စီးပွားရေး

ရန်ကုန်ရောက်လာသည့် မီးရထားတွဲဆိုင်းများမှာ NLD လက်ထက်တွင် ဝယ်ခဲ့ခြင်းဖြစ်

စစ်တပ်က အာဏာသိမ်းပြီး သုံးနှစ်အကြာတွင် ပထမဆုံးရောက်ရှိလာသည့် ထိုမီးရထားတွဲဆိုင်းများမှာ ခေတ်မမီတော့သည့် မီးရထားလမ်းကွန်ရက်ကို အဆင့်မြှင့်တင်ရန် NLD အစိုးရလက်ထက်တွင် ဂျပန်ကုမ္ပဏီမှတစ်ဆင့် ဝယ်ယူခဲ့ခြင်းဖြစ်သည်။

ရန်ကုန်မြို့ပတ်ရထားလမ်းတွင် အသုံးပြုရန် စပိန်နိုင်ငံမှ ဝယ်ယူထားသည့် မီးရထားတွဲဆိုင်းသစ်များ ရောက်ရှိလာသည်ဟု စစ်ကောင်စီက သတင်းထုတ်ပြန်ထားပြီး ဒီဇ​ယ်နှင့်လျှပ်စစ် နှစ်မျိုးသုံး ထိုရထားတွဲဆိုင်းများကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက်တွင် ဝယ်ယူခဲ့ခြင်းဖြစ်သည်။

စပိန်နိုင်ငံမှ ဝယ်ယူထားသည့် ရထားတွဲဆိုင်းများအနက် ပထမအသုတ် ၆ တွဲပါတွဲဆိုင်း ဖေဖော်ဝါရီ ၄ တွင် BBC ONYX သင်္ဘောဖြင့် ရန်ကုန် သီလဝါဆိပ်ကမ်းကို ရောက်ရှိလာသည်ဟု စစ်ကောင်စီက ယနေ့ (ဖေဖော်ဝါရီ ၆) ထုတ် နိုင်ငံပိုင်သတင်းများမှတစ်ဆင့် ထုတ်ပြန်သည်။

အဆိုပါ တွဲဆိုင်းသစ်များကို မကြာမီကာလ၌ ရန်ကုန်မြို့ပတ်ရထားလမ်းပိုင်းတွင် စတင်ပြေးဆွဲပေးသွားမည်ဟုလည်း စစ်ကောင်စီက ဆိုသည်။

စစ်တပ်က အာဏာသိမ်းပြီး သုံးနှစ်အကြာတွင် ပထမဆုံးရောက်ရှိလာသည့် ထိုမီးရထားတွဲဆိုင်းများမှာ ခေတ်မမီတော့သည့် မီးရထားလမ်းကွန်ရက်ကို အဆင့်မြှင့်တင်ရန် NLD အစိုးရလက်ထက်တွင် ဂျပန်ကုမ္ပဏီမှတစ်ဆင့် ဝယ်ယူခဲ့ခြင်းဖြစ်သည်။ 

ဂျပန်နိုင်ငံအစိုးရ၏ တရားဝင်ဖွံ့ဖြိုးရေးချေးငွေ (ODA) အစီအစဉ်ဖြင့် အရပ်သားအစိုးရလက်ထက်တွင် ဝယ်ယူခဲ့ခြင်းဖြစ်ကာ စစ်အုပ်စု၏ အာဏာသိမ်းမှုကြောင့် ကြန့်ကြာနေရာမှ ပထမဆုံးရောက်လာခြင်းဖြစ်သည်ဟု အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပါဝင်ထားသည့် မီးရထားဝန်ထမ်းတစ်ဦးက ပြောသည်။

“စပိန်ကဆိုပေမဲ့ တကယ်တမ်းက JICA Project ဗျ။ ကျွန်တော်တို့က ဂျပန်ကို အပ်တာပါ။ ဂျပန်က အဲ့ဒီတုန်းက အားကစားပွဲတော်ရှိလို့ မလုပ်နိုင်ဘူး။ အဲ့ဒါနဲ့ စပိန်ကို ပြောင်းအပ်တာပေါ့။ ပိုက်ဆံကတော့ ဂျပန်ပိုက်ဆံပေါ့” ဟု ၎င်းက ဆိုသည်။ 

အရပ်သားအစိုးရလက်ထက်တွင် ခေတ်မီရထားတွဲဆိုင်းများဝယ်ယူရေး စီမံကိန်းနှစ်ခုရှိခဲ့သည်။​

ပထမစီမံကိန်းမှာ ဂျပန်ကုန်သွယ်ရေးလုပ်ငန်းစု မာရူဘီနီ (Marubeni)၊ ရထားတွဲများထုတ်လုပ်သည့် နီးဂါတာထရန်စစ် (Niigata Transys) တို့နှင့် မြန်မာ့မီးရထားတို့အကြား ၂၀၁၈ တွင် ချုပ်ဆိုခဲ့သည့် အမေရိကန်ဒေါ်လာ ၆၄ သန်း တန်ဖိုးရှိ ရထားတွဲသစ် ၂၄ တွဲ ဝယ်ယူရေးဖြစ်သည်။

ဒုတိယစီမံကိန်းမှာ ဂျပန် မစ်ဆူဘီရှီကော်ပိုရေးရှင်း (Mitsubishi Corporation) ထံမှ ရထားတွဲသစ် ၂၄၆ တွဲ ဝယ်ယူရေးဖြစ်ကာ အာဏာမသိမ်းမီ လပိုင်းအလို ၂၀၂၀ ဒီဇင်ဘာလအတွင်း သဘောတူခဲ့ခြင်းဖြစ်သည်။

မစ်ဆူဘီရှီထံမှ ဝယ်ယူမည့် ရထားတွဲများအနက် ၆၆ စီးသည် ရန်ကုန်မြို့ပတ်ရထားလိုင်းအတွက်ဖြစ်ပြီး ကျန် ၁၈၀ စီးကို ရန်ကုန်-မန္တလေးရထားလမ်းပိုင်းတွင် အသုံးပြုရန်ဖြစ်သည်။ ရထားတွဲအားလုံး၏တန်ကြေးမှာ ဂျပန်ယန်းငွေ ၆၉ ဘီလျံရှိသည်။

ယခုရောက်ရှိလာသော မီးရထားတွဲဆိုင်းများသည် မစ်ဆူဘီရှိထံမှ ဝယ်ယူထားသည့် တွဲဆိုင်းများဖြစ်ကြောင်း၊ အရပ်သားအစိုးရလက်ထက်တွင် ဝယ်ယူခဲ့သော်လည်း အာဏာသိမ်းစစ်ကောင်စီက ၎င်းတို့ဝယ်ယူထားသလို ဝါဒဖြန့်နေခြင်း ဖြစ်ကြောင်း CDM မီးရထားဝန်ထမ်းက ပြောသည်။

စစ်တပ်အာဏာသိမ်းမှုကြောင့် မီးရထားဌာနမှ ဝန်ထမ်းအများအပြား CDM တွင် ပါဝင်ထားခြင်းကြောင့် ထိုခေတ်မီရထားများကို ပြေးဆွဲနိုင်ရန် ကြန့်ကြာနိုင်ကြောင်း၊ ယခင်ရောက်ရှိပြီးသာ ရထားတွဲများကိုပင် ပွဲထုတ်လာခြင်း မရှိကြောင်းလည်း ၎င်းက ဆိုသည်။

“ပညာရှင်တွေ CDM လုပ်တဲ့သူတွေ များနေတဲ့အတွက် ထိထိရောက်ရောက်မဖြစ်မှာပဲ စိုးရိမ်တယ်။ သူတို့ (စစ်ကောင်စီ) ကတော့ ပြည်သူကို ဝန်ဆောင်မှုပေးချင်တယ်ဆိုတာထက် စည်ပင်သာယာဝပြောနေတယ်ဆိုတဲ့ ပုံရိပ် ဖမ်းချင်တာပေါ့။ အေးချမ်းပြီး ရွေးကောက်ပွဲလုပ်မယ်။ သူတို့ရဲ့ Target (ဦးတည်ချက်) က ဒီကိုပဲ သွားနေတာ” ဟု CDM ဝန်ထမ်းက ဝေဖန်သည်။

ရထားတွဲများပို့ပေးမည့် အခြေအနေနှင့်ပတ်သက်၍ မစ်ဆူဘီရှီကုမ္ပဏီကို ၂၀၂၃ အောက်တိုဘာလအတွင်း Myanmar Now က အီးမေးဖြင့် ဆက်သွယ်မေးမြန်းရာ၌ ဖြေဆိုရန် ငြင်းခဲ့သည်။

“လျှို့ဝှက်ထားရမယ့် စာချုပ်ပါ တာဝန်တွေဖြစ်နေတာကြောင့် မေးမြန်းမှုကို ဖြေကြားဖို့ မဖြစ်နိုင်ပါဘူး။ နောက်ပြီး မြန်မာ့မီးရထားရဲ့ ခွင့်ပြုချက်မရှိဘဲ ဒီလိုသတင်းအချက်လက်တွေကို ဖြေဆိုလို့ မရပါဘူး” ဟု မစ်ဆူဘီရှီကုမ္ပဏီက အကြောင်းပြန်ခဲ့သည်။

အလားတူ မာရူဘီနီကုမ္ပဏီသည်လည်း Myanmar Now ၏ ဆက်သွယ်မေးမြန်းမှု တုံ့ပြန်ခဲ့ခြင်းမရှိပေ။

အာဏာမသိမ်းခင် ငါးလခန့်အလို ၂၀၂၀ စက်တင်ဘာတွင် ပထမဆုံးအသုတ်အနေဖြင့် ဂျပန်မှ ပို့လိုက်သည့် ရထားတွဲသစ် ၆ စီး ရန်ကုန်ဆိပ်ကမ်းသို့ ရောက်လာခဲ့သည်။ သဘောတူညီချက်များအရ မာရူဘီနီနှင့် နီးဂါတာထရန်စစ်ကုမ္ပဏီတို့ထံမှ ဝယ်ယူထားသည့် ကျန်ရထားတွဲ ၁၈ စီးသည်လည်း ၂၀၂၁ ဧပြီလမကုန်မီ ရောက်ရမည်ဖြစ်သော်လည်း ယနေ့တိုင် ရောက်မလာသေးပေ။

ဂျပန်နိုင်ငံ၏ မြန်မာ့ရထားလမ်း အဆင့်မြှင့်တင်ရေးစီမံကိန်းများက စစ်ကောင်စီကျူးလွန်နေသည့် ရာဇဝတ်မှုများကို အားပေးကူညီနိုင်သည်ဟူသော အန္တရာယ်ကြောင့် ဖက်ဒရယ်ဒီမိုကရေစီ ကူးပြောင်းသည့်ကာလအထိ ဖွံ့ဖြိုးရေးအကူအညီများကို ရပ်ဆိုင်းထားရန် Justice For Myanmar အဖွဲ့က လွန်ခဲ့သည့် နှစ်အတွင်း ဂျပန်အစိုးရကို တောင်းဆိုခဲ့သည်။

အာဏာသိမ်းစစ်ကောင်စီသည် ဂျပန်က ထောက်ပံ့ထားသည့် အရပ်ဘက်သုံးယာဉ်များကို လက်နက်ကိုင် စစ်သားများ သယ်ယူခြင်းကဲ့သို့သော စစ်ရေးအတွက် အသုံးပြုခဲ့သည်များလည်း ရှိခဲ့သည်။

ဂျပန်အစိုးရက ရခိုင်ပြည်နယ်တွင် အသုံးပြုရန်အတွက် ၂၀၁၇ နှင့် ၂၀၁၉ အတွင်း လှူဒါန်းထားသည့် အရပ်ဘက်သုံး ရေယာဉ်သုံးစီးအနက် နှစ်စီးကို စစ်ကောင်စီက စစ်သားများသယ်ယူပို့ဆောင်ရာတွင် အသုံးပြုခဲ့သည်။ အရပ်ဘက်သုံးရေယာဉ်ကို အသုံးပြုခဲ့သည့် ထိုလုပ်ရပ်အတွက် ဂျပန်အစိုးရကလည်း စစ်ကောင်စီကို ကန့်ကွက်ခဲ့သည်။

ဝေဖန်ကန့်ကွက်မှုများနှင့် ရင်ဆိုင်ခဲ့ရအပြီး အာဏာသိမ်းလိုက်သည့်အတွက် ဂျပန်အစိုးရက မြန်မာဘက်သို့ ပေးရန် သဘောတူထားသည့် မီးရထားလမ်းများအတွက် တရားဝင်ဖွံ့ဖြိုးရေးချေးငွေ (ODA) ကို ရုပ်သိမ်းလိုက်သည်ဟု ဂျပန်သတင်းဌာန The Asahi Shimbun က ၂၀၂၃ မေလအတွင်း ရေးသားသည်။

သို့သော် မီးရထားတွဲများ ချေးငွေဖြင့် ရောင်းချခြင်း၊ မီးရထားလမ်းများ အဆင့်မြှင့်ခြင်းတို့အနက် မည်သည့်အစီအစဉ်ကို ဂျပန်က ရုပ်သိမ်းခြင်းဖြစ်ကြောင်း ရှင်းရှင်းလင်းလင်း မသိရသေးပေ။

ODA ချေးငွေဖြင့် မီးရထားလမ်းများ အဆင့်မြှင့်သည့် စီမံကိန်းသည် အာဏာသိမ်းပြီးနောက် ဆက်လက်လည်ပတ်နေသည်ဟု စစ်ကောင်စီလက်အောက် မြန်မာ့မီးရထားမှ ဦးဆောင်ညွှန်ကြားရေးမှူး သူရဦးအောင်မျိုးမြင့်က ပြီးခဲ့သည့်နှစ် စက်တင်ဘာလအတွင်း ပြောဆိုထားသည်။

အမေရိကန်ဒေါ်လာ၂,၅၈၄ သန်း တန်ကြေးရှိ ထိုရထားလမ်းအဆင့်မြှင့်သည့် စီမံကိန်းအတွက် ဂျပန်ချေးငွေ ၂၁၁၅ သန်းကျော်နှင့် မြန်မာဘက်က စိုက်ထုတ်ငွေ ၄၆၈ သန်းကျော်ရှိမည် ဖြစ်သည်။

Show More

Related Articles

Back to top button