သတင်း

မြင်းခြံနှင့် နွားထိုးကြီးတွင် ကြံ့ခိုင်ရေးပါတီဝင် ၅ ဦး အသတ်ခံရ

မန္တလေးတိုင်း၊ မြင်းခြံနှင့် နွားထိုးကြီးမြို့နယ်တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင် ၅ ဦး ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ပစ်ခတ်သတ်ဖြတ်ခံရသည်ဟု ဒေသအခြေစိုက်ကာကွယ်ရေးအဖွဲ့တစ်ဖွဲ့က အတည်ပြုသည်။

အောက်တိုဘာ ၂ တွင် နွားထိုးကြီး-မလှိုင်ကားလမ်းပေါ်ရှိ ဆူးရစ်ကုန်းရွာမှ အသက် ၅၀ အရွယ် ဦးရွှေကျီး၊ ၆၇ နှစ်အရွယ် ဦးမောင်တင်၊ ၅၈ နှစ်အရွယ် ဦးတင်ရွှေ၊ ၃၄ နှစ်အရွယ် ကိုကျော်မျိုးအောင်တို့ ပစ်သတ်ခံရသည်။

နောက်တစ်နေ့ မွန်းတည့်ချိန်တွင် မြင်းခြံမြို့အနောက်ဘက် ၇ မိုင်ခန့်ရှိ ပတ္တာရွာနေ အသက် ၅၀ အရွယ် ဦးနိုင်ဦးဆိုသူ သေနတ်ဖြင့် ၃ ချက် ပစ်ခတ်ခံရသည်။ ကြံ့ခိုင်ရေးပါတီ ရပ်ကျေးကော်မတီဝင် ဦးနိုင်ဦးသည် ထိုရွာအုပ်ချုပ်ရေးအဖွဲ့တွင် ဆယ်အိမ်ခေါင်းအဖြစ် တာဝန်ယူထားသည်ဟု သိရသည်။

မြင်းခြံမြို့နယ်အခြေစိုက် ဒေါင်းမင်းတမာန်ပြောက်ကျားအဖွဲ့က ၅ ဦး သေဆုံးကြောင်း အတည်ပြုခဲ့သော်လည်း မည်သည့်အဖွဲ့လက်ချက်ဖြစ်သည်ကို မသိရကြောင်း ပြောသည်။

“မြင်းခြံ ပတ္တာရွာက တစ်ယောက်ရှိမယ်၊ နွားထိုးကြီး ဆူးရစ်ကုန်းက လေးယောက်ဖြစ်စဉ်တွေ ရှိပါတယ်” ဟု ထိုအဖွဲ့မှ တာဝန်ခံက ပြောသည်။

စစ်ကောင်စီတပ်ကို သတင်းပေးမှုကြောင့် ပစ်မှတ်ထားခံရခြင်း ဖြစ်သည်ဟု သိရကြောင်း၊ စစ်ကောင်စီဘက်တော်သားတို့ကလည်း ထိုသူများကို မုန်းတီးစေရန် ဝါဒဖြန့်ထားကြောင်း ၎င်းက စွပ်စွဲလိုက်သည်။

“ကြံ့ဖွံ့ပါတီဝင်တွေဆိုပြီး ပြည်သူအချင်းချင်း မုန်းအောင် ဝါဒဖြန့်ထားပေမဲ့ ဒီဘက်က မြေပြင်အခြေအနေမှာတော့ အဲ့ဒီလူတွေက တော်လှန်ရေးသမားတွေနဲ့ ပတ်သက်တဲ့သတင်းတွေ ပေးတာ၊ ဟိုလူက ထောက်ပို့နေပါတယ်…ဒီလူကတော့ တော်လှန်ရေးမှာ ဘယ်လိုပါနေပါတယ်ဆိုတာမျိုး စကစကို တိုင်ပြီးတော့ ရိုက်တာနှက်တာ၊ ဖမ်းဆီးထောင်ချတာတွေ လုပ်နေတဲ့သူတွေဖြစ်ပါတယ်။ အဲ့ဒါကြောင့် ရှင်းလင်းခံရတာပါ” ဟု သူက ဆိုသည်။

“ကျွန်တော်တို့နယ်ဘက်က ဘယ်ပါတီဝင်မို့ ရှင်းတယ်ဆိုတာမျိုး လုပ်ကြတာ မဟုတ်ပါဘူး။ ကြံ့ဖွံ့မို့လို့၊ NLD မို့လို့ ဆိုပြီး လုပ်တာမဟုတ်ဘူး။ ဒေသခံပြည်သူကို ဒုက္ခပေးလို့ ရှင်းလင်းခံရတာပါ”

၎င်းတို့အဖွဲ့အနေဖြင့်လည်း သတင်းပေး ခေါ် ဒလန်တို့ကို အရေးယူမည့် အစီအစဉ်နှင့် ပတ်သက်၍ မူဝါဒချမှတ်ထားသလို မှားယွင်းလုပ်ဆောင်မိပါက အရေးယူခံရမည်ဖြစ်ကြောင်း ဆိုသည်။

စစ်ကောင်စီဝါဒဖြန့် အွန်လိုင်းစာမျက်နှာများတွင် အထက်ပါ ဆူးရစ်ကုန်းရွာခံ ၄ ဦး သတ်ဖြတ်ခံရကြောင်း အောက်တိုဘာ ၃ ၌ ဖော်ပြထားကြသလို မြင်းခြံမြို့နယ်အတွင်း ပြည်ခိုင်ဖြိုးပါတီဝင်တစ်ဦး သတ်ခံရကြောင်းလည်း ထုတ်ပြန်ထားကြသည်။  ထိုသူများ ပစ်ခတ်သတ်ဖြတ်ခံရမှုဖြစ်စဉ် အသေးစိတ်မသိရဘဲ ကာကွယ်ရေးအဖွဲ့များ၏ လက်ချက်ဟုလည်း  စွပ်စွဲထားကြသည်။

မြင်းခြံနှင့် နွားထိုးကြီးမြို့နယ်များအတွင်း တိုက်ခိုက်များ

ထိုရက်များအတွင်း စစ်ကောင်စီတပ် လက်အောက်ခံ ပြည်သူ့စစ် ခေါ် ပျူစောထီးအဖွဲ့ဝင် သုံးဦး စီးနင်းလာသည့် မော်တော်ယာဉ် မြင်းခြံမြို့မြောက်ဘက် ၉ မိုင်ကျော်တွင် လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခံရသည်၊ ကျောက်ကန်ရွာ ပြည်သူ့စစ်များ မြင်းခြံမြို့ပေါ်သို့ စျေးသွားဝယ်စဉ် လမ်းတွင် တိုက်ခိုက်ခံရပြီး ဆေးကုသမှုခံယူနေရကြောင်း စစ်တပ်ဝါဒဖြန့် စာမျက်နှာများက ဆိုကြသည်။

အလားတူ နွားထိုးကြီးမြို့နယ်တွင်လည်း အောက်တိုဘာ ၃ ရက်နေ့က စစ်ကောင်စီလက်အောက်ခံတပ်ဖွဲ့ဝင်များ စီးနင်းလာသော ကားနှစ်စီးကို ကန်ရွာနှင့် ကန်ထောင့်ကျေးရွာအကြား ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) မန္တလေးခရိုင် အမှတ် (၃) တပ်ရင်းနှင့် ဒေသခံကာကွယ်ရေးအဖွဲ့ Myingyan Black Tiger တို့က မိုင်းဖြင့် တိုက်ခိုက်ခဲ့သည်ဟု သိရသည်။

ကား မိုင်းခွဲခံရသည့်နေရာအနီး စစ်ကောင်စီတပ်က အင်အား ၅၀ ဖြင့် ရောက်လာပြီး အနီးဝန်းကျင်ကို ပိတ်ဆို့ ရှာဖွေ စစ်ဆေးခဲ့သည်ဟု နွားထိုးကြီးဒေသခံ အမျိုးသားတစ်ဦးက အောက်တိုဘာ ၄ တွင် ပြောသည်။

မန္တလေးမြို့တောင်ဘက် မိုင်တစ်ရာနီးပါးသာ ဝေးသည့် မြင်းခြံခရိုင်အတွင်းရှိ မြို့နယ်များနှင့် ဧရာဝတီမြစ်တွင်း ကျေးရွာများကို အာဏာသိမ်းစစ်တပ်က အင်အားအများအပြားဖြင့် စစ်ကြောင်းထိုးကာ နယ်မြေစိုးမိုးနိုင်ရန် ကြိုးပမ်းနေသည်ဟု သိရသည်။

အလားတူ တော်လှန်ရေးအဖွဲ့များကလည်း ပြည်သူ့စစ်များ၊ စစ်တပ်သတင်းပေးဟု ယူဆရသူများကို သတ်ဖြတ်လျက်ရှိသည်။

ထိုသူများ အသတ်ခံရပါက စစ်ကောင်စီတပ်က အရပ်သားများကို ရန်ပြု၊ သတ်ဖြတ်လေ့ရှိခဲ့သည်။

စက်တင်ဘာ ၁၀ တွင် မြင်းခြံမြို့ တောင်ဘက် ၃ မိုင်အကွာရှိ ဂျုပ်ပင်ရွာ၏ အုပ်ချုပ်ရေးမှူးနှင့် ကြံ့ခိုင်ရေးပါတီ ဥက္ကဋ္ဌဖြစ်သူ အသက် ၅၀ အရွယ် ဦးဝင်းလှိုင်ဆိုသူ နေအိမ်တွင် ပစ်သတ်ခံလိုက်ရသည်။ စစ်ကောင်စီတပ်က ဂျုပ်ပင်ရွာသို့ ညတွင်းချင်း ကားဖြင့် ရောက်လာကာ ရွာသား သုံးဦးကို ဖမ်းဆီးသတ်ဖြတ်ခဲ့သည်။

မြင်းခြံမြို့နယ်၊ နဘူးအိုင်ရွာတွင် လုပ်ငန်းရှင်သားအဖ နှစ်ဦး စက်တင်ဘာ ၂၅ ညနေက ဖမ်းဆီး သတ်ဖြတ်ခံရပြီး အလောင်းများစွန့်ပစ်ခံရသည့်ဖြစ်စဉ်လည်း ရှိခဲ့သေးသည်။ အဆိုပါ လုပ်ငန်းရှင်သားအဖနှစ်ဦး၏ အလောင်းတွင် ကျည်ထိဒဏ်ရာအပြင် ဓားဒဏ်ရာများလည်း တွေ့ရကြောင်း၊ သတ်ဖြတ်သူများမှာ ပျူစောထီးအဖွဲ့ဝင်များဖြစ်နိုင်ကြောင်း မြင်းခြံဒေသခံတို့က ပြောထားသည်။

ထို့ပြင် စက်တင်ဘာ ၂၇ တွင် မြင်းခြံမြို့အရှေ့ဘက် ၁၅ မိုင်အကွာရှိ ပျိုးကန်ရွာတွင် စစ်ကောင်စီသတင်းပေးဟု စွပ်စွဲခံရသူ လေးဦး အသတ်ခံလိုက်ပြီးနောက် စစ်ကောင်စီက အင်အား ၃၀ ခန့်ပါသည့် စစ်ကြောင်းဖြင့် ရွာအတွင်း တပ်စွဲမွှေနှောက်ခဲ့ကြောင်း RFA သတင်းတစ်ပုဒ်တွင် တွေ့ရသည်။

စစ်ကောင်စီတပ်သည် ပျိုးကန်ရွာအတွင်း တပ်စွဲ၍ ရွာသားများကို စစ်ဆေးမြန်းခဲ့သလို သတ်ဖြတ်ခံရသူများ၏ နေအိမ်နှင့် ကပ်လျက်တွင်ရှိသော အိမ်များမှ လက်ဝတ်ရတနာများကိုလည်း ယူဆောင်သွားကြသည်ဟု ထိုသတင်းတွင် ဖော်ပြထားသည်။

ရပ်ကွက်ကျေးရွာများအတွင်း လုယက်၊ သတ်ဖြတ်မှု သတင်းဖော်ပြချက်များနှင့် ပတ်သက်ပြီး စစ်ကောင်စီက တုံ့ပြန်လေ့မရှိပေ။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်

Show More

Related Articles

Back to top button