သတင်း

အဓမ္မစစ်သင်တန်းပေးခံရသည့် မွတ်စလင်များ ရှေ့တန်းပို့ခံရဟု AA ထုတ်ပြန်

စစ်မျက်နှာအများအပြားရင်ဆိုင်နေရသည့် အာဏာသိမ်းစစ်တပ်သည် ရခိုင်ပြည်နယ်ရှိ ဒုက္ခသည်စခန်းများမှ မွတ်စလင်လူငယ်များကို ပစ်မှတ်ထား၍ အဓမ္မစစ်သင်တန်းပေးခဲ့သည့် အထောက်အထားများ ရှိသည်။

ရခိုင်ပြည်နယ်မြောက်ပိုင်း ရသေ့တောင်မြို့အခြေစိုက် စစ်ကောင်စီတပ်ရင်းများကို ယမန်နေ့ (မတ် ၁၇) က သိမ်းယူခဲ့ရာတွင် စစ်မှုထမ်းဥပဒေအား ခုတုံးလုပ်ပြီး စစ်ကောင်စီက လောလောလတ်လတ် စစ်သင်တန်း ပေးထားသော မွတ်စလင်အချို့၏ အလောင်းများ ရှာဖွေတွေ့ရှိခဲ့သည်ဟု ရက္ခိုင့်တပ်တော် (AA) က သတင်းထုတ်ပြန်သည်။

ရသေ့တောင်မြို့နယ်အတွင်း နောက်ဆုံးကျန်ရှိသည့် စစ်ကောင်စီတပ်စခန်းများဖြစ်ကြသည့် အမှတ် (၅၃၆)၊ (၅၃၇)၊ (၅၃၈) ခြေမြန်တပ်ရင်းများကို သတင်းနှစ်ပတ်ခန့် ထိုးစစ်ဆင်ပြီးနောက် AA က သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။

ရက္ခိုင့်တပ်တော် (AA) ၏ သတင်းထုတ်ပြန်ချက်တွင် “ဘင်္ဂလီအချို့၏အလောင်းများ” ဟု ဖော်ပြထားသည်။ မွတ်စလင်ရုပ်အလောင်း အရေအတွက်နှင့် သတင်းဓာတ်ပုံများ ပါဝင်ခြင်းမရှိပေ။

AA ၏ထုတ်ပြန်ချက်

စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀၀ ခန့် စစ်သင်္ဘောများဖြင့် ထွက်ပြေးသွားကြပြီး ထိုစခန်းများအတွင်း  လက်နက်ခဲယမ်း၊ စစ်အသုံးအဆောင်ပစ္စည်းများနှင့် စစ်သားရုပ်အလောင်းများအပြင် စစ်သင်တန်းဆင်း မွတ်စလင်များ၏ ရုပ်အလောင်းများလည်း ရှာတွေ့ခဲ့သည်ဟု AA ၏ ထုတ်ပြန်ချက်က ဆိုသည်။

·   စစ်မှုမထမ်းလို၍ ဒုက္ခသည်စခန်းမှ ရိုဟင်ဂျာလူငယ်တချို့ ထွက်ပြေး

·   ရခိုင်ဒေသ မွတ်စလင်များနှင့် အရေးပေါ် စစ်သင်တန်း

ကာလတိုသင်တန်းပေးထားသည့် မွတ်စလင်တို့ကို ရှေ့တန်းပို့ခဲ့သည့် စစ်တပ်၏လုပ်ရပ်ကြောင့် မကြာခင် စစ်တပ်ထဲ အဓမ္မပို့ဆောင်ခံရမည့် အရပ်သားများအတွက်လည်း စိုးရိမ်စရာဖြစ်လာသည်။

ရန်ကုန်၊ နေပြည်တော်အပါအဝင် မြို့ကြီးများမှ အရပ်သားများ စစ်ထဲဝင်ရန် ဆင့်ခေါ်စာ လက်ခံရရှိနေကြပြီဖြစ်ကာ သင်တန်းပြီးဆုံးပါက ၎င်းတို့ကို ရှေ့တန်းစစ်မျက်နှာများသို့ အလှည့်ကျပို့မည်ဟု စစ်ကောင်စီခန့် အုပ်ချုပ်ရေးအရာရှိများက ပြောဆိုခဲ့သည်ဟု အကြောင်းကြားစာ လက်ခံရရှိသူများက ဆိုသည်။

အရွယ်ရောက်သူတိုင်း ငါးနှစ်အထိ စစ်မှုထမ်းရမည့် ပြည်သူ့စစ်မှုထမ်းဥပဒေကို ဖေဖော်ဝါရီ ၁၀ ရက်နေ့တွင် အသက်သွင်းခဲ့ပြီးနောက် စစ်ကောင်စီက အရပ်သားများကို စစ်ထဲထည့်ရန် အပူတပြင်း ကြိုးပမ်းနေပြီး တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် စစ်မှုထမ်းရန်အကျုံးဝင်သူ ၁၄ သန်းရှိသည်ဟု ထုတ်ပြန်ထားသည်။

အဓမ္မစစ်သင်တန်းပေးခံရသည့် မွတ်စလင်လူငယ်များ

AA ၏ ထိုးစစ်နှင့်အတူ စစ်မျက်နှာအများအပြားရင်ဆိုင်နေရသည့် အာဏာသိမ်းစစ်တပ်သည် ရခိုင်ပြည်နယ်ရှိ ဒုက္ခသည်စခန်းများမှ မွတ်စလင်လူငယ်များကို ပစ်မှတ်ထား၍ ၎င်းတို့လိုအပ်နေသော စစ်အင်အားကို ဖြည့်တင်းရန် ကြိုးစားနေသည်။

ရခိုင်ပြည်နယ်မြောက်ပိုင်း၊ ကျောက်ဖြူမြို့၏တောင်ဘက် ၃ မိုင်ခန့်အကွာရှိ လူဦးရေတစ်ထောင်ကျော်နေထိုင်သော ‘ကျောက်တစ်လုံး’ မွတ်စလင်ဒုက္ခစခန်းမှ အရပ်သားများကို စစ်တပ်ကအဓမ္မစစ်သင်တန်းပေးခဲ့သည့် အထောက်အထားများ ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင်းက Myanmar Now က ရရှိခဲ့သည်။

ထိုဒုက္ခသည်များမှ အသက် ၁၈ မှ ၃၅ နှစ်အတွင်း အမျိုးသားများကို စစ်တပ်က ၁၀ ရက်ကြာ စစ်သင်တန်းပေးခဲ့ခြင်းဖြစ်သည်။ သင်တန်းပြီးပါက ကိုယ်တိုင်စစ်တိုက်ရမည်မဟုတ်သော်လည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့်အတူ ကင်းလှည့်ရမည်ဟု ကျောက်ဖြူမြို့၊ ခလရ ၃၄ မှ တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး မျိုးဆွေလတ်က ပြောဆိုခဲ့သည်ဟု သတင်းအရင်းအမြစ်များက ဆိုသည်။

စစ်ကောင်စီခန့် ရခိုင်ပြည်နယ်၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာ(လုံ/နယ်)ဝန်ကြီး ဗိုလ်မှူးကြီးကျော်သူရ ဦးဆောင်ပြီး ရခိုင်ရှိ မွတ်စလင်လူငယ်များကို စစ်သင်တန်းပေးသည့် ရုပ်သံဖိုင်တစ်ခုကိုလည်း လူမှုကွန်ရက်မှတစ်ဆင့် မတ်လ ၈ ရက်နေ့တွင် Myanmar Now သတင်းဌာနက ရရှိခဲ့သည်။

ထိုရုပ်သံဖိုင်တွင် ခန်းမကြီးတစ်ခုအတွင်း တန်းစီထိုင်နေကြသည့် အစိမ်းရောင်စစ်ယူနီဖောင်းဝတ်ဆင်ထားကြသည့် မွတ်စလင်လူငယ်များနှင့်အတူ စစ်တပ်၏ ရခိုင်အခြေစိုက် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တံဆိပ်ပါ ယူနီဖောင်းဝတ်ဆင်ထားသည့် စစ်တပ်အရာရှိများကိုလည်း မြင်တွေ့ရသည်။

မွတ်စလင်ဒုက္ခသည်များကို စစ်ယူနီဖောင်း ဝတ်ပေးပြီး စစ်သင်တန်းပေးနေပုံ။ ထိုသူများထံသို့ ရခိုင်ပြည်နယ်၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်သူရ သွားရောက်ခဲ့ပုံ ရုပ်သံမှတ်တမ်းမှာ အွန်လိုင်းတွင် ပျံ့နှံ့နေသည်။

ယင်းကဲ့သို့သော အထောက်အထားများ ထွက်လာသည့်တိုင် ရခိုင်ပြည်နယ်ရှိ မွတ်စလင်များကို စစ်သင်တန်းပို့ချခြင်း မရှိကြောင်း စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းနှင့် စစ်ကောင်စီ ထိန်းချုပ်ထားသည့် သတင်းစာများက မကြာခဏ ငြင်းဆန်နေသည်။

·   ကျောက်ဖြူဒုက္ခသည်စခန်းက မွတ်စလင်လူငယ်များ အတင်းအဓမ္မ စစ်သင်တန်းပေးခံရပြီ

·   အဓမ္မစစ်သင်တန်းပေးခံရသည့် မွတ်စလင်လူငယ်များ သင်တန်းဆင်း

ရခိုင်ပြည်နယ် နောက်ဆုံးစစ်ရေးအခြေအနေ

မြို့နယ် ၁၇ မြို့နယ်ဖြင့် ဖွဲ့စည်းထားသည့် ရခိုင်ပြည်နယ်တွင် ယမန်နေ့က ရသေ့တောင်မြို့နယ်ကို ရက္ခိုင့်တပ်တော် AA ကသိမ်းပိုက်လိုက်သည့်အတွက် ၈ မြို့နယ်သည် AA ထိန်းချုပ်မှုအောက် ရောက်သွားပြီဖြစ်သည်။

အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ၂၀၁၉ ခုနှစ် အချက်အလက်များအရ မြို့နယ်ဧရိယာ စတုရန်းမိုင် ၄၃၇.၇၆၁ မိုင် ကျယ်ဝန်းပြီး လူဦးရေ ၁၃၀,၀၀၀ ကျော် နေထိုင်သည့် ရသေ့တောင်မြို့နယ်သည် စစ်တွေခရိုင်အတွင်း ပါဝင်သော မြို့နယ်ဖြစ်သည်။

စစ်တွေခရိုင်အတွင်းမှ ပုဏ္ဏားကျွန်း၊ ပေါက်တော၊ ရသေ့တောင်မြို့နယ်တို့ရှိရာ AA က သိမ်းယူထားပြီး ပြည်နယ်စစ်ကောင်စီ ရုံးစိုက်ရာ မြို့တော်စစ်တွေသည်လည်း မတည်မငြိမ်ဖြစ်နေသည်။

ရခိုင်ပြည်နယ် ၁၀၂၇ စစ်ဆင်ရေး ၄ လကျော်အတွင်း AA က ချင်းပြည်နယ် ပလက်ဝမြို့နယ်၊ ပြည်နယ်မြောက်ပိုင်းမှ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ ပေါက်တော၊ မြေပုံ၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ တောင်ပိုင်းမှ ရမ်းဗြဲ စုစုပေါင်း ၉ မြို့နယ်ကို သိမ်းပိုက်ထားပြီဖြစ်သည်။

(မှတ်ချက် – ရခိုင်ပြည်နယ်ရှိ ရိုဟင်ဂျာမွတ်စလင်များနှင့်ပတ်သက်၍ မြန်မာအစိုးရအဆက်ဆက်နှင့် စစ်တပ်က ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ တရားမဝင်ခိုးဝင်လာသူများဟု သဘာသက်ရောက်စေသည့် ဘင်္ဂါလီဟု သုံးနှုံးခေါ်ဝေါ်ခဲ့ကြသည်။ ၂၀၁၆- ၂၀၂၀ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဦးဆောင်သည့် အစိုးရလက်ထက်တွင်လည်း ထိုအသုံးအနှုန်းကို အငြင်းပွားဖွယ်ရာ ဆက်လက်သုံးစွဲခဲ့သော်လည်း စစ်တပ်က အာဏာသိမ်းပြီးနောက် ၂၀၂၀ ရွေးကောက်ပွဲအနိုင်ရ လွှတ်တော်အမတ်အချို့ဖြင့် ဖွဲ့စည်းခဲ့သည့် အမျိုးသားညီညွတ်ရေး (NUG) အစိုးရလက်ထက်တွင်မူ ဘင်္ဂါလီအစား ရိုဟင်ဂျာဟု သုံးစွဲလာခဲ့သည်။)

Show More

Related Articles

Back to top button