သတင်း

ဂျပန်ဖွံ့ဖြိုးရေးအကူအညီ လမ်းတံတားစီမံကိန်းနှစ်ခု ပြန်စရန် ပြင်နေ 

မြန်မာနိုင်ငံ၏ နိုင်ငံရေးအခြေအနေတိုးတက်လာခြင်းမရှိပါက တရားဝင်ဖွံ့ဖြိုးရေးအကူအညီ (ODA) များ ရပ်ဆိုင်းမည်ဟု ထုတ်ဖော်ပြောဆိုထားသည့် ဂျပန်အစိုးရက လမ်းတံတားစီမံကိန်းနှစ်ခုကို ပြန်လည်စတင်ရန် ပြင်ဆင်နေသည်။

ဂျပန် ODA ချေးငွေဖြင့် ဆောင်ရွက်သည့် ရန်ကုန်-မန္တလေး မီးရထားလမ်း အဆင့်မြှင့်တင်ခြင်းစီမံကိန်း ဆက်လက်တည်ဆောက်နေသည့်ပြင် ရန်ကုန်- သန်လျင် တံတားသစ်တည်ဆောက်ရေးမှာ ပြန်စရန် ဆွေးနွေးနေသည်ဟု ထိုစီမံကိန်းတွင် လုပ်ကိုင်ဖူးသည့် အင်ဂျင်နီယာတစ်ဦးထံမှ သိရသည်.

ရန်ကုန်-မန္တလေး မီးရထားလမ်းအဆင့်မြှင့်တင်ခြင်းကို အပိုင်းနှစ်ပိုင်းခွဲ၍ တည်ဆောက်နေပြီး အပိုင်း ၁ မှာ ညောင်လေးပင်မှ တောင်ငူအထိဖြစ်ပြီး လက်ရှိတွင် ပိန်းဇလုတ်မှ တော်ကျွဲအင်းအထိ ပြီးစီးနေပြီဟု ဇန်နဝါရီ ၂၀ ထုတ် မြန်မာ့အလင်းသတင်းစာတွင် ဖော်ပြထားသည်။

အပိုင်း ၁ တည်ဆောက်မှုမှာ ၂၀၂၂ နိုဝင်ဘာအထိ ၄၈ လ ကြာမြင့်မည်ဖြစ်ပြီး ခရီးစဉ်တစ်ခုလုံးပြီးစီးပါက ရန်ကုန်မှ တောင်ငူကို ၃ နာရီခွဲ၊ မန္တလေးကို ၈ နာရီသာ ကြာမြင့်မည်ဟု ထိုသတင်းတွင် ဖော်ပြသည်။ 

“သူတို့ မလုပ်လို့လည်း မဖြစ်ဘူး။ ဂျပန်က ဘာကြောက်တာလဲဆိုတော့ တရုတ်(လွှမ်းမိုးလာခြင်း)ကို ကြောက်တာ။ တရုတ်ကို ကြောက်တော့ ဒီ ODA တွေကို ငြင်းလိုက်လို့ မရဘူးပေါ့လေ” ဟု နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုစီမံကိန်းများကို လေ့လာစောင့်ကြည့်သူတစ်ဦးက ဆိုသည်။

ရန်ကုန်-သန်လျင် တံတားသစ်စီမံကိန်းကို ၂၀၂၁ နှစ်လယ် ကိုဗစ်နိုင်တင်း(COVID-19) တတိယလှိုင်း စတင်ဖြစ်ပွားချိန်တွင် ရပ်ဆိုင်းခဲ့သော်လည်း ယခုအခါ စီမံကိန်းပြန်စရန် စစ်ကောင်စီလက်အောက်ခံ ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် ဂျပန်အစိုးရတို့ ဆွေးနွေးနေသည်ဟု သိရသည်။

“ကျွန်တော်လည်း လုပ်ခဲ့ဖူးတဲ့အတွေ့အကြုံအရ သူတို့က နိုင်ငံရေးတွေကို အဲဒီလောက်စိတ်ဝင်စားတာ မဟုတ်ဘူး။ သူတို့နဲ့ စီးပွားရေးလုပ်လို့ အဆင်ပြေတဲ့လူနဲ့ လက်တွဲလုပ်မှာပဲ။ ကျွန်တော်တို့နိုင်ငံ ဘယ်အစိုးရတက်တက်ပေါ့။ တက်တဲ့သူနဲ့ ညှိနှိုင်းလို့ အဆင်ပြေတဲ့လူနဲ့ ဆက်လုပ်နေမယ်ထင်တယ်” ဟု စီမံကိန်းတွင်လုပ်ကိုင်ဖူးသည့် အင်ဂျင်နီယာတစ်ဦးက ပြောသည်။

မြေပြင်တည်ဆောက်ရေးလုပ်ငန်းများ ပြန်မစသေးသော်လည်း စီမံဒီဇိုင်းနှင့် ငွေကြေးကိစ္စများကို ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် ဆွေးနွေးနေပြီး အသေးစိတ်ကိုမူ မသိရကြောင်း ၎င်းက ဆိုသည်။

ထိုတံတားတည်ဆောက်ရေးလုပ်ငန်းအတွက် အလုပ်သမားများခေါ်ယူနေကြောင်း မကြာမီတွင် စီမံကိန်းပြန်စဖွယ်ရှိကြောင်း ထိုလုပ်ငန်းအတွက် အလုပ်လျှောက်သည့် အင်ဂျင်နီယာတစ်ဦးကို ကိုးကား၍ ဧရာဝတီသတင်းဌာနက ဇန်နဝါရီ ၁၄ တွင် ရေးသားသည်။​

ဂျပန်နိုင်ငံ၏ ချေးငွေ အမေရိကန်ဒေါ်လာ ၂၈၂ ဒသမ ၅၄ သန်းနှင့် မြန်မာဘက်မှထည့်ဝင်ငွေ ၄၀ ဒသမ ၆၆၆ သန်း စုစုပေါင်း ၃၂၃ ဒသမ ၂၀၆ သန်း ကုန်ကျမည့် အဆိုပါတံတားစီမံကိန်းကို ၂၀၁၉ ဖေဖော်ဝါရီ တွင် စတင်ခဲ့ပြီး ၂၀၂၃ တွင် အပြီးတည်ဆောက်ရန် မူလက ရည်မှန်းထားသည်။

အဆိုပါ တံတားသစ်စီမံကိန်းတွင် စစ်တပ်ပိုင် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း (MEC) နှင့် လက်တွဲဖြုတ်ရန် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သည့် စီမံကိန်းအင်ဂျင်နီယာအချို့က ပြီးခဲ့သည့်နှစ် မတ်လအတွင်း တောင်းဆိုခဲ့ဖူးသည်။

စီမံကိန်းတွင် အသုံးပြုမည့် သံမဏိဘောင်များကို ဂျပန်ကုမ္ပဏီတစ်ခုဖြစ်သော Yokogawa နှင့် MEC လက်အောက်ခံ အမှတ် (၂) မြောင်းတကာသံမဏိစက်ရုံတို့ ပူးတွဲထုတ်လုပ်နေခြင်းအပေါ် စီမံကိန်းတွင် ပါဝင်လုပ်ကိုင်နေသည့် မြန်မာအင်ဂျင်နီယားများက ထောက်ပြကာ ထိုသို့တောင်းဆိုခြင်းဖြစ်သည်။

တံတားအရှည် ၁,၉၂၈ မီတာရှိပြီး သန်လျင်-ရန်ကုန်ကြား တိုးပွားလာသည့် ယာဉ်ကြောကျပ်မှုကို ဖြေရှင်းရန်နှင့် ဂျပန်ရင်းနှီးမြှုပ်နှံမှုစီမံကိန်းတစ်ခုဖြစ်သည့် သီလဝါအထူးစီးပွားရေးဇုန်မှ အချိန်တိုအတွင်း ကုန်စည်စီးဆင်းမှု လျင်မြန်ချောမွေ့လာရန် တည်ဆောက်ခြင်းဖြစ်သည်ဟု ​​ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (JICA) က ပြောဆိုထားသည်။ 

ရန်ကုန်မြို့၏ အရှေ့တောင်ဘက် သန်လျင်မြို့နယ်တွင်တည်ရှိသည့် သီလဝါအထူးစီးပွားရေးဇုန်ကို ဂျပန်က အဓိကရင်းနှီးမြှုပ်နှံထားပြီး ဇုန်အတွင်း စီးပွားဖြစ်လည်ပတ်လုပ်ကိုင်နေသည့် စက်ရုံပေါင်း ၁၂၂ ခုရှိကြောင်း ဇုန်ကော်မတီ၏ ထုတ်ပြန်ချက်များအရ သိရသည်။

သီလဝါအထူးစီးပွားရေးဇုန်ကို မြန်မာနှင့် ဂျပန်မှ ရှယ်ယာရှင်လေးဦး ပိုင်ဆိုင်သည့် Myanmar Japan Thilawa Development Limited (MJTD) က အကောင်အထည်ဖော်ခြင်းဖြစ်သည်။

ရှယ်ယာပိုင်ဆိုင်မှုမှာ မြန်မာဘက်မှ ဇုန်စီမံခန့်ခွဲမှုကော်မတီက ၁၀ ရာခိုင်နှုန်း၊ မြန်မာသီလဝါအထူးစီးပွားရေးဇုန်အများပိုင်ကုမ္ပဏီ (MTSH) က ၄၁ ရာခိုင်နှုန်းနှင့် ဂျပန်ဘက်မှ ဂျပန်အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (JICA) က ၁၀ ရာခိုင်နှုန်း၊ MMS သီလဝါဖွံ့ဖြိုးတိုးတက်ရေးကုမ္ပဏီက ၂၉ ရာခိုင်နှုန်းပိုင်ဆိုင်သည်။

ဂျပန်အခြေစိုက် Nikkei Asia သတင်းဌာန၏ ဖော်ပြချက်အရ ကမ္ဘာ့နိုင်ငံများအနက် ဂျပန်သည် မြန်မာကို ဖွံ့ဖြိုးရေးအကူအညီအများဆုံးပေးသည့် နိုင်ငံတစ်ခုဖြစ်ပြီး ၂၀၁၉ တွင် ဒေါ်လာ ၁ ဒသမ ၇၄ ဘီလျံရှိကြောင်း သိရသည်။

ဖေဖော်ဝါရီ ၁ စစ်အာဏာသိမ်းမှုကို တုံ့ပြန်သည့်အနေဖြင့် ODA အကူအညီများပေးနေခြင်းကို ဆိုင်းငံ့ရန် ဂျပန်ရောက် မြန်မာများနှင့် ဂျပန်တက်ကြွလှုပ်ရှားသူများက ဂျပန်အစိုးရကို တိုက်တွန်းခဲ့ပြီး လူသားချင်းစာနာမှုအကူအညီများကို စစ်တပ်နှင့် မပတ်သက်ဘဲ ပေးရန် တောင်းဆိုခဲ့သည်။

အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်သည် ရန်ကုန်မြို့ ဂျပန်သံရုံးဝန်ထမ်းများနှင့် JICA အဖွဲ့ဝန်ထမ်းများ၏ ရုံးခန်းများကို ဝင်ရောက်စီးနင်းခဲ့သည့်အတွက် ဂျပန်အစိုးရက ကန့်ကွက်ခဲ့ပြီး နောက်နောင်တွင် အလားတူမဖြစ်ရန် တောင်းဆိုခဲ့သည်။ 

ကပ်ရောဂါနှင့် စစ်အာဏာသိမ်းမှုကြောင့် စီးပွားရေးထိခိုက်နေသော်လည်း မြန်မာတွင် ရင်းနှီးမြှုပ်နှံလုပ်ကိုင်နေသည့် လုပ်ငန်း ၇၀ ရာခိုင်နှုန်းသည် လုပ်ငန်းဆက်လက်လုပ်ကိုင်ရန် သို့မဟုတ် တိုးချဲ့ရန် ဆောင်ရွက်နေကြောင်း ဂျပန် ပြည်ပကုန်သွယ်ရေးအဖွဲ့အစည်း (JETRO) ၏ အစီရင်ခံစာတစ်စောင်တွင် ဖော်ပြထားသည်။

မြန်မာနှင့် ဂျပန်မှ ရှယ်ယာရှင် ၄ ဦး ပိုင်ဆိုင်သည့် Myanmar Japan Thilawa Development Limited (MJTD) က အကောင်အထည်ဖော်နေသော ဂျပန်ရင်းနှီးမြှုပ်နှံမှုတစ်ခုဖြစ်သည့် သီလဝါအထူးစီးပွားရေးဇုန်၏ ဥက္ကဋ္ဌ ဦးဆက်အောင်ကို စစ်ကောင်စီက ဖမ်းဆီးပြီးနောက် ၎င်းနေရာတွင် နိုင်ငံ့ဝန်ထမ်းအဖြစ်မှ ထုတ်ပယ်ခံခဲ့ရသူ ဒုတိယဗိုလ်မှူးကြီးဟောင်း ဦးရန်နိုင်ထွန်းကို စစ်ကောင်စီက ယမန်နှစ် ဇွန်လအတွင်းက လဲလှယ် ခန့်အပ်ထားခဲ့သည်။

(လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့အကူအညီကို လိုအပ်နေပါတယ်။ ဒီနေရာကိုနှိပ်၍ လှူဒါန်းနိုင်ပါတယ်)

Show More

Related Articles

Back to top button