ရွေးကောက်ပွဲ

တပ်ချုပ်၏ ရွေးကောက်ပွဲ ‘အကြံပြုချက်’ ဆိုသော စာရွက်များဖြန့်ဝေ 

လာမည့် ၂၀၂၀ ရွေးကောက်ပွဲတွင် မှန်ကန်စွာရွေးချယ်ဆန္ဒမဲပေးနိုင်ရန် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ အကြံပြုချက်ခြောက်ချက် ဖော်ပြထားသည့် စာရွက်များကို ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ်ရှိ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များနှင့် အရန်အဖွဲ့ဝင်များကို ဖြန့်ဝေပေးခဲ့ခြင်းဖြစ်သည်။ 

အဆိုပါစာရွက်များတွင် ရေးသားထားသည့် အကြံပြုချက်များအရ ပြည်ပအဖွဲ့အစည်းနှင့် နိုင်ငံခြားသားများ၏ လွှမ်းမိုးမှုမရှိသူ၊ တပ်မတော်အပေါ်စာနာနားလည်မှုရှိသူ၊ အမျိုးဘာသာ သာသနာကို မှန်မှန်ကန်ကန်နှင့် စနစ်တကျ ထိန်းသိမ်းနိုင်သူများကို မြို့နယ်စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များနှင့် အရန်အဖွဲ့ဝင်များက ရွေးချယ်ဆန္ဒမဲပေးရန် ဖြစ်သည်။ 

အကြံပြုချက်များတွင် နိုင်ငံနှင့်ဒေသကို အကျိုးပြုမည့်သူ၊ နိုင်ငံရေး၊ စီးပွားရေး၊ အုပ်ချုပ်ရေး၊ ကာကွယ်ရေး အမြင်ရှိသူ၊ ဒို့တာဝန်အရေးသုံးပါးကို ထိန်းသိမ်းစောင့်ရှောက်နိုင်သူဟုလည်း ပါရှိသည်။  

ရွေးကောက်ပွဲတွင် ယင်းအရည်အချင်းခြောက်မျိုးနှင့် ပြည့်စုံသူများကို ရွေးချယ်ရန် တပ်ချုပ်၏ အကြံပြုချက်စာရွက်များကို မြစ်ကြီးနားမြို့ ယုဇနနှင့် မြေမြင့်ရပ်ကွက်အတွင်းရှိ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များကို ဩဂုတ် ၁၇ မှစ၍ ဖြန့်ဝေခဲ့ခြင်းဖြစ်သည်။ 

“စစ်မှုထမ်းဟောင်းအဖွဲ့က လာပေးတာ။ ယုဇနရပ်ကွက်ထဲမှာ လာဖြန့်တော့ တွေ့တာပါ။ အဓိပ္ပာယ်က သိသိသာသာကြီး။ နာမည်ထည့်မရေးတာပဲ ရှိတယ်။ NLD (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ) ကို မထည့်နဲ့ဆိုတာ ဘယ်သူမဆို သဘောပေါက်တဲ့ဟာကြီး။ ဒါက ရွေးကောက်ပွဲဥပဒေနဲ့ရော ကိုက်ညီရဲ့လား” ဟု ယင်းစာရွက်များကို တွေ့ရှိခဲ့သူ မြစ်ကြီးနားဒေသခံ ကိုဖြိုးက Myanmar Now ကို ပြောသည်။

ယင်းစာရွက်များကို မြစ်ကြီးနားမြို့ရှိ စစ်မှုထမ်းဟောင်း တပ်မိသားစုဝင်များ၊ ၎င်းတို့နှင့် ပတ်သက်ဆက်နွှယ်နေသူများကို မြို့နယ်စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များက ဩဂုတ် ၁၇ တွင် လိုက်လံပေးဝေခဲ့သည်ဟုလည်း ၎င်းက ပြောသည်။ 

မြစ်ကြီးနားမြို့နယ်စစ်မှုထမ်းဟောင်းအဖွဲ့၏ ညွှန်ကြားချက်အရ ဖြန့်ဝေခဲ့ခြင်းဖြစ်သည်ဟု စာရွက်များဖြန့်ဝေခဲ့သူတစ်ဦးဖြစ်သည့် မြစ်ကြီးနားမြို့ မြေမြင့်ရပ်ကွက်စစ်မှုထမ်းဟောင်းအဖွဲ့၏ စည်းရုံးရေးတာဝန်ခံ စစ်မှုထမ်းဟောင်း ဦးရတန်းကူးမားက ပြောသည်။

မြစ်ကြီးနားမြို့တွင် ဖြန့်ဝေခဲ့သည့် တပ်ချုပ်၏ အကြံပြုချက် ၆ ချက်ပါစာ

“စာက တပ်မတော် ဗိုလ်ချုပ်မှူးကြီးရဲ့ အကြံပြုချက်တွေဆိုပြီးတော့ ရေးထားတယ်။ မြေမြင့်ရပ်ကွက်က စစ်မှုထမ်းဟောင်းအဖွဲ့အစည်းအဝေးကနေ ပေးလိုက်လို့ ကျွန်တော်ကလည်း ကျွန်တော့်ရပ်ကွက်ထဲ ပြန်ပေးရတယ်။ တစ်မြို့နယ်လုံးက ရပ်ကွက်အလိုက်ကို ပေးတာပေါ့” ဟု ဦးရတန်းကူးမားက ပြောသည်။

ဦးရတန်းကူးမားသည် မြေမြင့်ရပ်ကွက်နေ စစ်မှုထမ်းဟောင်းအိမ်ထောင်စု ၁၂ စုကို စာရွက်များ ဖြန့်ဝေပေးခဲ့ပြီး ယုဇနရပ်ကွက်တွင်လည်း အလားတူ ဖြန့်ဝေပေးနေကြောင်း ပြောသည်။

သို့သော် အဆိုပါစာများ ဖြန့်ဝေခြင်းသည် တပ်မတော်၏ညွှန်ကြားမှု သို့မဟုတ် နိုင်ငံရေးပါတီများ၏ ညွှန်ကြားမှု ဟုတ်မဟုတ်ကိုမူ ၎င်းအနေဖြင့် မသိရှိကြောင်း ပြောသည်။ 

“(ရပ်ကွက်စစ်မှုထမ်းဟောင်း) အဖွဲ့က တို့ကို ခေါ်ပြောတယ်။ မိသားစုဝင်တွေကို ပေးလိုက်တယ်။ တို့က အတ္တစွန်းတာတွေလည်း မပါပါဘူး။ မဲပေးဖို့ ကာကွယ်ရေးဦးစီးချုပ်ရဲ့ အကြံပြုချက်တွေပါပဲ” ဟု ဦးရတန်းကူးမားက ပြောသည်။

ကချင်ပြည်နယ်စစ်မှုထမ်းဟောင်းအဖွဲ့ဥက္ကဋ္ဌ အငြိမ်းစားဗိုလ်မှူးအုန်းသွင်ကမူ အဆိုပါစာရွက်များ ဖြန့်ဝေခြင်းကိစ္စကို မသိရှိဟု ပြောသည်။

မြစ်ကြီးနားမြို့တွင် စစ်မှုထမ်းဟောင်းအဖွဲ့ဝင် ၄,၀၀၀ ခန့်ရှိပြီး ရွေးကောက်ပွဲအတွက် စည်းရုံးလှုံ့ဆော်ရန် ညွှန်ကြားထားခြင်းမရှိကြောင်း အငြိမ်းစားဗိုလ်မှူးအုန်းသွင်က ပြောသည်။

ရွေးကောက်ပွဲတွင် ဆန္ဒမဲပေးရန်ကိစ္စနှင့် ပတ်သက်၍ စစ်မှုထမ်းဟောင်းအဖွဲ့ဗဟိုက စာဖြင့် ညွှန်ကြားမှုမရှိဘဲ တိုင်းပြည်ကောင်းအောင်လုပ်ပေးမည့်သူကို ရွေးချယ်ရန် နှုတ်ဖြင့် ပြောဆိုမှုများသာ ရှိသည်ဟု ရန်ကုန်တိုင်းဒေသကြီး စစ်မှုထမ်းဟောင်းအဖွဲ့ဝင်တစ်ဦးဖြစ်သည့် အငြိမ်းစားဗိုလ်မှူးကြီးရန်နိုင်ဦးက ပြောသည်။

မြဝတီသတင်းစာနောက်ကျောဖုံးပါ နိုင်ငံရေးပါတီများနှင့်တွေ့ဆုံပွဲတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်‌ ပြောကြားခဲ့သည်များကောက်နုတ်ချက် 

အဆိုပါအကြံပြုချက်များသည် ယခုရက်ပိုင်း တပ်မတော်ပိုင် မြဝတီသတင်းစာများ၏ နောက်ကျောဖုံးတွင် ဖော်ပြထားသည့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် နိုင်ငံရေးပါတီ ၃၄ ခုတွေ့ဆုံပွဲတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ပြောကြားခဲ့သည်မှ ကောက်နုတ်ချက်များနှင့် အတူတူပင် ဖြစ်သည်။ 

နိုင်ငံရေးပါတီ ၃၄ ခုမှ ခေါင်းဆောင်များနှင့် ဩဂုတ် ၁၄ တွင် နေပြည်တော်၌ တွေ့ဆုံခဲ့ရာတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ပြောကြားခဲ့သည်များမှ ကောက်နုတ်ချက်များကို ဩဂုတ် ၁၅ မှစ၍ ယနေ့ထုတ်အထိ မြဝတီသတင်းစာ နောက်ကျောဖုံးတွင် ဆက်တိုက်ဖော်ပြခဲ့သည်။

Show More

Related Articles

Back to top button