၃ လအတွင်း နိုင်ငံအနောက်ပိုင်း မြို့နယ် ၆ မြို့နယ်ကို သိမ်းပိုက်ထားသည့် ရက္ခိုင့်တပ်တော် (AA) က စစ်တွေခရိုင်၊ ရသေ့တောင်မြို့ရှိ စစ်တပ်စခန်းများကို ယခုရက်အတွင်း စတင်ထိုးစစ်ဆင်တိုက်ခိုက်နေကြောင်း သိရသည်။
ချင်းပြည်နယ် ပလက်ဝ၊ ရခိုင်ပြည်နယ် ပေါက်တော၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံတို့ရှိ စစ်စခန်းအားလုံးကို သိမ်းပိုက်ထားသည်ဟု AA က သတင်းထုတ်ပြန်ထားသည်။
မြေပုံမြို့တွင်မူ စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ဝိုင်းရံပိတ်ဆို့ခံရသည်နှင့် ဖေဖော်ဝါရီ ၁၂ ရက်နေ့ နံနက်တွင် မြို့ကို စွန့်ခွာကာ တောင်ဘက် ကျောက်ဖြူမြို့ဘက်သို့ ဦးတည်သွားခဲ့ကြရာ AA က ထိုမြို့ကို အလုံးစုံထိန်းချုပ်လိုက်ခြင်းဖြစ်သည်ဟု ဒေသခံများက ဆိုသည်။
မြေပုံရှိ တပ်စခန်းများကို သိမ်းပိုက်ရယူနိုင်ခဲ့ပြီဟု AA က ယမန်နေ့ (ဖေဖော်ဝါရီ ၁၅) တွင် ထုတ်ပြန်ထားသည်။
ယခုအခါ ရခိုင်မြောက်ပိုင်း ရသေ့တောင်မြို့တွင် တိုက်ပွဲများ ဖြစ်ပွားနေပြီး စစ်ကောင်စီသည် လက်နက်ကြီး၊ ရေကြောင်း၊ လေကြောင်း ပူးပေါင်းပြီး အသည်းအသန် ခုခံကာကွယ်လျက်ရှိသည်ဟု AA ထုတ်ပြန်ချက်က ဆိုသည်။
ရသေ့တောင်မြို့ကို အရပ်လေးမျက်နှာဘက်က လက်နက်ကြီးဖြင့် ပစ်ခတ်နေသည်၊ လက်နက်ကြီးကျည်တချို့ ရပ်ကွက်ကျေးရွာများအနီးသို့ ကျရောက်ပေါက်ကွဲသည်ဟု အသက် ၄၀ အရွယ် အမျိုးသားတစ်ဦးက Myanmar Now ကို ပြောသည်။
“မနေ့ကတော့ လက်နက်ကြီးတွေနဲ့ တစ်ရက်လုံး ပစ်တယ်။ လေးဖက်လေးစီးက ပစ်နေသံ ကြားရတယ်။ လက်နက်ကြီးပစ်လို့ ရွာနားတွေ၊ ရေကန်တွေကို ကျတယ်” ဟု သူက ဆိုသည်။
စစ်ကောင်စီ ပြင်းပြင်းထန်ထန် ကာကွယ်မှု
AA သည် ကိုးကန့်တပ် (MNDAA)၊ တအာင်း/ပလောင်တပ် (TNLA) တို့နှင့်အတူ ၂၀၂၃ အောက်တိုဘာ ၂၇ မှ စတင်ကာ ရှမ်းပြည်မြောက်ပိုင်း တပ်စခန်းများကို တရစပ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အဆိုပါ ထိုးစစ်ကို “၁၀၂၇ စစ်ဆင်ရေး” ဟု ညီနောင် ၃ ဖွဲ့က အမည်ပေးခဲ့သည်။
စစ်ဆင်ရေး ရက်သတ္တနှစ်ပတ် ကျော်လာချိန်တွင် AA က ၎င်း၏ အဓိကနယ်မြေဖြစ်သည့် နိုင်ငံအနောက်ပိုင်းတွင် စတင်တိုက်ခိုက်ရာမှ ၁၀၂၇ စစ်ဆင်ရေးနယ်မြေ ပိုမို ကျယ်ပြန့်လာသည်။
နိုဝင်ဘာ ၁၃ တွင် ပေါ်ပေါက်လာသော ရခိုင်ဒေသတိုက်ပွဲများသည် ရသေ့တောင်မြို့နယ်မှ အစပြုခဲ့ပြီး ချိန်ခါလီနှင့် ဒုံးပိုက်နယ်ခြားစောင့်စခန်းကို AA က ကနဦးသိမ်းပိုက်ခဲ့သည်။
ထိုအချိန်တွင် ညီနောင် ၃ ဖွဲ့က ရှမ်းပြည်နယ်မြောက်ပိုင်းတွင် မြို့သိမ်းတိုက်ပွဲများ ဆင်နွှဲနေသဖြင့် ရခိုင်တွင် အလားတူ ဖြစ်ပေါ်လာနိုင်သည်ဟု ယူဆ၍ ဒေသခံအများအပြား မြို့ကို စွန့်ခွာသွားကြပြီ ဖြစ်သည်။
ပုဏ္ဏားကျွန်း မြောက်ဘက် ရသေ့တောင်မြို့တွင် ၂၀၁၉ စက်တင်ဘာအထိ ဌာနဆိုင်ရာစာရင်းများအရ မြို့ပေါ်တွင် လူ ၈၀၀၀ ကျော်နေထိုင်ကာ ရဟတ်ယာဉ်ကွင်း ၂ ကွင်းရှိသည်။
စစ်တွေ ရေချမ်းပြင်ဆိပ်ကမ်းမှ ရခိုင်မြောက်ပိုင်းသွားရာ အဓိကလမ်းကြောင်းဖြစ်သော အငူမော်ဆိပ်ကမ်းသည် ရသေ့တောင်တွင် တည်ရှိသည်။ ထိုမှတစ်ဆင့် ရခိုင်မြောက်ပိုင်း ဘူးသီးတောင်၊ မောင်တောမြို့နယ်များကို ကုန်းလမ်းခရီးဖြင့် သွားရောက်နိုင်သည်။
၂၀၂၃ မေလ ၁၄ ရက်နေ့က တိုက်ခတ်ခဲ့သော ဆိုင်ကလုန်းမုန်တိုင်း မိုခါကြောင့် ဆိုးဆိုးရွားရွား ထိခိုက်ခဲ့သော ဒေသများတွင် ရသေ့တောင်မြို့နယ်၊ မိုးစဲကျွန်းပေါ်ရှိ ကျေးရွာများ ပါဝင်ခဲ့သည်။
မိုးစဲကျွန်းပေါ်တွင် ရွာပေါင်း ၂၆ ရွာရှိသည့်အနက် ရွာအများအပြားရှိ သောက်သုံးရေကန်များအတွင်း ဆားငန်ရေ ဝင်ရောက်ခဲ့ရာ ဒေသခံ ၅၀၀၀ ကျော် သောက်သုံးရေအခက်အခဲဖြစ်ခဲ့သည်။
မိုးစဲကျွန်းပေါ်ရှိ ကျေးရွာများတွင် သောက်သုံးရေ ဆိုးဆိုးဝါးဝါး ပြတ်လပ်ခဲ့သဖြင့် AA ၏ အာရက္ခအရေးပေါ်ကူညီထောက်ပံ့ရေးနှင့် ပြန်လည်ထူထောင်ရေးကော်မတီက အကူညီပေးရေးများ လုပ်ဆောင်ခဲ့သည်။
ရသေ့တောင်မြို့နယ်၊ အနောက်တောင်ပိုင်း၊ အငူမော်-မောင်တောကားလမ်းမဘေးရှိ ကိုးတန်ကောက် နယ်ခြားစောင့်ရဲစခန်းကို ဖေဖော်ဝါရီ ၉ ရက်တွင် AA က အပြီးသတ်သိမ်းပိုက်နိုင်ခဲ့သည်။
စစ်ကောင်စီသည် ဖေဖော်ဝါရီ ၁၄ ရက်မှစ၍ ရသေ့တောင်မြို့ပတ်ဝန်းကျင်နှင့် ၎င်းအနီးအနားရှိ ကျေးရွာများသို့ လေကြောင်း၊ ရေကြောင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်လျက်ရှိသောကြောင့် ရသေ့တောင်မြို့သည် စစ်ကောင်စီ ဒုတိယပစ်မှတ်ထားသည့်မြို့ဖြစ်လာခဲ့သည် ဟု AA က ထုတ်ပြန်ထားသည်။ ပထမပစ်မှတ်ထားသည့် မြို့မှာ ရမ်းဗြဲမြို့ ဖြစ်သည်ဟု ဆိုသည်။
ရသေ့တောင်မြို့တွင် ဘူးသီးတောင်အခြေစိုက် အမှတ် (၁၅) ဒေသစစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ ၁၅) လက်အောက်ခံ ခြေမြန်တပ်ရင်းများဖြစ်သည့် ခမရ ၅၃၆၊ ၅၃၇၊ ၅၃၈ တို့ရှိပြီး မည်သည့်တပ်ရင်းကို စတင်တိုက်ခိုက်နေသည်ကို အသေးစိတ်မသိကြောင်း၊ ယနေ့ နံနက်ပိုင်းတွင် ပစ်ခတ်သံငြိမ်သက်နေကြောင်း အထက်ပါ ဒေသခံက ပြောသည်။
စစ်ကောင်စီသည် ရသေ့တောင်ဘက်သို့ အတွဲလိုက်ဒုံးများဖြင့် ဘူးသီးတောင်ဘက်မှလည်းကောင်း၊ စစ်တွေ အမြင့်ကျွန်း ပါဒလိတ်ဘက်မှ လက်နက်ကြီးများဖြင့်လည်းကောင်း၊ စစ်တွေမြို့ပတ်ဝန်းကျင်ရှိ သင်္ဘောများပေါ်မှလည်းကောင်း ပစ်ခတ်နေသည်ဟု AA က ဆိုထားသည်။
လက်ရှိတွင် AA သည် မောင်တောမြို့နယ်၊ ဗောဓိကုန်းကျေးရွာအနီး အမှတ် (၄) နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲ (နခခ -၄) လက်အောက်ခံ ဗောဓိကုန်းစခန်းကိုလည်း တိုက်ခိုက်နေသည်။ ထိုစခန်းကို ယမန်နေ့က ထိုးစစ်ဆင်နေပြီး စစ်ကောင်စီဘက်ကလည်း စခန်းမကျရေးအတွက် ကြည်း၊ ရေ၊ လေ ပူးပေါင်း၍ အပြင်းအထန်ခုခံလျက် ရှိသည်။
AA သည် မောင်တောမြို့နယ်၊ တောင်ပြိုလက်ဝဲ၊ တောင်ပြိုလက်ယာနယ်ခြားစခန်းများကို တိုက်ခိုက် သိမ်းပိုက်ထားပြီး ထိုစခန်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀၀ ကျော်မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ ထွက်ပြေးသွားကြသည်။
စစ်ရှုံး၍ ထွက်ပြေးလာသူများကို ယမန်နေ့က မြန်မာဘက်သို့ သင်္ဘောဖြင့် နှစ်သုတ်ခွဲကာ ပြန်လည်လွှဲပြောင်းပေးလိုက်ပြီဟု ဘင်္ဂလားဒေ့ရှ်သတင်းဌာနများက ဖော်ပြကြသည်။
လက်ရှိအချိန်တွင် ရသေ့တောင်၊ မောင်တောအပြင် ရမ်းဗြဲမြို့တို့တွင် တိုက်ပွဲဖြစ်ပွားနေပြီး စစ်ကောင်စီက ရမ်းဗြဲမြို့ကို လေကြောင်း၊ ရေကြောင်း၊ လက်နက်ကြီးများဖြင့် နေ့တိုင်းနီးပါး ပစ်ခတ်တိုက်ခိုက်လျက်ရှိသည်ဟု ဒေသခံများထံမှ သိရသည်။
ရမ်းဗြဲမြို့သည် စစ်ကောင်စီ၏ လေကြောင်း၊ ရေကြောင်း၊ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်ခံရမှု အများဆုံးမြို့ ဖြစ်သည်။
ရက္ခိုင်ဒေသအတွင်း လက်ကျန်မြို့များမှ စစ်ကောင်စီ၏ စစ်ဘက်၊ ရဲဘက် တပ်စခန်းများကို တစ်ခုမျှမကျန် တိုက်ခိုက်မည်ဟု AA က အခိုင်အမာဆိုထားပြီး ယမန်နေ့ကထုတ်ပြန်ချက်တွင်လည်း အလားတူ ဖော်ပြထားသည်။
ရခိုင်ဒေသအတွင်း အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) လက်အောက်ရှိ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ) ၃ ခုရှိရာ ဘူးသီးတောင်အခြေစိုက် စကခ (၁၅) ၊ တောင်ကုတ်အခြေစိုက် စကခ (၅) နှင့် ကျောက်တော်အခြေစိုက် စကခ (၉) တို့ ဖြစ်သည်။
AA က မင်းပြား၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား အခြေစိုက် စကခ (၉) လက်အောက်ခံ ခြေမြန်တပ်ရင်း ၁၀ ခုလုံးကို ဇန်နဝါရီလဆန်းမှ ဖေဖော်ဝါရီ ၇ ရက်အတွင်း အပြီးသတ် ချေမှုန်းထားသည်။