်ကာလအထိ ဖွံ့ဖြိုးရေးအကူအညီများကို ရပ်ဆိုင်းထားရန် Justice For Myanmar အဖွဲ့က ဂျပန်အစိုးရထံ ယခုနှစ် မေလအတွင်းက တောင်းဆိုထားသည်။

အာဏာသိမ်းစစ်ကောင်စီသည် ဂျပန်က ထောက်ပံ့ထားသည့် အရပ်ဘက်သုံးယာဉ်များကို လက်နက်ကိုင် စစ်သားများ သယ်ယူခြင်းကဲ့သို့သော စစ်ရေးအတွက် အသုံးပြုခဲ့သည်များလည်း ရှိခဲ့သည်။

ဂျပန်အစိုးရက ရခိုင်ပြည်နယ်တွင် အသုံးပြုရန်အတွက် ၂၀၁၇ နှင့် ၂၀၁၉ အတွင်း လှူဒါန်းထားသည့် အရပ်ဘက်သုံး ရေယာဉ် ၃ စီးအနက် ၂ စီးကို စစ်ကောင်စီက ၂၀၂၂ စက်တင်ဘာလအတွင်း စစ်သားများ သယ်ဆောင်ရာတွင် သုံးခဲ့သည်။

ရက္ခိုင့်တပ်တော် (AA) ကို တိုက်ခိုက်ရန်အတွက် အရပ်ဘက်သုံးရေယာဉ်ကို အသုံးပြုခဲ့သည့် ထိုလုပ်ရပ်အတွက် ဂျပန်အစိုးရကလည်း စစ်ကောင်စီကို ကန့်ကွက်ခဲ့သည်။

ဝေဖန်ကန့်ကွက်မှုများနှင့် ရင်ဆိုင်ခဲ့ရအပြီး အာဏာသိမ်းလိုက်သည့်အတွက် ဂျပန်အစိုးရက မြန်မာဘက်သို့ ပေးရန် သဘောတူထားသည့် မီးရထားလမ်းများအတွက် တရားဝင်ဖွံ့ဖြိုးရေးချေးငွေ (ODA) ကို ရုပ်သိမ်းလိုက်သည်ဟု ဂျပန်သတင်းဌာန The Asahi Shinbun က ၂၀၂၃ မေလအတွင်းက ရေးသားသည်။

သို့သော် မီးရထားတွဲများ ချေးငွေဖြင့် ရောင်းချခြင်း၊ မီးရထားလမ်းများ အဆင့်မြှင့်ခြင်းတို့အနက် မည်သည့်အစီအစဉ်ကို ဂျပန်က ရုပ်သိမ်းခြင်းဖြစ်ကြောင်း ရှင်းရှင်းလင်းလင်း မသိရသေးပေ။

ODA ချေးငွေဖြင့် မီးရထားလမ်းများ အဆင့်မြှင့်သည့် စီမံကိန်းသည် အာဏာသိမ်းပြီးနောက် ဆက်လက်လည်ပတ်နေသည်ဟု စစ်ကောင်စီလက်အောက် မြန်မာ့မီးရထားမှ ဦးဆောင်ညွှန်ကြားရေးမှူး သူရဦးအောင်မျိုးမြင့်က ပြီးခဲ့သည့်နှစ် စက်တင်ဘာလအတွင်းက ပြောကြားထားသည်။

အမေရိကန်ဒေါ်လာ၂၅၈၄ သန်း တန်ကြေးရှိသည့် ထိုရထားလမ်းအဆင့်မြှင့်သည့် စီမံကိန်းအတွက် ဂျပန်ချေးငွေ ၂၁၁၅ သန်းကျော်နှင့် မြန်မာဘက်က စိုက်ထုတ်ငွေ ၄၆၈ သန်းကျော်ရှိမည် ဖြစ်သည်။

ရထားလမ်းများ အဆင့်မြှင့်မည့် စီမံကိန်းကိုလည်း ယခုနှစ် ၂၀၂၃ အကုန်တွင် ပြီးစီးရန် ရည်မှန်းထားခဲ့ကြသည်။

ပိုမိုအဆင့်မြှင့်မွမ်းမံရန် လိုအပ်နေသည့် လမ်းပေါ်တွင် သက်တမ်းရင့်ရထားတွဲများကို ခရီးသည်တို့ ခုန်ပေါက် ယိမ်းထိုးစီးနင်းနေရသည့် အခြေအနေနှင့် လွန်စွာ ကွာခြားမည့် အစီအစဉ်ဖြစ်သည်ဟု အထက်ပါ CDM မီးရထားဝန်ထမ်းက ဆိုသည်။

“နာရီဝက်တစ်စီးပြေးဖို့ကိစ္စတွေ၊ ကျောက်တွေ၊ တံတားတွေ အကုန်တူးထုတ်ပြီးတော့ ရန်ကုန်-မန္တလေးမှာ တောင်ငူလောက်အထိ တော်တော်လေးလုပ်ပြီးပြီ။ ပဲခူးအထိက စမ်းပြီးသား။ ကော်ဖီခွက်တင်ပြီးတောင် မောင်းခဲ့ကြတာ။ ငြိမ်နေတာပဲ” ဟု လုံခြုံရေးအရ အမည်မဖော်လိုသော အဆိုပါ မီးရထားဝန်ထမ်းက Myanmar Now ကို ပြောသည်။

စစ်တပ်အာဏာသိမ်းလိုက်သည့်အတွက် မီးရထားလမ်းပိုင်းနှင့် ရထားတွဲများသာမက မီးရထားဌာနသည်လည်း ပျက်စီးခဲ့ရသည်။ အာဏာသိမ်းမှုကို အကြမ်းမဖက်အာဏာဖီဆန်သည့် ဌာနဆိုင်ရာ ဝန်ထမ်းများထဲတွင် မီးရထားဝန်ထမ်းများသည် အားအကောင်းဆုံးဖြစ်ပြီး ဝန်ထမ်းအရေအတွက် ၈၀၀၀ ကျော် ပါဝင်ခဲ့သည်ဟု CDM မီးရထားဝန်ထမ်းများထံမှ သိရသည်။

စစ်ကောင်စီက ရန်ကုန်-မန္တလေး ရထားလမ်း အဆင့်မြှင့်တင်ရေးစီမံကိန်းလုပ်ငန်းများ ကြန့်ကြာနေသည်မှာ အာဏာသိမ်းမှုနှင့် နောက်ဆက်တွဲပြဿနာကြောင့်ဟု ဝန်မခံဘဲ ရထားလမ်းပိုင်းနှင့် အဆောက်အအုံများ တိုက်ခိုက်ခံရခြင်းကြောင့်ဟု အကြောင်းပြထားသည်။

အောက်တိုဘာ ၁၇ စစ်ကောင်စီထုတ်ပြန်ချက်တွင် အာဏာသိမ်းပြီးချိန်မှ ၂၀၂၃ အောက်တိုဘာ ၁၆ ရက်နေ့အထိ မြန်မာ့မီးရထားလမ်းကွန်ရက်တစ်ခုလုံးတွင် ရထားလမ်းနှင့် ရထားဘူတာနယ်မြေအတွင်း မိုင်းပေါက်ကွဲခြင်းနှင့် မိုင်းတွေ့ရှိခြင်း (၁၂၆) ကြိမ်၊ ရထားလမ်းတံတားများကို မိုင်းခွဲဖျက်ဆီးခြင်း (၄၅) ကြိမ်၊ ဘူတာအဆောက်အအုံနှင့် ဝန်ထမ်းနေအိမ်များကို မီးရှို့ဖျက်ဆီးခြင်း (၁၂) ကြိမ် ကြုံတွေ့ခဲ့ရသည်ဟု ဆိုသည်။

ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ၏ လက်ချက်ဟုလည်း စစ်ကောင်စီက စွပ်စွဲထားသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button