သတင်း

ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးဒေသတွင် စစ်ကောင်စီ ထင်တိုင်းကြဲနေ

နိုင်ငံတောင်ပိုင်း၊ ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ် ခလယ်တံခွန်တိုင်ဒေသအတွင်း စစ်ရေးလှုပ်ရှားနေသည့် စစ်ကောင်စီတပ်ဖွဲ့က ဒေသခံများကို ဖမ်းဆီး ရိုက်နှက်၊ အိုးအိမ်များကို ဖျက်ဆီးနေသည်ဟု စုံစမ်းသိရှိရသည်။

ကရင်ပြည်နယ်နှင့် ကပ်လျက် မွန်ပြည်နယ် မုဒုံ-ဘုရားငါးဆူ-တံခွန်တိုင် ကားလမ်းပိုင်းမှတစ်ဆင့် စစ်သား၊ စစ်ကောင်စီလက်အောက်ခံ ကရင်ပြည်နယ်အခြေစိုက် နယ်ခြားစောင့်တပ် (BGF) ပူးပေါင်းအင်အား ၁၀၀ ခန့် စက်တင်ဘာ ၂၀ ဝန်းကျင်တွင် ထိုဒေသသို့ ရောက်လာခြင်းဖြစ်သည်။

“(ဒေသခံတွေကို) ဖမ်းလိုက်၊ ထုလိုက်ထောင်းလိုက်၊ ကြိုက်ရာပစ္စည်း ရွေးယူလိုက်၊ မကြိုက်တာတွေ ဖျက်ဆီးသွားလိုက်နဲ့ အိုးအိမ် ပရိဘောဂ အကုန်ရစရာမရှိဖြစ်နေတာ၊ အခြေအနေကို မေးရင်တော့ ပုံမှန်လို့ပဲ ပြောရမှာပါ။ နေ့တိုင်း သတ်ဖြတ်ဖျက်ဆီးတာ ပုံမှန်ဖြစ်တာကို ပြောတာပါ” ဟု ဒူးပလာယာခရိုင်၊ ကရင်အမျိုးသားအစည်းအရုံး (KNU) တာဝန်ရှိသူ အမျိုးသားတစ်ဦးက ပြောသည်။

ခလယ်တံခွန်တိုင်ဒေသသည် ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်အစပ်တွင် ရှိပြီး မွန်၊ ဗမာ၊ ကရင်၊ ပအိုဝ်းတိုင်းရင်းသားများ ရောနှောနေထိုင်သည်။ ဝါရင့်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ KNU က မွန်ပြည်နယ်မှ ရေးမြို့နယ်နှင့် ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ်တို့ကို ပေါင်း၍ ဝင်းရေးမြို့နယ်ဟု သတ်မှတ်ကာ တပ်မဟာ (၆) ဒူးပလာယာခရိုင်အတွင်း ထည့်သွင်းထားသည်။

“စစ်တပ်က ဒေသခံတွေကို ကာဗာ (လူသားဒိုင်း) သဘောမျိုး ယူထားတာရှိတယ်။ မသင်္ကာရင် ဖမ်းဆီးတယ် ရိုက်တာမျိုး ရှိတယ်” ဟု KNU  ဝင်းရေးမြို့နယ်အဆင့် တာဝန်ရှိသူ အမျိုးသားတစ်ဦးက ဆိုသည်။

ဒေသခံမည်မျှ ဖမ်းဆီးခံထားရသည်ကိုမူ အသေးစိတ်မသိရသေးပေ။

နိုင်ငံတောင်ပိုင်းတွင် KNU နှင့် တော်လှန်ရေးအဖွဲ့များ၏ တိုက်ခိုက်မှုများကြောင့် အထိနာနေသည့် စစ်ကောင်စီက ဘုရားငါးဆူရွာနှင့် မုဒုံအခြေစိုက် တပ်ရင်းများမှနေ၍ ခလယ်တံခွန်တိုင် အနီးဝန်းကျင်ကို လက်နက်ကြီးများဖြင့် ပုံမှန် ပစ်ခတ်တိုက်ခိုက်နေခြင်းကြောင့် ဒေသခံ တစ်သောင်းကျော် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရသည်။

စက်တင်ဘာ ပထမပတ်တွင် ယင်းဒေသအတွင်းသို့ စစ်ကြောင်းထိုး ဝင်ရောက်လာသည့် စစ်ကောင်စီတပ်ကို KNU လက်အောက်ခံ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နှင့် တော်လှန်ရေးအင်အားစုများက ဝိုင်းဝန်းခုခံတိုက်ခိုက်နေသည်။

အဆိုပါတိုက်ပွဲများတွင် ပါဝင်ခဲ့သည့် နဂါးနီစစ်ကြောင်း တာဝန်ရှိသူ အမျိုးသားတစ်ဦးက တံခွန်တိုင်ရွာအတွင်း၌ စစ်တပ် အခြေချ တပ်စွဲထားပြီး ဒေသခံများကို ဖမ်းဆီးရိုက်နှက်နေကြောင်း၊ တော်လှန်ရေးအဖွဲ့များ လာရောက်ပစ်ခတ်လျှင် ဖမ်းဆီးထားသူများကို အကာအကွယ်ယူကာ လူသားတံတိုင်းပုံစံမျိုး ပြုလုပ်ထားကြောင်း ပြောဆိုသည်။

စက်တင်ဘာ ၁၈ ရက်နေ့တွင် ခလယ်ရွာအတွင်းသို့ ပြန်လာသည့် ဒေသခံတစ်ဦးကိုလည်း စစ်ကောင်စီဘက်က ဖမ်းဆီးပြီး ခြေထောက်၊ လက်နှင့် လည်ပင်းကို ကြိုးများဖြင့် တုပ်နှောင်ကာ ညှဉ်းပန်းနှိပ်စက်ပြီး စစ်ဆေးမေးမြန်းခဲ့ကြောင်း KNU ဒူးပလာယာခရိုင် – သတင်းနှင့် ပြန်ကြားရေးဌာနက စက်တင်ဘာ ၂၅ တွင် သတင်းထုတ်ပြန်ထားသည်။

အထက်ပါဖြစ်စဉ်များနှင့် ပတ်သက်ပြီး စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ခြင်း မရှိဘဲ ရေငုံနှုတ်ပိတ်နေလျက်ရှိသည်။ အသေးစိတ်အခြေအနေများကို သီးခြားအတည်မပြုနိုင်သေးပေ။

KNU/KNLA သည် စစ်အာဏာသိမ်းမှုကို အတိအလင်း ဆန့်ကျင်ပြီး တော်လှန်ရေးအင်အားစုများနှင့် လက်တွဲကာ စစ်ကောင်စီကို ပြန်လည်တိုက်ခိုက်နေသည်။

တစ်နိုင်ငံလုံးအနှံ့ စစ်မျက်နှာဖွင့်ထားရသည့် စစ်ကောင်စီသည် ကရင်ပြည်နယ်အတွင်း၌ KNU/KNLA ပူးပေါင်းတပ်ဖွဲ့ဝင်များ၏ ပိတ်ဆို့တိုက်ခိုက်မှုများကြောင့် ကာလရှည်ကြာ တပ်စွဲထားသည့် ခြေကုပ်စခန်းများကို တစ်ခုပြီးတစ်ခု လက်လွှတ်ဆုံးရှုံးနေရသည်။

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ် ခလယ်တံခွန်တိုင်ဒေသတွင် စစ်ကောင်စီလက်ချက်ကြောင့် ပျက်စီးသွားသည့် နေအိမ်တစ်လုံး။ (ဓာတ်ပုံ –  ဒူးပလာယာခရိုင် – သတင်းနှင့်ပြန်ကြားရေး)

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ အာဏာသိမ်းချိန်မှစတင်၍ ၂၀၂၃ ခုနှစ် ဇူလိုင်လအထိ KNU/KNLA နှင့် မဟာမိတ်များက စစ်ကောင်စီ၏ တပ်စခန်း ၆၂ ခုကို ထိုးစစ်ဆင် သိမ်းပိုက်နိုင်ခဲ့ကြောင်း ကရင်ငြိမ်းချမ်းရေးအထောက်အကူပြုကွန်ရက် (KPSN) က စက်တင်ဘာ ၂၇ ရက်နေ့တွင် အစီရင်ခံစာတစ်စောင် ထုတ်ပြန်ခဲ့သည်။

ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့အနီးရှိ စစ်ရေးအရ အချက်အချာကျသည့် လက်ခတ်တောင်ကိုလည်း KNLA ပူးပေါင်းတပ်ဖွဲ့ဝင်များက ဇူလိုင်လကုန်ပိုင်းတွင် တိုက်ခိုက်သိမ်းယူထားနိုင်ခဲ့သည်။ အဆိုပါ လက်ခတ်တောင်ကို ပြန်လည်ရရှိရန် စစ်ကောင်စီဘက်က အပြင်းအထန်ကြိုးပမ်းနေသော်လည်း တော်လှန်ရေးအင်အားစုများက ထိန်းချုပ်ထားနိုင်ဆဲဖြစ်သည်။

ထို့အတူ စက်တင်ဘာ ၃ရက်ကပင် မြဝတီမြို့ခရိုင်အုပ်ချုပ်ရေးမှူးရုံးကို တော်လှန်ရေးအဖွဲ့က ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်ခဲ့ရာ ယာယီတပ်ရင်းမှူး ဒုဗိုလ်မှူးကြီး၊ ခရိုင်အုပ်ချုပ်ရေးမှူးအပါအဝင် ၅ ဦး သေကာ ဒဏ်ရာရသူများရှိခဲ့သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်

Show More

Related Articles

Back to top button