ရန်ကုန်မြို့ပတ်ရထားပေါ်တွင် ရဲများ ပစ်ခတ်ခံရမှုအတွက် စွပ်စွဲခံရသူများကို သေဒဏ်နှင့် တစ်သက်တစ်ကျွန်းထောင်ဒဏ်များ ယနေ့ (မေ ၁၈) တွင် ချမှတ်လိုက်ကြောင်း သိရသည်။
အင်းစိန်ထောင်တွင်း အလုံခရိုင်တရားရုံးတွင် ခရိုင်တရားသူကြီး ဒေါ်ခင်နီနီအေးက စီရင်ချက် ချမှတ်ခဲ့ခြင်းဖြစ်သည်။
အမှုတွင် စွပ်စွဲခံရသူများ ဖြစ်ကြသည့် ကိုကောင်းပြည့်စုံဦး၊ ကိုဇေယျာဖြိုး၊ ကိုကျော်စိုးလင်း၊ ကိုဆန်းလင်းမောင်နှင့် မမြတ်ဖြိုးပွင့်တို့ကို အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀(က) အရ သေဒဏ်၊ ၁၉၄၉ ခုနှစ်လက်နက်နှင့် အရေးပေါ်စီမံမှု ဥပဒေ ပုဒ်မ ၂/၂(က) အရ ထောင်ဒဏ်တစ်သက်တစ်ကျွန်း ချမှတ်ခဲ့သည်ဟု သိရသည်။
စွပ်စွဲခံရသူများထဲမှ ကိုကောင်းပြည့်စုံဦးသည် သေဒဏ် ၂ ကြိမ် ချမှတ်ခံရသည်။ သူ သေဒဏ်ချခံရသည့် အခြားအမှုတစ်ခုမှာ ၁၉၄၉ ခုနှစ် လက်နက်နှင့် အရေးပေါ်စီမံမှု ဥပဒေ ပုဒ်မ ၂/၂(က) နှင့် စွဲဆိုခံရသည့် အမှု ဖြစ်သည်ဟု ဆိုသည်။
၂၀၂၁ အာဏာသိမ်းမှုအပြီး သေဒဏ် ချမှတ်မှုများကို စစ်ခုံရုံးများက စီရင်နေခြင်းဖြစ်သော်လည်း အရပ်ဘက် တရားရုံးတစ်ရုံးက ပထမဆုံး အကြိမ် သေဒဏ်ချမှတ်ခြင်းဖြစ်ကြောင်း တရားရုံးသတင်းရင်းမြစ်တစ်ခုက Myanmar now ကိုအတည်ပြုသည်။
အထက်ပါ ပုဒ်မများနှင့် အမှုရင်ဆိုင်နေရသူ အများအပြားရှိနေချိန်တွင် အရပ်ဘက် တရားရုံးက စစ်ကောင်စီသဘောကျ စီရင်ချက်များ ချနေသည့်အတွက် စိုးရိမ်မိသည်ဟု အထက်ပါ တရားရုံးသတင်းရင်းမြစ်က ပြောသည်။
“အရင်တုန်းက စစ်ခုံရုံးကပဲ ချတာပေါ့၊ အခုလက်ရှိက ပထမဆုံးအနေနဲ့ အရပ်ဘက် တရားရုံးက တရားသူကြီးက အမိန့်ချလိုက်တဲ့အပေါ်မှာ နောက်ပိုင်းလူတွေအတွက် စိတ်မအေးနိုင်ဘူး”ဟု ထိုသတင်းရင်းမြစ်က ပြောသည်။
နံနက် ၁၀ နာရီတွင် စီရင်ချက်ချမည့်ရုံးချိန်းရှိသည်ဟု တရားသူကြီးက ချိန်းဆိုခဲ့သော်လည်း ရုံးချိန်မတိုင်မီမှာပင် တရားသူကြီး ရောက်လာပြီး အမိန့်ချခဲ့သည်ဟု တရားရုံးသတင်းရင်းမြစ်က ဆိုသည်။
အမိန့်ချသည့် နံနက်ပိုင်းအချိန်တွင် ထောင်တွင်း လံခြုံရေး ပိုမို တင်းကျပ်ထားကြောင်းလည်း သိရသည်။
စွပ်စွဲခံရသူများ တစ်ပတ်အတွင်း အယူခံဝင်နိုင်မည် ဖြစ်သည်။
၂၀၂၁ ခုနှစ် ဩဂုတ်လ ၁၄ ရက်နေ့က ရန်ကုန်မြို့ပတ်ရထား အလုံဘူတာအရောက် ရထားပေါ်လိုက်ပါလာသည့်ရဲများ ပစ်ခတ်ခံခဲ့ရသည်။
ထိုသို့ပစ်ခတ်တိုက်ခိုက်ခံရသည့်အတွက် ရဲဒုတပ်ကြပ် ဝင်းဇော်လတ်၊ တပ်သား ရဲမင်းထွန်း၊ တပ်သား ဖြိုးမောင်မောင်နှင့်တပ်သားထိန်လင်းအောင်တို့မှာ နေရာမှာပင် သေဆုံးခဲ့သည်၊ တပ်ကြပ်မြင့်ဌေးမှာ ဆေးရုံအရောက်တွင် သေဆုံးခဲ့သည်။
နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းကလည်း ယနေ့တွင် အကျဥ်းသား ၅ ဦး သေဒဏ်ချမှတ်ခံခဲ့ရသည်ဟု သတင်းထုတ်ပြန်သည်။
စစ်ကောင်စီ တရားရုံးများက သေဒဏ်ချမှတ်ခဲ့သူ စုစုပေါင်း (၁၅၉) ဦးရှိပြီဖြစ်သည်ဟု အသင်း၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
သေဒဏ်ချမှတ်ခဲ့သူ အများအပြား ရှိသည့်အထဲမှ စစ်ကောင်စီက ဦးဖြိုးဇေယျာသော် အပါအဝင် ၄ ဦးကို ၂၀၂၂ ဇူလိုင်လ အင်းစိန်ထောင်တွင် ကြိုးပေး ကွပ်မျက်ခဲ့သည်။
ယခု လဆန်းပိုင်း လွတ်ငြိမ်းသက်သာခွင့်များ ထုတ်ပြန်ရာတွင် စစ်ကောင်စီက အကျဥ်းသား ၃၈ ဦးကို သေဒဏ်မှ လွတ်ငြိမ်းခွင့်ပေးပြီး ထောင်တစ်သက်ကို ပြောင်းလဲကျခံစေသည်ဟု ကြေညာထားသည်။
စစ်ကောင်စီက ၎င်းတို့ ဖမ်းဆီးရမိသူအများအပြားကို သေဒဏ် ချမှတ်သော်လည်း တော်လှန်ရေးအဖွဲ့များကမူ ဖမ်းဆီးရမိသည့် သုံ့ပန်းများကို သေဒဏ်ချမှတ်ခြင်း မရှိပေ။