၂၀၁၆ ခုနှစ်ကဖြစ်ပွားခဲ့သည့် မင်္ဂလာဒုံလေးလောင်းပြိုင်လူသတ်မှုတွင် ဒုရဲအုပ်ဟောင်းဖြစ်သူ ကိုစိုးနောင်သည် မိသားစုဝင်များနှင့် သူ့ကိုယ်သူသတ်သေခဲ့သည်ဟု ရဲတပ်ဖွဲ့က ထုတ်ပြန်ခဲ့သည်။ ရဲတပ်ဖွဲ့ထုတ်ပြန်ချက်သည် အမှန်တကယ်ပေါ်ပေါက်ခဲ့သော အကြောင်းရင်းများနှင့် မည်သို့မည်ပုံ သွေဖွယ်နေကြောင်းကို မကြာသေးမီတွင် Myanmar Now က ဆောင်းပါးရှည်ရေးသားခဲ့သည်။
ရဲတပ်ဖွဲ့ထုတ်ပြန်ချက်တွင် အခင်းဖြစ်ပွားရာအိမ်၌ စုန်းကဝေစာအုပ်များ တွေ့ရှိခဲ့ခြင်းနှင့် ကိုစိုးနောင်သည် ဒဿနိက ဘာသာရပ်ဖြင့် ဘွဲ့ရသူတစ်ဦးဖြစ်သည်ဆိုသော အချက်လည်း ပါဝင်ခဲ့သည်။ ထိုအချက်အပါအဝင် အခြားသော အခြေအနေများကြောင့် ကိုစိုးနောင်သည် စိတ်ကစဉ့်ကလျားဖြစ်ကာ သတ်ဖြတ်မှုများ ကျူးလွန်ခဲ့သည်ဟု ရဲတပ်ဖွဲ့က ဖော်ညွှန်းခဲ့သည်။
ရဲတပ်ဖွဲ့ထုတ်ပြန်ချက်တွင် ဖော်ပြထားသည့် စုန်းကဝေစာအုပ် ၁၈ အုပ်အနက် ၁၅ အုပ်သည် ‘တာတေ’ ကလောင်အမည်ဖြင့် ရေးသားသော စာအုပ်များဖြစ်သည်။ ‘သင်္ချိုင်းသုသာန်တို့ရဲ့ အရှင်သခင်မ’ ဟု စာရေးဆရာက တင်စားထားသည့် စာအုပ်များဖြစ်ပြီး ကျေးလက်ဒေသများအကြောင်း နောက်ခံတ္ထုတိုများဖြစ်သည်။
အဆိုပါစာအုပ်အများစုသည် အစိမ်းသေ (သို့) နာမကျန်းမဖြစ်ဘဲ သေဆုံးသွားသူများက သရဲဖြစ်သွားပြီး ကျေးရွာလူထုကို ဒုက္ခပေးပုံ၊ မဖဲဝါကို ပင့်ဖိတ်၍ နှိမ်နင်းရပုံ၊ သင်္ချိုင်းကုန်းထဲ ငှက်ပစ်သွားသည့် ကလေးငယ်များကို သရဲတစ္ဆေများဘေးရန်မှ မဖဲဝါက ကာကွယ်ပေးလိုက်ပုံ၊ ယောက္ခမဖြစ်သူကို မလေးမစားဆက်ဆံကာ အခေါင်းတလားတစ်လုံး လက်ဆောင်ပို့လိုက်သည့် သမက်ဖြစ်သူမှာ သေခြင်းဆိုးဖြင့် သေသွားပုံ၊ ယာဉ်တိုက်မှုကြောင့် သေဆုံးသူများထံမှ ရွှေငွေများ ဖြုတ်ယူသွားခဲ့သူကို သေဆုံးသူများက သရဲဘဝဖြင့် လိုက်လံကလဲ့စားချေပုံများအကြောင်း ဝတ္ထုတိုများအဖြစ် ရေးသားထားသည့် စာအုပ်များဖြစ်သည်။
ကိုစိုးနောင်သည် ထိုသို့သော စာအုပ်များကို သူကိုယ်တိုင်လည်း မဖတ်သလို မိသားစုဝင်တစ်ဦးဦးဖတ်လျှင်လည်း မကြိုက်ကြောင်း ကိုစိုးနောင်၏ယောက္ခမဖြစ်သူ ဒေါ်ရီရီနွဲ့က ပြောသည်။
“မှော်စာအုပ်တွေကို ဖတ်ကိုမဖတ်တာ။ ဘောလုံးစာစောင်တွေဖတ်တယ်။ သူတို့သားအဖတွေ ဘောလုံးပွဲကြည့်တယ်။ အန်တီပဲ တိတ်တိတ်လေးဖတ်တာ။ ဖတ်ပြီးရင် ဖွက်ထားတာ။ သူတို့ ဘယ်လိုရှာတာလဲတော့ မသိဘူး” ဟု ဒေါ်ရီရီနွှဲ့က ပြောသည်။
သမက်ဖြစ်သူ ကိုစိုးနောင်မှာ မှော်နှင့် စုန်းကဝေစာအုပ်များ မဖတ်သည့်အပြင် အဆိုပါစာအုပ်များကြောင့် စိတ် မတည်မငြိမ်ဖြစ်နေသည်ဟု ရဲတပ်ဖွဲ့က ထုတ်ပြန်ထားခြင်းမှာ လက်ခံနိုင်စရာမရှိကြောင်းလည်း ဒေါ်ရီရီနွှဲ့က ဆိုသည်။
“အန်တီဖတ်တာ။ အန်တီက ဝယ်တယ်။ လမ်းကြုံလည်း ဝယ်တယ်။ တစ်လတစ်အုပ်ဝယ်တယ်။ အိမ်မှာ အများကြီးပဲ။ ဒါပေမယ့် ဝှက်ဝှက်ထားတာ။ စိုးနောင်က လုံးဝ မဖတ်ဘူး။ မင်္ဂလာဒုံဈေးသွားရင် 7 Day တို့၊ ဘောလုံးဂျာနယ်တို့ သူ့အတွက် ဝယ်ပေးရတယ်။”
“မှော်၊ ကဝေစာအုပ်တွေကို အန်တီဖတ်လို့ရှိရင်တောင် မကြိုက်ဘူး။ ဝှက်ဝှက်ထားရတာ။ အိမ်မှာဆိုရင် ကလေးတွေ ဖတ်မှာကြောက်လို့ ဝှက်ထားရတာ။ စိုးနောင် ဘယ်လိုမှ မဖြစ်နိုင်ဘူး” ဟု ရဲတပ်ဖွဲ့ထုတ်ပြန်ချက်ကို ဒေါ်ရီရီနွှဲ့က ငြင်းချက်ထုတ်သည်။
ဒေါ်ရီရီနွှဲ့ဈေးမသွားနိုင်သည့်အခါ သမီးဖြစ်သူ မချယ်ရီပွင့်ကို မဖဲဝါစာအုပ်များ ဝယ်ခဲ့ပေးရန် မှာလိုက်ရသည်။ စာအုပ်များဝယ်လာပေးသော်လည်း ‘ဘယ်လိုစာအုပ်တွေဖတ်နေတာလဲ’ဟု မချယ်ရီပွင့်က မေးခွန်းထုတ်လေ့ရှိသည်ဟု ဆိုသည်။
ထိုသို့ဆိုတိုင်း ဒေါ်ရီရီနွဲ့က “ဟဲ့ ငါက ကြိုက်တာကို” ဟု ပြန်ဖြေလေ့ရှိသည်။
သမက်၊ သမီးနှင့် မြေးနှစ်ယောက်သေဆုံးခဲ့သည့်တိုင် ဒေါ်ရီရီနွဲ့တစ်ယောက် အခင်းဖြစ်ပွားရာအိမ်သို့ တစ်လလျှင် အနည်းဆုံးတစ်ခေါက်မှ နှစ်ခေါက်အထိ သွားရောက်နေထိုင်လေ့ရှိသည်။ အိမ်သို့ရောက်တိုင်းလည်း မြေးနှစ်ယောက်က သူတို့ကိုသတ်သွားသူကို အသိပေးလာမည်လား အောက်မေ့ကာ ည ၁ နာရီ၊ ၂ နာရီအထိ စောင့်ဆိုင်းနေတတ်သည်။ အိမ်ထဲရှိ တောက်တဲ့မြည်သံ၊ အိမ်မြှောင်စုတ်ထိုးသံကြားတိုင်းလည်း မြေးဖြစ်သူများ ကိုယ်ထင်ပြသလားဟု တွေးတောကာ ဒေါ်ရီရီနွဲ့တစ်ယောက် ဂရုတစိုက်နားထောင်တတ်သည်။
သေဆုံးသူမိသားစု၏ မိခင်ဖြစ်သူ ဒေါ်ရီရီနွဲ့ကို Myanmar Now တွေ့ဆုံမေးမြန်းထားသည်များမှ ကောက်နုတ်ချက်
မေး။ ။ ရဲအရာရှိဟောင်း ကိုစိုးနိုင်ဟာ သူ့ကိုယ်သူလည်း သတ်သေတယ်။ အန်တီ့သမီးနဲ့ မြေးနှစ်ယောက်ကိုလည်း သတ်ခဲ့တယ်။ ဒါတွေအကုန်လုံးဟာ အိမ်ထောင်ရေးပြဿနာကြောင့်လို့ ထုတ်ပြန်ခဲ့တယ်။ အဲဒီထုတ်ပြန်ချက်အပေါ် အန်တီအနေနဲ့ ဘယ်လိုသဘောရလဲ။
ဖြေ။ ။ သူတို့က ဒီအချိန်မှာ ရန်မဖြစ်ပါဘူး။ (အင်းစိန်)အောင်ဆန်းမှာတော့ဖြစ်တယ်။ ခြံတွေ ဘာတွေရောင်းပြီးတော့ စီးပွားရေးတွေလုပ်ကြတယ်။ အဆင်ပြေတယ်။ အိမ်တွေခြံတွေ အရောင်းဝယ်လုပ်တယ်။ ကျောက်လုပ်တယ်။ မိသားစုလေးက ပျော်ရွှင်နေတာပဲလေ။ ရန်ကို မဖြစ်တာ။
မေး။ ။ မိသားစုက ငွေရေးကြေးရေးပြဿနာတွေရှိတယ်။ အဲဒါကြောင့် စိတ်ဆင်းရဲပြီးတော့ မှားလုပ်မိတယ်ဆိုပြီးတော့လည်း ထုတ်ပြန်ထားတယ်။
ဖြေ။ ။ သားရယ်… ဒီလောက်ပိုက်ဆံနဲ့တော့ ဘယ်သူက လုပ်မှာလဲ။ သူတို့ကိုယ်သူတို့ ဘယ်အဆုံးရှုံးခံမှာလဲ။ ကလေးတွေဆိုလည်း သူချစ်နေတဲ့ဟာကို။ သူကိုယ်တိုင် ကျောင်းပို့တယ်။ ကြိုတယ်။ ကျုရှင်ပို့တယ်။ ဆရာမတွေ မေးကြည့်။ မဖြစ်နိုင်ပါဘူး။
မေး။ ။ ကိုစိုးနောင်ဟာ ကိုယ့်ကိုယ်ကိုသတ်သေတာမဟုတ်ဘူးလို့ အန်တီက ဘာလို့ထင်တာလဲ။
ဖြေ။ ။ ထင်တယ်ဆိုတာ သူ့မိသားစုက မနက်ဆိုရင် ကလေးကို ကျောင်းသွားပို့တယ်။ ရေချိုးပေးတယ်။ အန်တီက အဝတ်တွေသုတ်ပေး။ အန်တီက သနပ်ခါးသွေးပေး။ သူက လိမ်းပေးတာ။ သူ့သားလေးကို အဲဒီလောက်ချစ်တာ။ ဓာတ်ပုံဆိုရင်လည်း ကလေးကိုလည်း ဖင်ပြောင်ပုံလေးတွေရိုက်တယ်။
မေး။ ။ ကိုစိုးနောင်က ဘယ်သန်လား။ ညာသန်လား။
ဖြေ။ ။ သူက ညာသန်။ ဘာဖြစ်လို့လည်းဆိုတော့ သူ့သားကို ချီတာလည်း ညာနဲ့။ ဘာပဲလုပ်လုပ် ညာသန်ပဲ။ ဒါဆိုရင် သူကျောင်းသားဘဝကပုံ။ လွယ်အိတ်လည်း အမြဲတမ်းညာဘက်ပဲ။ ဘယ်သန်မှမဟုတ်တာ။ သူ ကျောင်းသားဘဝကတည်းက ရဲတပ်သားဘဝအထိ သူ့မိန်းမကို အိမ်မှာပဲ မင်္ဂလာဆောင်တယ်။ အိမ်မှာပဲနေတယ်။ ဘာပဲလုပ်လုပ် ညာဘက်နဲ့ပဲလုပ်တာ။ ဘယ်နဲ့ကိုင်တာ တစ်ခါမှာ မတွေ့ဖူးဘူး။ ရဲတပ်ဖွဲ့က ထုတ်ပြန်တာ မဖြစ်နိုင်ဘူး။
မေး။ ။ ရဲတပ်ဖွဲ့က ကိုစိုးနောင်လက်ဝဲဘက်မှာ ဓားတွေ့တယ်။ ဘယ်သန်လည်းဖြစ်တယ်။ ဘယ်ဘက်လက်မှာ သွေးကြည်ဥတွေ တွေ့တယ်။ အဲဒါကြောင့် ကျိန်းသေပေါက် ဒီဓားကို အသုံးပြုပြီးတော့ သတ်ခဲ့တယ်ဆိုတဲ့ ပုံစံမျိုးနဲ့ ထုတ်ပြန်ထားတယ်။
ဖြေ။ ။ မဖြစ်နိုင်ဘူး။ အန်တီက ဘုရားနဲ့ကျမ်းကျိန်ရဲတယ်။ ဘာလို့လည်းဆိုတော့ ပထမနေ့က မြက်ပင်တွေ ရှင်းတယ်။ ပေါက်တူးတွေနဲ့ပေါက်တယ်။ ပေါက်တူးတွေနဲ့ ပေါက်တော့ ဟဲ့ နေပူတယ် ပြန်လာခဲ့တော့လို့ သွားခေါ်ရတာ။ သွားခေါ်တော့ အန်တီရယ် ဒီမှာ ကြည့်ပါဦး။ လက်တွေလည်း ရဲနေတာပဲ။ နင်က လက်ကနုတာကိုး ဆိုပြီး ပြောင်အောင်ဆေးပြီး ဆေးတွေလည်း လူးပေးလိုက်တယ်။ အန်တီကိုယ်တိုင် ပတ်တီးစီးပေးလိုက်တာ။ ဘယ်သန်ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူး။ ပေါက်တူးပေါက်တော့ ရှမှာပေါ့။ ဓားကိုင်တာ ညာဘက်ကပဲလေ။ အိမ်ရှေ့က မြက်တွေက အရမ်းရှည်တာ။
မေး။ ။ ရဲတပ်ဖွဲ့က ဘယ်လိုရည်ရွယ်ချက်နဲ့ ဘယ်သန်ဆိုပြီး ထုတ်လိုက်တာလို့ထင်လဲ။
ဖြေ။ ။ လူသတ်မှုဆိုတာက သူ့ကိုသတ်ပြီး ဓားကို ဘေးမှာ ထားချင်လည်း ထားမှာပဲ။ ကလေးလေးသေနေတာတောင်မှ ညာဘက်အခြမ်းမှာ ညာနဲ့ပဲ ထိုးထားတာ။ နှစ်ယောက်လုံးက အောင်ဆန်းမှာတုန်းကတော့ ရန်ဖြစ်တယ် ။ ဒါကတော့ လင်မယားဆိုတော့ ဖြစ်မှာပဲ။ ကိုယ်တွေတောင် ဖြစ်လို့ ကွဲကြသေးတာပဲ။ ဒီကောင်လေးက လိမ္မာတယ်။ ပြန်လာလို့ရှိရင် သူ့မိန်းမ၊ ကလေးတွေ အကုန်လုံးပဲ နမ်းပြီးမှ အိပ်တာ။
မေး။ ။ အခုချိန်အထိ ရဲတပ်ဖွဲ့ရဲ့ထုတ်ပြန်ချက်က အန်တီအတွက် အဖြေမဟုတ်သေးဘူးပေါ့။
ဖြေ။ ။ မဟုတ်ဘူး။ အဖြေမဟုတ်ဘူး။ စိုးနောင်က လုပ်မှမလုပ်တာ။ လူတစ်ယောက်ကို တစ်ချက်ပဲထိုးကြည့်လိုက်။ သူ ဘယ်လိုလုပ် လုပ်နိုင်မှာလဲ။ လေးချက်တောင်လေ။ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ ဒါ သူများလုပ်လို့ပေါ့။ တစ်ချက်တောင်မှ သူမနည်းထိုးရမှာ။ ဘယ်လိုလုပ် ထပ်ထိုးနိုင်မှာလဲ။
မေး။ ။ ကိုစိုးနောင်ရဲ့အကို ဆရာတော်ဦးဝိစာရကို မေးကြည့်တဲ့အခါကျတော့ အခင်းမဖြစ်ခင် ရက်ပိုင်းအလိုမှာ ကိုစိုးနောင်က ဖုန်းဆက်ပြီး ပြောတယ်။ ဒီမှာ နေလို့ သိပ်မကောင်းတော့ဘူး။ အန္တရာယ်ကျရောက်တော့မယ့် ပုံစံမျိုးဖြစ်နေပြီ။ မဒေါက်ကို ပြန်ချင်တယ်။ ဒါပေမယ့် ကလေးတွေရဲ့ ပညာရေးကိုလည်း သူစိုးရိမ်တယ်။ ဆိုတဲ့အခါကျတော့ ကိုစိုးနောင်မှာ ဘယ်လိုအခက်အခဲတွေရှိလဲ။
ဖြေ။ ။ အကြွေးတစ်ခုကို ပေးစရာရှိတယ်။ ကိုယ်က ရစရာရှိတာလည်း တောင်းမရဘူး။ ပေးစရာရှိတာက ၂၀ ကျော် (ကျပ်သိန်း) အဲဒီလောက်ပိုက်ဆံက ဘာမှ မဟုတ်ဘူး။ မအေကို ပြောရင်တောင်မှ နင်ဟယ်.. ဘာလို့ ပြောင်းမှာတုန်း။ အဲဒီပိုက်ဆံကို ငါပေးမှာပေါ့လို့ အဲဒီနေ့ကတောင်မှ ပြောလိုက်သေးတယ်။ စိုးနောင်ရဲ့အကို လာတယ်။ ဆွမ်းကပ်တယ်။ ကျွန်တော်က မဒေါက်ကို ပြန်မှာတဲ့။ ဟယ်.. အမေလည်း လိုက်မှာပေါ့လို့။ အမေက ဒီမှာ ပစ္စည်းတွေရောင်းပြီး ပြန်လာမယ်လေလို့ဆိုတော့ ကောင်းတယ်၊ ကောင်းတယ်တဲ့။ ဘုန်းဘုန်းကလည်း ပြန်မယ်ဆိုလို့ ပြန်သွားတယ်။ အဲဒီနေ့ပဲ ဖြစ်တာ။
မေး။ ။ ဒီကနေ ပြန်ရလောက်အောင် စိုးရိမ်သောကတွေဖြစ်နေတာဆိုတော့ ဘယ်လိုပြဿနာ ရင်ဆိုင်နေရလို့လဲ။
ဖြေ။ ။ အန္တရာယ်တွေများနေတယ်လေ။ အလုပ်လျှောက်ရင်လည်း ဥက္ကဋ္ဌက လျှောက်လွှာမပေးဘူး။ အဲဒါလည်း အိမ်မှာပြောတယ်။
မေး။ ။ ရဲထဲကနေ ထွက်လိုက်ရတာ ပြဿနာတွေရှိလို့လား။
ဖြေ။ ။ ရှိလို့နေမယ်။ ဘာလို့လည်းဆိုတော့ လက်မှတ်အတင်းထိုးခိုင်းတာတို့ ရှိတယ်။ အိမ်က သမီးက မထိုးဘူးဟယ် … လုပ်တယ်။ ဘယ်လိုလုပ်လဲတော့ မသိဘူး။ ဘာတွေဖြစ်နေတာလဲဆိုတာ ကိုယ့်ကိုလည်း မပြောဘူး။ ပြောရင်လည်း တားတယ်လေ။ ဘာလို့လုပ်လဲဆိုတော့ သူ တော်တော်ကို စိတ်ညစ်နေတာ။ ထွက်မယ်ဆိုတာချည်းပဲ။ ဒါ အန္တရာယ်တစ်ခုခုကျရောက်နေလို့ပေါ့။ နောက် ဒီလိုအချိန်ဆိုရင် သူပင်စင်ရမှာလေ။ ပင်စင်လည်း မရဘူး။ သေတဲ့ ဘဝကို ရောက်သွားတာ။
မေး။ ။ ဘယ်လောက်လောက်အထိ ရဲတပ်ဖွဲ့မှာ တာဝန်ထမ်းဆောင်ခဲ့ပြီးတော့ ဘယ်လိုထွက်သွားရလဲ။
ဖြေ။ ။ မူးယစ်တွေ ဘာတွေဖမ်းဆိုတော့ သူက လူမှန်ကြီးလေ။ သူက ဖမ်းမှာ။ ဟိုက လွှတ်လိုက်တော့ သူလည်း စိတ်တိုပြီးတော့ ထွက်မှာပေါ့။ ဒါကြောင့်မို့လည်း ထွက်ခွင့်ပေးတာ။ အပြင်ရောက်တော့ သတ်တာပေါ့။
မေး။ ။ သူက ဘယ်ဌာနတွေမှာ တာဝန်ထမ်းဆောင်ခဲ့တာလဲ။
ဖြေ။ ။ ထန်းတပင်လားတစ်ခါ သင်တန်းဆင်းတယ်။ အဲဒါပြီးတော့ ရဲတပ်ရင်း ၈ ကို ပြောင်းလာတယ်။ အန်တီက ခြံတွေ၊ အိမ်တွေရောင်းတယ်။ နောက် ခြံတွေဝယ်၊ အိမ်တွေဆောက် သူတို့ကိုပဲပေး။ ကဲ ငါနားမယ်။ နင်တို့ အလုပ်လုပ်တော့လို့ ပြောတယ်။ အဲဒီမှာ အုတ်သဲကျောက်လုပ်တယ်။ ဘွားဘွား သား ကားဝယ်မယ်။ အေး…ဝယ်ဝယ်။ တော်တော်ကြာခြံဝယ်မယ်။ ဝယ်, ဝယ်ပေါ့။ ပိုက်ဆံကို ကိုင်ကိုမကြည့်တာ။ သူတို့ပဲ လုပ်နေတာ။ ပိုက်ဆံတွေက ဘယ်လိုဖြစ်လဲတော့ မသိဘူး။ အလိမ်ခံရတာတွေလည်းပါတယ်။ ပိုက်ဆံလေး ၂၀ ကျော်ကို ပြဿနာရှာတာတွေလည်း ပါတာပေါ့။ အမေရေ့ အဲဒီမိန်းမကြီးလေ စုန်းမကြီးကျနေတာပဲ။ ဘာညာနဲ့။ နင်တို့ ဘယ်လောက်ပေးရမလဲဆိုတော့ ပြောပြတယ်။ အေး အမေပေးမယ်။ ဒါမှမဟုတ် တစ်ခုခုပဲ ပြန်ရောင်း။ ဆိုင်ခန်းတွေပဲ ရောင်း။ ခြံတွေလည်း ဝယ်ထားတာပဲ။ ဒါမှမဟုတ် ဆိုင်ခန်းကို ပေးလိုက်။ ပြဿနာတော့ အဖြစ်မခံနဲ့လို့ ပြောလိုက်တယ်။ အဲဒီရက်ပဲ ပြောတာ။ အဲဒီရက်ထဲမှာပဲ ဖြစ်တာ။
မေး။ ။ ကလေးတွေနဲ့ ဖအေနဲ့ ဆက်ဆံရေးအခြေအနေကရော ဘယ်လိုရှိလဲ။
ဖြေ။ ။ သူ့သားတွေကို အရမ်းချစ်တာ။ သူ့သားလေးရေချိုးခန်းကထွက်ရင် ဖင်ပြောင်ကြီး။ ဓာတ်ပုံတောင် ရိုက်ထားတယ်။ ရိုက်ပြီးရင် ချက်ချင်း ဓာတ်ပုံဆိုင်မှာ သွားကူးတာ။ ပြီးရင် သားလေး…ဒီမှာ ကြည့်စမ်း ဖင်ပြောင်ကြီးဆိုပြီး စတာ။ သူ့သားလေးကို အရမ်းချစ်တာ။ ဒီကိုရောက်လာကတည်းက ရန်ဖြစ်တာ လုံးဝမကြားဖူးဘူး။ အငယ်လေးက သူ့အဖေနဲ့ ခွဲလို့ကို မရဘူး။
မေး။ ။ အခု ကိုစိုးနောင်တို့သေဆုံးသွားတာ လေးနှစ်ပြည့်ပြီပေါ့။ အခုအနေအထားမှာရော ဘာများပြောချင်လဲ။
ဖြေ။ ။ အမှုမှန်ပေါ်ပေါက်ရေးကို တွေးမိလိုက်ရင်၊ အန်တီရင်ထဲမှာ ပြည့်ကျပ်ရင် ဒီကိုလာတယ်။ ကျိန်းသေအောင်လို့ CID ကို သုံးခါလောက်သွားတယ်။ သူတို့ရှောင်နေတာ။ တော်ကြာ..ဟိုအစည်းအဝေးသွားတယ်။ တော်ကြာ ဟိုဟာသွားတယ်။ ရဲမှူးနဲ့ ပေးမတွေ့ဘူး။
တကယ်လို့ အမှုမှန်ဖော်မယ်ဆိုရင် ဟိုသုံးယောက် (အခင်းမဖြစ်ပွားမီတွင် အိမ်အနီးအနားလာရောက်ချောင်းမြောင်းခဲ့သည့် သူစိမ်းသုံးဦး) ကို ပြလို့ အန်တီပြောသေးတယ်။ မပြဘဲနဲ့ အဲဒီလိုထုတ်ပြန်လိုက်တော့ အန်တီက ဘယ်ရင်ထဲ ကောင်းမလဲ။ ကိုယ်မွေးထုတ်ထားတာလေ။
သူတို့တွေက အခုဆိုရင် ပညာတတ်တွေဖြစ်နေမှာလေ။ စာလည်းတော်တယ်။ လိမ်လည်းလိမ္မာတယ်။ စိုးနောင်ကလည်း အရမ်းဂရုစိုက်တယ်။ မအေကလည်း ဂရုစိုက်တယ်။ သူတို့ကလေးတွေလေ။ အန်တီက သူတို့ ပျော်ရွှင်နေရင် ပျော်နေတာ။ အန်တီအနေနဲ့ကတော့ ဖအေကနေ သားကိုသတ်တာ ဘယ်လိုမှ မဖြစ်နိုင်ဘူး။ သူတို့သားဖချင်း အရမ်းချစ်တာကို။ အမှုမှန်ပေါ်ပေါက်ရေးကို နေ့တိုင်း ဘုရားမှာ ဆုတောင်းတယ်။ သူတော်ကောင်းနဲ့တွေ့ပါစေလို့လည်း အမြဲတမ်းဆုတောင်းတယ်။
အမြဲတမ်း ဒီကိစ္စပဲ ရင်ဘတ်ထဲမှာတွေးနေရတာ။
ဆောင်းပါးအပြည့်အစုံဖတ်ရှုရန်- မေးခွန်းများစွာကျန်နေဆဲ မင်္ဂလာဒုံလေးလောင်းပြိုင်လူသတ်မှု