ရသေ့တောင်မြို့နယ်၊ ကျောက်တန်းနယ်မြေ၊ ကျောက်ရံသာစည်ရွာအတွင်းသို့ သြဂုတ် ၂၂ ည ၈ နာရီခွဲခန့်တွင် လက်နက်ကြီးကျည် နှစ်ကြိမ် ကျရောက်ပေါက်ကွဲမှုကြောင့် သုံးနှစ်အရွယ် ကလေးတစ်ဦးအပါအဝင် ရွာသား ငါးဦးထိခိုက်ဒဏ်ရာရရှိသွားကြောင်း သိရသည်။
ကျောက်ရံသာစည်ကျေးရွာနှင့် တစ်မိုင်ခွဲခန့်ဝေးသည့် မညင်းတောင်ကျေးရွာမှ ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့ခြင်းဖြစ်သည်ဟု ဒေသခံများဘက်က စွပ်စွဲထားပြီး ကျောက်ရံသာစည်ကျေးရွာမှ ဦးကျော်အေး(၄၆)နှစ်၊ ဒေါ်အေးသန်းနု(၄၃)နှစ်၊ မမြတ်လေးသူ(၃)နှစ်၊ ဦးထွန်းတင်(၃၅)နှစ်နှင့် မခင်လင်းဝေ(၁၆)နှစ်တို့ ထိခိုက်ဒဏ်ရာရခဲ့သည်။
တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ ကျရောက်ပေါက်ကွဲခဲ့ခြင်းဖြစ်ကာ ရွာအပြင်ဘက်တွင်လည်း လက်နက်ကြီးကျည်တစ်ချက် ကျရောက်ပေါက်ကွဲခဲ့ပြီး မညင်းတောင်ရွာအတွင်း တပ်မတော်စစ်ကြောင်းတစ်ခု နှစ်လကြာ တပ်စွဲထားကြောင်း အမည်မဖော်လိုသူ ဒေသခံတစ်ဦးက ပြောသည်။
လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲမှုကြောင့် ရွာသားအချို့ ဒဏ်ရာရရှိသွားပြီး ၎င်းတို့ကို သွားရောက်ခေါ်ဆောင်ရန် ဌာနဆိုင်ရာတာဝန်ရှိသူများကို ကိုယ်တိုင်အကြောင်းကြားခဲ့ကြောင်း ရသေ့တောင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စောဝေက ပြောသည်။
“ဒီနေ့မနက်က ကျွန်မကိုယ်တိုင် ဌာနဆိုင်ရာတွေကို အကြောင်းကြားလို့ လူနာတွေကို ရေပုတ်ကျေးရွာသို့ ထမ်းပိုးပြီးယူလာတယ်။ နောက်ပြီးတော့ လိုင်ဂွင်ကတစ်ဆင့် အခုရသေ့တောင်ကို ယူလာနေကြတယ်။ ဒဏ်ရာအခြေအနေကို ဆေးရုံရောက်မှသိရမယ်” ဟု ဒေါ်ခင်စောဝေက ပြောသည်။
ဒဏ်ရာပြင်းထန်သည့်လူနာများကို ရသေ့တောင်ပြည်သူ့ဆေးရုံသို့ ညတွင်းချင်းပို့ဆောင်ရန် အခက်အခဲ ရှိခဲ့ပြီး မညင်းတောင်၊ ထီးစွဲ၊ ဆောက်ခတ်နှင့် မယူမြစ်အတွင်းမှု လက်နက်ကြီးများဖြင့် ပစ်ခတ်နေသောကြောင့် ဖြစ်သည်ဟု ကျောက်ရံသာစည်ကျေးရွာမှ ဆရာတော်ဦးကုဝေရက မိန့်သည်။
“မညင်းတောင်ဘက်ကနေ ပစ်တာ။ မညင်းတောင်ဘက်မှာ စစ်တပ်ရှိတယ်။ ရွာထဲကိုကျကွဲတဲ့အချိန်မှာ လူ ငါးယောက်တော့ ဒဏ်ရာရသွားတယ်။ မိန်းမတစ်ယောက်ကတော့ ခေါင်းနောက်စေ့မှာ ထိသွားတဲ့အတွက် နည်းနည်းစိုးရိမ်ရတယ်။ ရသေ့တောင်ယူသွားဖို့ကလည်း လမ်းတွေကနေ ပစ်နေကြတယ်။ လောင်းလှေတွေသွားလို့တောင်မရဘူး။ ကူးတို့ကူးတောင် ပစ်တယ်သူတို့က(တပ်မတော်) ” ဟု ဆရာတော်က မိန့်ကြားသည်။
ဒဏ်ရာရရှိသူများကို ရသေ့တောင်မြို့ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ရန် ယနေ့ နံနက်ပိုင်းက သွားရောက်ခေါ်ဆောင်ခဲ့ကြောင်း ဘက္ကာနှင့်ညီအစ်ကိုများပရဟိတအသင်း ဥက္ကဋ္ဌ ကိုဘက္ကာက ပြောသည်။
“ မနေ့က သွားယူလို့မရတာက မိုးလည်းချုပ်သွားပြီဆိုတော့ နောက်တစ်ခုက အဲဒီနေရာတွေက သိတဲ့အတိုင်းပဲလေ။ လားဖို့လာဖို့က ခက်ခဲပါတယ်။ ဒဏ်ရာရသွားတဲ့ လူအားလုံးကို အခုသွားယူပြီး ပြန်လာနေကြပါပြီ” ဟု ကိုဘက္ကာက ပြောသည်။
ရသေ့တောင်မြို့ပေါ်နှင့် ၁၃ မိုင်ခန့်ဝေးသည့်ကျောက်ရံသာစည်ကျေးရွာတွင် အိမ်ခြေ ၁၆၀ ကျော် လူဦးရေ ၁,၀၀၀ခန့်ရှိသည်။
ကျေးရွာအနီး တစ်စုံတစ်ရာ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ကျေးရွာအတွင်းသို့ လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲမှုကြောင့် ဒဏ်ရာရရှိသူများလည်းရှိနေ၍ ကျေးရွာသားများမှာ စိုးရိမ်ကြောက်လန့်ပြီး နီးစပ်ရာကျေးရွာများသို့ ထွက်ပြေးနေကြသည်ဟု ဒေသခံများက ပြောသည်။
ကျောက်တန်းနယ်မြေတွင် တပ်မတော်က နယ်မြေရှင်းလင်းမည်ဟု ဇွန် ၂၅ က အမိန့်ထုတ်ပြန်ခဲ့သောကြောင့် ဒေသခံအများအပြား တိမ်းရှောင်ခဲ့ကြပြီး သုံးရက်အကြာတွင် ယင်းအမိန့်ကို ရုပ်သိမ်းခဲ့သည်။