သတင်း

မြင်းခြံတွင် လုပ်ငန်းရှင်သားအဖနှစ်ဦး လုယက် ဖမ်းဆီး သတ်ဖြတ်ခံရ

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ နဘူးအိုင်ကျေးရွာနေ လုပ်ငန်းရှင် သားအဖနှစ်ဦးကို လူတစ်စုက ယမန်နေ့ (စက်တင်ဘာ ၂၅) ညပိုင်းတွင် ဝင်ရောက်ဖမ်းဆီးသွားပြီး နောက်တစ်နေ့တွင် ထိုနှစ်ဦး၏ ရုပ်အလောင်းများကို လမ်းပေါ်တွင် တွေ့ရကြောင်း ဒေသခံများက ပြောကြသည်။

ထိုအလောင်းများကို ငါန်းဇွန်မြို့နယ်၊ ပေါက်စိမ်းကျေးရွာလမ်းဆုံ၊ မြို့သာ-မြင်းခြံ ကားလမ်းပေါ်တွင် တွေ့ခဲ့ရသည့် ဒေသခံတစ်ဦးက ၅၇ နှစ်အရွယ် ဦးလှနီတွင် ကျည်သင့်ဒဏ်ရာ တစ်ချက်ရှိပြီး ညာဘက်လက်တွင် ဓားဒဏ်ရာ သုံးချက်ရှိသည်၊ ၃၈ နှစ်အရွယ် ကိုသိန်းဝေဦး၏ ဦးခေါင်းနှင့် မျက်နှာ ကြေမွနေသည်ဟု ဆိုသည်။

“သားက ရုပ်ကို မပီတော့ဘူး၊ ရက်ရက်စက်စက်ကို လုပ်ထားတာ၊ ဓားနဲ့ရော….သေနတ်ဒဏ်ရာတွေရော။ လက်ပြန်ကြိုးတုပ်ပြီး သတ်ထားကြတာ” ဟု အဆိုပါ နဘူးအိုင်ရွာသားက ပြောပြသည်။

ထိုမိသားစုဝင်များသည် နိုင်ငံရေးကင်းရှင်းကာ အေးအေးချမ်းချမ်း နေထိုင်ကြသူများ ဖြစ်ကြသည်ဟု ရွာခံများက ဆိုကြသည်။

ည ၁၀ နာရီကျော်ခန့်က မုန့်ဖတ်လုပ်ငန်းလုပ်ကိုင်သော မိသားစုဝင် ၅ ဦးရှိသည့် နေအိမ်သို့ ရောက်လာသော အရပ်ဝတ် ၁၀ ဦးကျော်က ဓားနှင့် သေနတ် ကိုင်ဆောင်ထားကြသည်ဟု အထက်ပါရွာသားက ဆိုသည်။

“နေအိမ်ခြံစည်းရိုးကို ကျော်ဝင်လာကြပြီးတော့ ပထမဆုံး သားအငယ်ဖြစ်တဲ့ ကိုသိန်းဆွေဦးကို မင်း.. မဟုတ်ဘူးဆိုပြီး ထိုင်ခိုင်းထားတယ်။ အဖေနဲ့ သားအကြီးဖြစ်တဲ့သူကို ခေါင်းတွေ အိတ်စွပ်တယ်။ အိမ်ထဲ ဝင်ပြီး သမီးဖြစ်သူထံက ငွေသိန်းတစ်ရာကျော်နဲ့ လက်ဝတ်လက်စားတွေကို ယူပြီး သားအဖကို ဖမ်းခေါ်သွားတယ်” ဟု သူက ဆိုသည်။

အဆိုပါ သတ်ဖြတ်မှုသည် စစ်တပ်ဘက်တော်သား “သွေးသောက်” အမည်ခံအဖွဲ့၏ လှုပ်ရှားမှုနှင့် ဆင်တူသည်ဟု ဒေသခံများက ပြောနေကြသည်။

မြင်းခြံခရိုင်လူထုလှုပ်ရှားမှုကော်မတီက ထိုသတ်ဖြတ်မှု ကျူးလွန်ရာတွင် ဦးဆောင်သူတို့မှာ လယ်သစ်ကျေးရွာမှ ပျူစောထီးငပေါက်ဆိုသူနှင့် ကံလှရွာမှ ပျူစောထီးဝင်းကြိုင်တို့ နှစ်ဦးဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

အထက်ပါ ပျူစောထီးခေါင်းဆောင်နှစ်ဦးက နဘူးအိုင်ရွာ သားအဖနှစ်ဦးကို လာရောက်ဖမ်းဆီးရာတွင် ပါဝင်ကြောင်း မြင်းခြံဒေသခံတစ်ဦးကလည်း ဆိုသည်။

“လာဖမ်းတဲ့ ၁၀ ဦးထဲမှာ သူတို့နှစ်ဦးပါတယ်။ ကျန်တဲ့လူတွေကလည်း သူတို့လူတွေလို့ သိရတယ်။ သူတို့က ဒီနယ်တစ်ကြောမှာ ဒုက္ခပေးနေတာ” ဟု သူက ပြောသည်။

၂၀၂၁ တွင် အာဏာသိမ်း စစ်တပ်က ပျူစောထီးအဖွဲ့ဝင် ဝင်းကြိုင်ဆိုသူကို လက်နက်ကိုင်ဆောင်ခွင့် ပြုထားသည်ဟု သူက ဆိုသည်။

“သူနဲ့အဖွဲ့က PDF ဆိုတာ မပေါ်ခင်ကတည်းက စစ်တပ်က ပေးတဲ့ လက်နက်ကိုင်ပြီး ရွာကို ခြောက်လှန့် အာဏာပြတယ်။ စစ်တပ်ကို သတင်းပေးလုပ်တယ်။ ဒီတစ်ကြောက ရွာတွေကို သူတို့ ဒုက္ခပေးနေကြတယ်။ အားလုံးက သူတို့ကို ကြောက်လန့်နေကြရတယ်” ဟု သူက ဆက်ပြောသည်။

“ဒါဖြစ်ပြီးနောက် အခု ရွာကလည်း ကြောက်လန့်နေကြတယ်။ ငွေကြေးချမ်းသာသူတွေလည်း သူတို့အလှည့် ရောက်မလားဆိုပြီး စိုးရိမ်စိတ်တွေ ဖြစ်နေကြတယ်”

ရုပ်အလောင်းများကို ယနေ့နံနက်ပိုင်းတွင် မြို့သာဆေးရုံသို့ ပို့ဆောင်ခဲ့သည်၊ ကျန်မိသားစုဝင်များက နံနက် ၈ နာရီတွင် အလောင်းများထုတ်ယူကာ နဘူးအိုင်ရွာသုသာန်တွင် မြေမြှုပ် သင်္ဂြိုဟ်လိုက်သည်ဟု ဒေသခံများထံမှ သိရသည်။

မန္တလေးတိုင်းအတွင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ထောက်ခံသူများ၊ ပါတီဝင်များ၊ နိုင်ငံရေးသမားများသည် အထက်ပါ သားအဖကဲ့သို့ ပစ်မှတ်ထား ဖမ်းဆီးသတ်ဖြတ်မှုများကို ယခင်နှစ်များကတည်းက ရင်ဆိုင်ခဲ့ကြရသည်။

စစ်ကောင်စီ ဝါဒဖြန့် အွန်လိုင်းစာမျက်နှာတချို့တွင်မူ ထိုသားအဖကို သတ်ဖြတ်သူတို့မှာ တော်လှန်ရေးသမားများဖြစ်သည်ဟု ရေးသားထားကြသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်

Show More

Related Articles

Back to top button