
ရန်ကုန်၊ နေပြည်တော်အပါအဝင် မြို့ကြီးများမှ အရပ်သားများ စစ်ထဲဝင်ရန် ဆင့်ခေါ်စာ လက်ခံရရှိနေကြပြီဖြစ်သည်။
Myanmar Now က မေးမြန်းခွင့်ရခဲ့သည့် ဆင့်ခေါ်စာရသူများ၏အဆိုအရ ၎င်းတို့ကို ကာလတိုစစ်သင်တန်းပေးမည်၊ သင်တန်းပြီးဆုံးပါက အလှည့်ကျစနစ်ဖြင့် ရှေ့တန်းထွက်ရမည်ဟု စစ်ကောင်စီဘက်က ခေါ်ယူရှင်းပြခဲ့ကြောင်း သိရသည်။
ဆင့်ခေါ်စာများကို ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့များမှတစ်ဆင့် စစ်တပ်က ပေးပို့နေခြင်းဖြစ်ပြီး ဆင့်ခေါ်စာရပြီးနောက် စစ်တပ်သတ်မှတ်သည့်နေရာသို့ လာရောက်ရန် ငြင်းဆိုသူများကို ဖမ်းဆီးမည်ဟု ခြိမ်းခြောက်နေကြောင်း စုံစမ်းသိရှိရသည်။

နေပြည်တော်၊ ဇဗ္ဗူသီရိမြို့နယ်နှင့် ပျဉ်းမနားမြို့နယ်ရှိ ရပ်ကွက်များနှင့် ကျေးရွာ ၅ ရွာတွင် စစ်မှုထမ်းရန် ဆင့်ခေါ်စာရသူများ၊ မိသားစုဝင်များကို ယနေ့မတ်လ ၁၅ တွင် အုပ်ချုပ်ရေးရုံးသို့ ခေါ်၍ ဆေးစစ်ကာ ထွက်မပြေးရန် ခံဝန်လက်မှတ်ရေးထိုးခိုင်းခဲ့သည်။
ထိုအစည်းအဝေးတွင် ယူနီဖောင်းဝတ်စစ်သားနှင့်ရဲ ၁၀ ဦးခန့်က လက်နက်အပြည့်အစုံဖြင့် ရှိနေသည်ဟု စစ်မှုထမ်းရန် ဆင့်ခေါ်ခံရသူ အသက် ၃၀ အရွယ် အမည်မဖော်လိုသည့် အမျိုးသားတစ်ဦးက ပြောသည်။
“သွေးစစ်တယ်။ အခြားကျန်းမာရေးကောင်းမကောင်း စစ်တယ်။ အကုန်အောင်တယ်။ ပြီးတော့ ထွက်မပြေးရဘူး။။ ထွက်ပြေးရင် ကျန်မိသားစုဝင်ထဲက နှစ်ယောက်ကို ထပ်ခေါ်မယ်တဲ့။ ခြိမ်းခြောက်ပြီး၊ စာရွက်ပေါ်က အချက်အလက်တွေဖြည့်ပြီး လက်မှတ်ထိုးရတယ်” ဟု သူက ဆိုသည်။
ဆေးစစ်ခြင်းသည် ဟန်ပြသာဖြစ်ပြီး ဆင့်ခေါ်စာ အိမ်ကို လာပေးစဉ် ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့ဝင်များက ဆေးမအောင်သူများကို နောက်တန်းလုံခြုံရေးတာဝန်ယူခိုင်းမည်ဟု ပြောဆိုထားကြောင်း အဆိုပါ ဆင့်ခေါ်ခံရသူ အမျိုးသားက ဆက်ပြောသည်။
“အလှည့်ကျ ရှေ့တန်းသွားရမယ်၊ မသွားရတဲ့ အချိန်ဆိုရင် နောက်တန်းလုံခြုံရေးနဲ့ အိမ်မှာ ပြန်နေရမယ် ပြောတယ်” ဟု ၎င်းက ပြန်ပြောသည်။
ဇဗ္ဗူသီရိမြို့နယ်မှ စစ်မှုထမ်းရန် ဆင့်ခေါ်ခံရသူ လူငယ်တစ်ဦး၏ မိသားစုက ၎င်းတို့ ခြိမ်းခြောက်ခံရကြောင်း ပြောသည်။
“ကျေတော့ မကျေနပ်ကြဘူး၊ အစည်းအဝေးမှာလည်း သေနတ်တွေနဲ့ဆိုတော့ မိဘနဲ့ ပါတဲ့သူတွေကလည်း မပြောရဲဘူး ခေါင်းငုံပြီး ပြန်လာခဲ့ကြတာ” ဟု ဇဗ္ဗူသီရိမြို့နယ်မှ စစ်မှုထမ်းရန် ဆင့်ခေါ်ခံရသူ လူငယ်တစ်ဦး၏ မိဘက ပြောသည်။

စစ်ထဲဝင်ရန် အသက်မီသည့်အရပ်သားများစာရင်းကို ယခင်ကတည်းက ကောက်ယူထားပြီး ထိုစာရင်းထဲမှ သတ်မှတ်ချက်ပြည့်မီသူများကို အကြောင်းကြားစာပေးပို့ခြင်းဖြစ်သည်ဟု ဇဗ္ဗူသီရိမြို့နယ်မှ အုပ်ချုပ်ရေးမှူးအမျိုးသားတစ်ဦးက ပြော သည်။
“အသက် ၃၀ သမားတွေ စခေါ်တယ်။ ကျွန်တော်တို့ဆီက လူ ၁၀၀ ဒီနေ့ စဆေးစစ်တယ်” ဟု သူက ပြောသည်။
ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်များတွင် စစ်မှုထမ်းရန် အကျုံးဝင်သူ လူငယ်များထဲမှ လုံလောက်သောလူဦးရေ မရပါက မဲနှိုက်ရွေးချယ်နေသည်။
ရန်ကုန်တောင်ပိုင်းခရိုင်မြို့နယ်များဖြစ်သည့် ကော့မှုး၊ ကွမ်းခြံကုန်း၊ ခရမ်း၊ သုံးခွ မြို့နယ်တို့တွင် ၁ ရွာလျှင် ၂ ဦးနှုန်းဖြင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးက မဲနှိုက်ရွေးချယ်သွားသည်ဟု ဒေသခံများထံမှ သိရသည်။
ယမန်နေ့ (မတ် ၁၄) က အသက် ၂၄ မှ အသက် ၃၀ အတွင်း အမျိုးသားများကို စာရင်းကောက်ယူသွားပြီး ကျေးရွာအုပ်ချုပ်ရေးရုံးတွင် စုစည်းကာ မဲနှိုက်ခိုင်းခဲ့ကြောင်း၊ မဲပေါက်သူ ၂ ဦးကို ယနေ့ နံနက် ၉ နာရီခန့်တွင် ရပ်ကွက်ရုံးက ခေါ်ယူသွားကြောင်း ကော့မှုးမြို့နယ်တွင် နေထိုင်သူ အသက် ၂၉ အရွယ် အမျိုးသမီးက ပြောသည်။
“ဆယ်အိမ်ခေါင်းကနေပြီးတော့ ကိုယ့်လမ်းထဲမှာရှိတဲ့ သူတွေကို စာရင်းကောက်ပြီးတော့ မဲနှိုက်တာ ၂ ယောက် ပေါက်တယ်။ အဲဒီ ၂ ယောက်ပေါက်တာကို ဒီနေ့ ဖောင်တွေဖြည့်မယ်၊ ဓာတ်ပုံရိုက်မယ်၊ ဆေးစစ်မယ်ဆိုပြီး ခေါ်သွားတယ်” ဟု ၎င်းက ပြောသည်။
ကော့မှုးမြို့နယ် အနောက်ဘက်ခြမ်းရှိ ငှက်အော်စမ်း၊ ရခိုင်စု၊ မယ်ဆယ်စိတ်၊ မြောက်ချောင်း၊ ညောင်ထောင့် စသည့် ကျေးရွာများမှ စစ်မှုထမ်းရမည့် အသက် ၁၈ မှ ၃၅ အထိ စာရင်းကို ကောက်ယူသွားပြီး အသက် ၂၄ မှ ၃၀ အတွင်း အမျိုးသားများကို မဲနှိုက်ခိုင်းပြီး ၁ ရွာလျှင် ၂ ဦးနှုန်းဖြင့် ခေါ်ဆောင်သွားခြင်းဖြစ်သည်ဟု ၎င်းက ဆက်ပြောသည်။
“ဘယ်ကိုခေါ်သွားတယ်လို့တော့ အတိအကျမသိရသေးဘူး။ သူတို့ပြန်လာမှ သိရမယ်။ သူတို့က ခုထိတော့ မပြန်လာသေးလို့ မသိရသေးဘူး။ သူတို့မိဘတွေကတော့ ငိုရုံပဲပေါ့။ ဘာမှ မတတ်နိုင်သေးဘူးပေါ့” ဟု ၎င်းက ပြောသည်။
ရန်ကုန်စည်ပင်သာယာနယ်နိမိတ်ပြင်ပ မြို့နယ်များအပြင် သာကေတ၊ ဒေါပုံ၊ တာမွေ စသည့်မြို့နယ်များတွင်လည်း ဆင့်ခေါ်စာရသူ လူငယ်များကို မဲနှိုက်ခိုင်းနေကြောင်း ထိုမြို့နယ်များရှိ ဒေသခံများထံမှ သိရသည်။
ထန်းတပင်မြို့နယ်ရှိ ကျေးရွာတစ်ရွာတွင် အသက် ၁၈ မှ ၃၅ အတွင်း လူငယ်များအားလုံးကို မခေါ်ဘဲ ၁၀ ဦးကျော်သာ ဆင့်ခေါ်လာသည်ဟု အသက် ၂၈ နှစ်အရွယ် ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။
“ဖောင်တွေပေးသွားတယ်။ မဖြည့်ရင် အရေးယူမယ်။ ပစ်တော့မသတ်ပါဘူးလို့ ခြောက်လိုက်သေးတယ်။ ဘာပုဒ်မနဲ့ အရေးယူမလဲတော့ မပြောသွားဘူး” ဟု ထိုအမျိုးသားက ပြောသည်။
သာကေတမြို့နယ်၊ ၇ (အရှေ့) တွင်လည်း စာရင်းပါသူ လူငယ် ၂၅၀ ခန့်ကို ယမန်နေ့ (မတ်လ ၁၄) က မဲနှိုက်ခိုင်းသည်ဟု ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။
“ဟုတ်မဟုတ်မသိပေမဲ့ ရပ်ကွက်ချင်း မဲနှိုက်ပြီးမှ အရင်ပေါက်တဲ့ရပ်ကွက်က လူခေါ်တယ်လို့ ကြားတယ်” ဟု ထိုအမျိုးသမီးက ပြောသည်။
စစ်မှုထမ်းရန်ဆင့်ခေါ်မှုများ စတင်လုပ်ဆောင်နေပြီဖြစ်ပြီး မဲနှိုက်ခိုင်းသည်မှာ မှန်ကန်ကြောင်း စစ်မှုထမ်းဗဟိုအဖွဲ့ကို ဆက်သွယ်မေးမြန်းရာတွင် ဖြေကြားသည်။
“မဲနှိုက်တာဟုတ်တယ်၊ ဦးစားပေးဆန္ဒပြုတဲ့သူတွေရှိတယ်၊ ဆန္ဒပြုသူဦးရေ မပြည့်သေးဘူး ဆိုရင်တော့ အသက်အရွယ်အကျုံးဝင်တဲ့သူတွေထဲက မဲနှိုက်ပြီး ဖြည့်မှာပေါ့” ဟု စစ်မှုထမ်းဗဟိုအဖွဲ့က ဖြေဆိုသည်။
အသက်အရွယ်အကျုံးဝင်သူများကို မှတ်ပုံတင်စာရင်းသွင်းပြီးပါက စစ်မှုထမ်းရမည်ဟူသော ပုံစံစာရွက်ဖြင့် ပြန်ပို့မည်၊ ရွေးချယ်ပြီးလျှင် ဆေးစစ်ရန် ပုံစံစာရွက်ဖြင့် ဆင့်ခေါ်သွားမည်၊ ဆေးအောင်ပါက တပ်ကို သတင်းပို့ရမည်ဟု ထိုအဖွဲ့က ရှင်းပြသည်။
“ဆေးမအောင်ရင် ဒီအသုတ်ကျန်ခဲ့ပေမဲ့ အသက်က အကျုံးဝင်နေတော့ နောက်တစ်ခေါက်ကျ ထပ်စစ်ရမယ်။ ခုမအောင်ပေမဲ့ နောက်တစ်ခါ အောင်ချင်အောင်နိုင်တယ်လေ” ဟု စစ်မှုထမ်းဗဟိုအဖွဲ့က တာဝန်ရှိသူက ဖြေဆိုသည်။
စစ်မှုထမ်းရန်ဆင့်ခေါ်စာရသူများသည် ဆင့်ခေါ်ခံရပါက ပုံစံစာရွက်ကို ကိုယ်တိုင်သော်လည်းကောင်း၊ မိသားစုဝင်တစ်ဦးဦးကသော်လည်းကောင်း ဖြည့်ရမည်ဖြစ်ပြီး တိမ်းရှောင်၍ မရနိုင်ဟု စစ်မှုထမ်းဗဟိုအဖွဲ့က ဆိုသည်။

“မိဘမောင်နှမသားချင်းကနေ ပြန်ဆက်သွယ်ပြီးတော့မှ ဘယ်ရောက်နေတယ် ဘာလုပ်နေတယ်ဆိုတာ အကြောင်းပြချက်ခိုင်လုံအောင်ပြနိုင်မှ၊ မဟုတ်ရင်တော့ အဲဒီလူက ရှောင်တိမ်းမှုနဲ့ ပြစ်မှုမြောက်တယ်” ဟု ဆိုသည်။
စစ်မှုထမ်းရန် ဆင့်ခေါ်ခံသူမရှိပါက မိသားစုဝင်ကို မည်သို့ဆောင်ရွက်မည်ဆိုသည်ကို နည်းဥပဒေရေးဆွဲနေဆဲဟု ဆိုသည်။
နိုင်ငံတစ်ဝန်း အကြီးအကျယ်စစ်ရှုံးနေသည့် စစ်ကောင်စီသည် ထိန်းချုပ်နယ်မြေများဆုံးရှုံးမှုများလာချိန်တွင် နိုင်ငံသားတိုင်းစစ်မှုထမ်းရန် အာဏာရှင်ဟောင်း ဗိုလ်ချုပ်သန်းရွှေလက်ထက် ရေးဆွဲခဲ့သည့် ဥပဒေကို ဆွဲထုတ်လာသည်။
စစ်မှုထမ်းရန် မဲပေါက်သူများသည် စစ်မှုမထမ်းလိုသဖြင့် ဥပဒေပါကင်းလွတ်ခွင့်ရမည့်အကြောင်းပြချက်တစ်ခုခုဖြင့် အသနားခံစာတင်ခြင်းတို့ကြောင့် ရပ်ကျေးအုပ်ချုပ်ရေးမှူးများက အဂတိလိုက်စားပြီး စာရင်းဖျောက်ခြင်း၊ ဆေးစစ်ခွင့်ရသည့် ဆရာဝန်များလည်း အဂတိလိုက်စားမှုများဖြစ်လာနိုင်သည်ဟု စစ်တပ်အရာရှိဟောင်းတစ်ဦးက မှတ်ချက်ပြုသည်။
“အာဏာရှိပြီး ဩဇာတိက္ကမမဲ့တဲ့အကျိုးဆက်တွေ” ဟု ထိုစစ်တပ်အရာရှိဟောင်းက ဆိုသည်။
စစ်မှုထမ်းရန် ပါဝင်သူများသည် နီးစပ်ရာသင်တန်းကျောင်းအပေါ် မူတည်ပြီး လူဦးရေဆံ့သလောက် ခေါ်ယူသွားမည်ဖြစ်ပြီးမေလဆန်းပိုင်းတွင် သင်တန်းများစပေးနိုင်သည်ဟု စစ်မှုထမ်းဗဟိုအဖွဲ့က ပြောသည်။
အွန်လိုင်းလူမှုကွန်ရက်တွင် ရေးသား ပြောဆိုနေကြသည့် လစာ ၄၇၀,၀၀၀ နှုန်းထားကို အတည်ပြုခြင်း မရှိဘဲ လက်ရှိစစ်သားများ ရနေသည့် လစာအတိုင်းပင် ဖြစ်သည်ဟု ပြောသည်။

နေပြည်တော်၊ ဇဗ္ဗူသီရိမြို့နယ်တွင် စစ်မှုထမ်းရန် ပါဝင်သူများကို သင်တန်းသွားတက်ပါက ရပ်ကွက်အနေဖြင့် ကျန်ရစ်သူမိသားစုကို ထောက်ပံ့ကူညီပေးမည်ဟု အုပ်ချုပ်ရေးအဖွဲ့ဝင်များက ပြောနေသည်။
သို့သော် စစ်မှုထမ်းပါက ရရှိမည့် လစာနှင့် ခံစားခွင့်များကို ရှင်းပြရန် ငြင်းဆိုသည်။
စစ်တပ်၏ စစ်သားစုဆောင်းရေးဝက်ဆိုက်တွင် တပ်သားသစ်များကို လစာ ၁၄၄,၀၀၀ ပေးမည်ဟု ဖော်ပြထားသည်။
၂၀၂၁ ခုနှစ် ကိုဗစ်ကပ်ဘေးကြောင့် လူအများအပြား သေဆုံးနေချိန်တွင် စစ်တပ်က မဲစာရင်းမှားသည်ဟု အကြောင်းပြပြီး အာဏာသိမ်းရာ လမ်းပေါ်ထွက် ဆန့်ကျင်ဆန္ဒပြမှုများနှင့် ရင်ဆိုင်ခဲ့ရသည်။ နိုင်ငံအနှံ့ ဆန္ဒပြသူများ ပစ်သတ်ခံရသဖြင့် ခုခံလိုသူ လူငယ်အများအပြားက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များထံတွင် စစ်ပညာသင်ယူခဲ့ကြသည်။
နိုင်ငံအနှံ့တွင် ထိုးစစ်ဆင်ခံနေရသည့် စစ်တပ် အထိနာနေပြီး စစ်သည်အင်အား အရေးတကြီးလိုအပ်နေချိန်တွင် စစ်မှုထမ်းဥပဒေကို အသက်သွင်းကာ လူငယ်များကို စုဆောင်းနေခြင်း ဖြစ်သည်။
စစ်တပ်က နိုင်ငံအနှံ့အပြားတွင် သတ်ဖြတ်ခြင်း၊ နေအိမ်များကို မီးရှို့ခြင်း၊ အရပ်ဘက်ပစ်မှတ်များကို တိုက်ခိုက်ခြင်းတို့ကြောင့် နာမည်ပျက်နေခြင်းကြောင့် စစ်ကောင်စီတပ်နှင့် ပူးပေါင်းရန် အများစုက ဝန်လေးနေကြသည်။