သတင်း

AA ထိုးစစ် ဆက်လက်ပြင်းထန်၊ ရွာများ စစ်တပ်၏ဒဏ် ခံနေရ

ရသေ့တောင်မြို့နယ် ရေစိုးချောင်းဗျူဟာကုန်းမှ ဆုတ်သွားသူများထဲတွင် လက်နက်ချသူ ၁၀၀ ကျော် ရှိသည်ဟု ဒေသခံများက ဆိုသည်။ ထိခိုက်သေဆုံးသည့် အရပ်သားများထဲတွင် ကလေးတချို့လည်း ပါဝင်သည်။

ယနေ့ (ဇန်နဝါရီ ၁၅) တွင် ရခိုင်ပြည်နယ်မြောက်ပိုင်း ရသေ့တောင်မြို့နယ်၌ တိုက်ပွဲများပြင်းထန်နေပြီး မြို့တော်စစ်တွေတွင်လည်း ကျေးရွာများ ပစ်မှတ်ထားတိုက်ခိုက် ဖျက်ဆီးခံနေရကြောင်း ဒေသခံများက ပြောကြသည်။

ရသေ့တောင်မြို့နယ်၊ ရေစိုးချောင်းဗျူဟာကုန်းမှ ဆုတ်ခွာ ထွက်ပြေးလာသည့် စစ်ကောင်စီတပ်သားများ မညင်းတောင်ကျေးရွာစခန်းတွင် ရှိနေကြရာ ရက္ခိုင့်တပ်တော် (AA) က ထိုနေရာကို နံနက် ၆ နာရီခန့်တွင် ဝင်တိုက်ရာ တချို့ လက်နက်ချကြပြီး တချို့ ထွက်ပြေးလွတ်မြောက်သွားကြသည်ဟု ရေစိုးချောင်းကျေးရွာမှ ဒေသခံနှစ်ဦးက ပြောသည်။

“သူတို့ (စစ်သားတွေ) က ငါတို့ဆင်းမယ်၊ လမ်းဖွင့်ပေးလို့ AA ဆီမှာ တောင်းပါတယ်တဲ့။ ဆင်းမယ်ဆိုရင် လက်နက်ချပြီး ဆင်း၊ ပစ္စည်းတွေကို ထားခဲ့ပြီးမှ ဆင်းပေါ့၊ အဲဒါကို သူတို့ ပစ္စည်းတွေကို မထားခဲ့ဘဲ ခုခံလို့ တိုက်ပွဲဖြစ်တာလို့ သိရတယ်” ဟု ရေစိုးချောင်းရွာမှ အမျိုးသားတစ်ဦးက ပြောသည်။

အဆိုပါ တိုက်ပွဲသည် နံနက် ၁၀ နာရီအထိ ကြာမြင့်ခဲ့သည်၊ ရသေ့တောင်မြို့စစ်တပ်စခန်းများနှင့် ဇက်ရေယာဉ်များက လက်နက်ကြီးပစ်ကူများပေးခဲ့သည်ဟု ၎င်းက ဆက်ပြောသည်။

ထိုတိုက်ပွဲတွင် လက်နက်ချရန် ငြင်းဆိုသူများမှာ စစ်ကောင်စီတပ် ဇက်ရေယာဉ်ဖြင့် ဆုတ်ခွာ လွတ်မြောက်သွားသည်ဟု ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။

“မညင်းတောင်ရွာနဲ့ ပြိန်းတောရွာကြားမှာ တိုက်ပွဲဖြစ်တယ်။ ၁၀၀ ကျော်က လက်နက်ချတယ်။ ၈၀ ကျော်က လက်နက်မချဘူးတဲ့။ အဲဒီ ၈၀ တော့ ပြိန်းတောရွာဘက်ကို ဇက်တက်လာလို့ တင်ယူသွားပြီလို့ သိရတယ်” ဟု ထိုအမျိုးသမီးက ပြောသည်။

အဆိုပါ ရေစိုးချောင်းဗျူဟာကုန်းကို ဇန်နဝါရီ ၁၄ မွန်းတည့်ချိန်တွင် သိမ်းပိုက်ရရှိခဲ့သည်ဟု AA က နေ့တွင်းချင်း ထုတ်ပြန် ကြေညာထားသည်။

AA က ထိုစခန်းကို ကာလရှည် ပိတ်ဆို့ထားခဲ့သည်၊ စခန်းမကျမီ တစ်ရက်အလိုတည်းက စစ်သားအများအပြား ထွက်ပြေးခဲ့ကြပြီး ၎င်းတို့ကို လိုက်လံရှင်းလင်းလျက်ရှိသည်ဟု ဆိုသည်။

ယင်းနေ့ မွန်းလွဲ ၃ နာရီခန့်က မောင်တောမြို့နယ်၊ မြောက်ဘက်၊ ခမောင်းဆိပ်ရွာ၏ အနောက်မြောက်ဘက်တွင် ထိုဗျူဟာမှ ထွက်ပြေးသော စစ်သားများနှင့် ထိတွေ့တိုက်ပွဲဖြစ်ပြီး စစ်သား ၂၀ ခန့် သေဆုံးကာ လက်နက်ခဲယမ်းများ သိမ်းဆည်းရမိခဲ့သည်ဟုလည်း AA ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

AA တပ်ဖွဲ့ဝင်တချို့ကို ယမန်နှစ် နိုဝင်ဘာလအတွင်းက တွေ့ရစဉ်။ (ဓာတ်ပုံ-Supplied)

မြို့နှင့် ကျေးရွာများ ပစ်မှတ်ထားခံရ

စစ်ကောင်စီသည် စစ်တွေမြို့နယ်အတွင်းရှိ ၎င်းတို့အခြေစိုက်တပ်စခန်းများ တိုက်ခိုက်မခံရရေးအတွက် မြို့ပတ်လည်မှ ကျေးရွာများကို ပိတ်ဆို့၍ ဒေသခံများကို ဖမ်းဆီး စစ်ဆေးသလို နေအိမ်များကို မီးရှို့ခြင်းများ ဆက်တိုက်ပြုလုပ်နေသည်ဟု ဒေသခံများက ပြောသည်။

ယနေ့ နံနက် ၉ နာရီခန့်တွင် စစ်တွေမြို့နယ်မြောက်ဘက် အိမ်ခြေ ၂၀၀ ကျော်ရှိသည့် တောကန်ကျေးရွာအတွင်းသို့ စစ်တပ်  ဝင်ရောက်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

“ဒီကနေ့ မနက်က တောကန်ရွာကို မီးရှို့လိုက်တယ်။ အိမ်တွေတောင် ကျန်မလား။ ရွာသားတွေလည်း အားလုံး ထွက်ပြေးသွားပြီဆိုတော့ သူတို့ စိတ်ကြိုက် လုပ်နေပြီထင်တယ်” ဟု တိမ်းရှောင်နေရသော တောကန်ရွာသားတစ်ဦးက ပြောသည်။

ဇန်နဝါရီ ၁၄ မွန်းလွဲ ၃ နာရီကျော်ခန့်ကလည်း စစ်တွေမြို့နယ် တောကန်ရွာနှင့် သိန်းတန်ကျေးရွာအနီး ရဟတ်ယာဉ်ဖြင့် လာရောက်ပစ်ခတ်ခဲ့၍ ဒေသခံများမှာ ဘေးလွတ်ရာသို့ ထွက်ပြေးနေကြရသည်ဟု သိရသည်။ ည ၉ နာရီကျော်အချိန်မှ စတင်ကာ စစ်တွေတပ်နယ်နှင့် စစ်တွေမြို့တစ်ဖက်ကမ်း ရွှေမင်းဂံဆိပ်ကမ်းတွင် လက်နက်ငယ်ပစ်ခတ်မှုများ ရှိခဲ့ကြောင်း သိရသည်။

စစ်တွေမြို့ ဆတ်ရိုးကျချောင်း တစ်ဘက်ကမ်းမှ ကျေးတောရွာမ၊ ကျေးတောပိုက်ဆိပ်၊ ကံပြင်ရွာသစ်၊ ကံပြင်ရွာဟောင်း စသည့် ကျေးရွာများကို စစ်တပ်က ဝင်ရောက် ရှာဖွေသဖြင့် ဒေသခံအများစု ဘေးလွတ်ရာသို့ ထွက်ပြေးနေရသည်။

ဇန်နဝါရီ ၁၁ ရက် တစ်နေ့တည်း အဆိုပါ ကျေးရွာများမှ ဒေသခံ ၇၀ ခန့်ကို စစ်တပ်က ဖမ်းသွားကြောင်း သိရသည်။

“မနေ့ကလည်း ကံပြင်ရွာကို ဝင်စစ်ပြီး ရွာမှာရှိတဲ့ မိန်းမတွေအားလုံး နေပူလှန်းခံရတယ်။ လွန်ခဲ့တဲ့ ဇန်နဝါရီ ၁၁ ရက်က ကံပြင်ရွာက တစ်ရွာလုံး အဖမ်းခံခဲ့ရတယ်။ အဖမ်းခံရသူ ၅၀ ကျော်တယ်” ဟု တိမ်းရှောင်နေရသည့် ကံပြင်ရွာသားတစ်ဦးက ပြောသည်။

“အေးအေးချမ်းနေထိုင်နေကြတဲ့ ရွာသားတွေလည်း သံသယနဲ့ အဖမ်းခံရတယ်။ ရွာသားတွေ ရှောင်နေကြရတယ်”

စစ်တွေမြို့နှင့် အနီးပတ်ဝန်းကျင် ကျေးရွာများတွင်လည်း စစ်တပ် ရောက်နေသည်ဟု စစ်တွေမြို့နယ်အတွင်းမှ ဒေသခံနောက်တစ်ဦးက ပြောသည်။

“မနေ့ကစလို့ စစ်တွေတပ်နယ်ထဲ ကျတဲ့ ရွာတွေ၊ တပ်နဲ့ နီးတဲ့ရွာတွေကို စစ်ကောင်စီက ကားနဲ့လာပြီး နေရာယူတာတွေ၊ ပစ်ခတ်ဝင်ရောက် ဖမ်းဆီးတာတွေ လုပ်လာတယ်” ဟု သူက ဆိုသည်။

“ဒီကနေ့ဆိုရင် တောကန်ရွာကို မီးရှို့လိုက်တယ်။ မနေ့က တောကန်နဲ့ သိန်းတန်ရွာနားကို လေယာဉ်နဲ့ လာပစ်သွားတယ်။ ဒေသခံတွေက ကြောက်လန့်ပြီး ဘေးလွတ်ရာကို ထွက်ပြေးနေကြတယ်”

ရခိုင်ပြည်နယ်နှင့် ကပ်လျက်တည်ရှိသော ချင်းပြည်နယ် ပလက်ဝမြို့နယ်တစ်ခုလုံးကို AA က သိမ်းပိုက် ထိန်းချုပ်ထားနိုင်ပြီဖြစ်ကာ မင်းပြား၊ မြောက်ဦး၊ ကျောက်တော် မြို့နယ်တို့အတွင်းမှ တပ်စခန်းများကိုလည်း ဆက်လက်တိုက်ခိုက်လျက်ရှိနေသည်။

ပလက်ဝဒေသအတွင်း စခန်းကျဆုံးခြင်း၊ စခန်းမှ ဆုတ်ခွာရခြင်းများနှင့် ရင်ဆိုင်နေရသည့် စစ်ကောင်စီတပ်သည် ရခိုင်ပြည်နယ် ရမ်းဗြဲ၊ မင်းပြားမြို့၊ မြောက်ဦးမြို့၊ ပေါက်တော မြို့ပေါ်ရပ်ကွက်များကို တိုက်ခိုက်နေသဖြင့် နေအိမ် အဆောက်အအုံများ ပျက်စီးခဲ့ရပြီး မကြာသေးမီရက်ပိုင်းက စစ်ကောင်စီ၏ ပစ်ခတ်တိုက်ခိုက်မှုများအကြောင်း AA က နေ့စဉ် သတင်းထုတ်ပြန်နေသည်။

စစ်တွေမြို့နယ် ကျေးရွာများပြမြေပုံ။

ဇန်နဝါရီ ၁၃ ရက်ကလည်း မြောက်ဦးအခြေစိုက် ခြေမြန်တပ်ရင်းများဖြစ်သော အမှတ် (၃၇၇) နှင့် (၃၇၈) တို့က  လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့မှုကြောင့် မြောက်ဦးမြို့ပေါ် ထမ္မရာဇ်ရပ်ကွက်ရှိ နေအိမ် ၁၀ လုံးထက်မနည်း ပျက်စီးခဲ့ပြီး အမျိုးသားတစ်ဦး ဒဏ်ရာရရှိခဲ့သည်ဟု AA က ဆိုသည်။

တစ်နေ့တည်းမှာပင် ကျောက်တော်မြို့နယ်၊ ကန်စောက်‌‌ကျေးရွာကို ခမရ (၅၃၉) က လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့မှုကြောင့် ရွာလုံးကျွတ်နီးပါး မီးလောင်ပျက်စီးခဲ့ပြီး ဘုန်းကြီးကျောင်းတွင် လက်နက်ကြီးကျ၍ သံဃာတစ်ပါး ပျံလွန်တော်မူခဲ့သည်ဟု ဒေသတွင်းသတင်းများတွင် ဖော်ပြထားသည်။

ည ၈ နာရီကျော်အချိန် ထောက်ပို့လေယာဉ်တစ်စီးက ဗုံးကြဲခဲ့၍ မင်းပြားမြို့နယ်၊ အောက်ရွာတွင် နေအိမ် ၁၁ လုံးထက်မနည်း မီးလောင်ပြာကျခဲ့သည်။

ဇန်နဝါရီ ၁၂ရက်နေ့တွင် စစ်ရေယာဉ်က ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည်များသည် မြောက်ဦးမြို့နယ်၊ ထမ္မရာဇ်ရပ်ကွက်အတွင်း အတွဲလိုက်ကျရောက်ပေါက်ကွဲခဲ့ရာ သက်ကြီးပိုင်း အမျိုးသားတစ်ဦး သေဆုံးခဲ့ပြီး ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

ည ၁၀ နာရီခွဲခန့်တွင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကျောက်တော်မြို့နယ်၊ လက်ပံကျေးရွာမှ သက်ကြီးပိုင်း အမျိုးသမီးတစ်ဦး သေဆုံးကာ ကလေးတစ်ဦးနှင့် သက်ကြီးပိုင်းအမျိုးသားတစ်ဦးတို့ ဒဏ်ရာရသည်။

ထို့ပြင် မင်းပြားမြို့နယ်၊ ပိုက်သည်ကျေးရွာရှိ ထိခိုက်ဒဏ်ရာအပြင်းအထန်ရရှိခဲ့သည့် ရိုဟင်ဂျာကလေးငယ် ၂ ဦးအနက် တစ်ဦးမှာ ယနေ့နံနက်တွင် ဆုံးပါးသွားသည်။

AA က အပြင်းအထန်တိုက်ခိုက်နေသည်ဟု သတင်းထွက်နေသည့် ကျောက်တော်မြို့နယ်၊ ကန်စောက်အခြေစိုက် ခမရ (၅၃၉) က လက်နက်ကြီးများ ပစ်ခတ်မှုကြောင့် ဇန်နဝါရီ ၁၃  ညပိုင်းတွင် ကျောက်‌တော်မြို့နယ်၊ ကံသုံးဆင့် (မြို) ကျေးရွာမှ အသက် ၁၄ နှစ်အရွယ် အမြွှာမောင်နှမ ၂ ဦး သေဆုံးခဲ့သည်ဟု ညီနောင်မဟာမိတ် ၃ ဖွဲ့က ဇန်နဝါရီ ၁၄ ရက်တွင် ထုတ်ပြန်ထားသည်။

“ကန်စောက် ၅၃၉ တပ်ရင်းကိုလည်း AA တိုက်နေတယ်လို့ သိရတယ်။ ကန်စောက်တောင်ပေါ်က အမြောက်တပ်က အနီးအနားကရွာတွေကို လက်နက်ကြီးနဲ့ လှမ်းပစ်လို့ ရွာတွေ မီးလောင် ပျက်စီးသွားပြီ။ အပေါက်ဝရွာ၊ ကန်စောက်ရွာတွေကို ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီး ပစ်တာ” ဟု ထွက်ပြေးနေရသည့် ရွာသားတစ်ဦးကလည်း Myanmar Now ကို ယနေ့ ပြောသည်။

“အခု ရွာအခြေအနေ ဘယ်လိုရှိလဲဆိုတာ မသိရဘူး။ တယ်လီဖုန်းလိုင်းတွေ မရတော့လို့ မိသားစုတွေကို ဘယ်လိုမှ အဆက်အသွယ်မရဘူး။ ရွာမှာတော့ လူတွေ တစ်ယောက်မှ မရှိတော့ဘူး”

နိုင်ငံအနှံ့အပြား ဖြစ်ပွားနေသော တိုက်ပွဲများနှင့် ပတ်သက်ပြီး စစ်ကောင်စီက သတင်းထုတ်ပြန်ခြင်း မရှိပေ။ သို့သော်လည်း အရပ်သားများကို ဖမ်းဆီး၊ သတ်ဖြတ်မှုသတင်းတချို့မှာ မှားယွင်းနေကြောင်း နေ့စဉ် ထုတ်ပြန်နေရာ ယခုလအတွင်း  ရခိုင်ပြည်နယ်နှင့် ပတ်သက်သော အလားတူထုတ်ပြန်ချက် ၅ ခု ရှိထားသည်ကို တွေ့ရသည်။

၂၀၂၃ အောက်တိုဘာ ၂၆ ရက်မှစတင်၍ ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် တောင်ပိုင်း၊ ကယား၊ ရခိုင်၊ ချင်း၊ ကရင်၊ မွန်ပြည်နယ်၊  မန္တလေး၊ ပဲခူးအရှေ့၊ စစ်ကိုင်း၊ တနင်္သာရီတိုင်းတို့တွင် နေရပ်စွန့်ခွာသူဦးရေ ၆၆၀,၀၀၀ ကျော်ရှိကြောင်း ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးရုံး (UNOCHA) ၏ ဇန်နဝါရီ ၈ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ကိုးကန့်တပ် (MNDAA)၊ တအောင်း/ပလောင်တပ် (TNLA) နှင့် AA ပါဝင်သော ညီနောင်မဟာမိတ် ၃ ဖွဲ့က ၂၀၂၃ အောက်တိုဘာ ၂၇ တွင် ထိုးစစ်ဆင်ရာ စစ်စခန်း ရာနှင့်ချီ ဆုံးရှုံးရသည်အထိ စစ်ကောင်စီတပ် အထိနာခဲ့သည်။

အဆိုပါ “၁၀၂၇ စစ်ဆင်ရေး” ၏ ရှမ်းပြည်နယ်တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်သား အများအပြား လက်နက်ချခဲ့သည်။

ညီနောင်မဟာမိတ် ၃ ဖွဲ့နှင့် စစ်ကောင်စီ တွေ့ဆုံဆွေးနွေးပြီးနောက် အပစ်ရပ်ရန် ဇန်နဝါရီ ၁၁ တွင် သဘောတူညီချက် ရရှိခဲ့သည်။ သို့သော်လည်း အပစ်ရပ်သဘောတူညီမှုထဲတွင် AA ၏ အဓိကလှုပ်ရှားနယ်မြေများ ပါဝင်ခြင်း မရှိပေ။

Show More

Related Articles

Back to top button