ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့တွင်းတိုက်ပွဲတွင် တစ်ရက်အတွင်း အရပ်သား ၁၉ ဦး ထိခိုက်ဒဏ်ရာရသည့် အခြေအနေကြောင့် ကရင်အမျိုးသားအစည်းအရုံး (KNU) ဦးဆောင်သည့် တပ်များလည်း မြို့တွင်းမှ ပြန်ဆုတ်ခွာခဲ့သည်ဟု သိရသည်။
ယမန်နေ့ (နိုဝင်ဘာ ၂) က တစ်နေကုန်နီးပါး ပြင်းထန်ခဲ့သော ထိုတိုက်ပွဲတွင် စစ်ကောင်စီတပ်ဘက်က လက်နက်ကြီးများဖြင့် ပစ်ခတ်သလို ရဟတ်ယာဉ်များကလည်း လာရောက် တိုက်ခိုက် ပစ်ခတ်ခဲ့သည်ဟု KNU တပ်မဟာ ၆ ၏ ခရိုင်အဆင့် တာဝန်ရှိသူတစ်ဦးက ပြောသည်။
“စစ်ကောင်စီရဲ့ လက်နက်ကြီး၊ ဗုံးဆန်ကြောင့် လူထု ထိခိုက်ဒဏ်ရာရသူ ၁၉ ဦး ရှိတယ်လို့ ကြားရတယ်။ သေဆုံးမှုတော့ မသိရသေးဘူး။ တိုက်ပွဲဆက်ဖြစ်ရင် စစ်ကောင်စီက မညှာတမ်း လူထုကြားထဲကို ဗုံးကြဲနေတော့ အဆင်မပြေဘူး။ ဒီဘက်က ပြန်ခွာပေးခဲ့ရတယ်” ဟု KNU ခရိုင်အဆင့်တာဝန်ရှိသူက ဆိုသည်။
ဒဏ်ရာရသွားသည့် ဒေသခံများ၏ အမည်၊ အသက်အရွယ်နှင့် အခြေအနေအသေးစိတ်၊ ဒဏ်ရာရအရပ်သား သေဆုံးမှု ရှိမရှိကို မသိရသေးပေ။
တော်လှန်ရေးအင်အားစုဘက်မှ ဒုစစ်ကြောင်းမှူး ၁ ဦးနှင့် အခြားအဆင့် ၁ ဦး သေဆုံးခဲ့သည်ဟု သိရသည်။
“၁၀၂၇ စစ်ဆင်ရေး” အမည်ဖြင့် မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့က ရှမ်းပြည်နယ်မြောက်ပိုင်းရှိ စစ်စခန်းများ၊ မြို့များကို ဝင်ရောက်တိုက်ခိုက်နေကြစဉ် နိုင်ငံတောင်ပိုင်း ကရင်ပြည်နယ်အတွင်း စစ်ရေးအရှိန်မြှင့်သည့်အနေဖြင့် စစ်တပ်အခြေစိုက်စခန်းများကို KNU လက်အောက်ခံ ပူးပေါင်းတပ်များက အခြေစိုက်စခန်းများနှင့် မြို့များအတွင်း ဝင်ရောက်တိုက်ခိုက်ကြခြင်းဖြစ်သည်။
နိုဝင်ဘာ ၂ ရက်နေ့၊ နံနက် ၄ နာရီခန့်တွင် ကော့ကရိတ်မြို့နယ်ရှိ စစ်တပ်အခြေစိုက်စခန်းများ၊ ကြာအင်းဆိပ်ကြီးမြို့နယ် ထိုင်း-မြန်မာနယ်စပ် ကွီးလုံတိုင် (ကွီးလက်တဲ) စခန်း၊ မြဝတီမြို့နယ် ဝေါလေဒေသရှိ ကနဲလေးစခန်းတို့ကို KNU, PDF ပူးပေါင်းတပ်များက တစ်ပြိုင်နက် ဝင်တိုက်ခဲ့သည်။
ကြာအင်းဆိပ်ကြီးမြို့မှ ပြန်ဆုတ်ခဲ့ရသော်လည်း ကျန်နေရာများတွင် တိုက်ပွဲများ ဆက်ဖြစ်နေသေးကြောင်း KNU တပ်မဟာ ၆ ဗျူဟာမှူး ဗိုလ်မှူးကြီးနယ်ဒါးထူးက ပြောသည်။
“ကျန်တဲ့ နေရာသုံးခုက (တပ်တွေ) မဆုတ်သေးဘူး။ စခန်းတော့ မသိမ်းနိုင်သေးဘူး” ဟု သူက ယနေ့ မွန်းလွဲပိုင်းတွင် ပြောသည်။
ကြာအင်းဆိပ်ကြီးမြို့တိုက်ပွဲတွင် KNU တပ်များနှင့်အတူ ကော်သူလေးအာမီ (KTLA) ၏ Lion Battalion ကွန်မန်ဒိုစစ်ကြောင်း၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) လက်အောက်ခံများဖြစ်သော ဂဠုန်စစ်ကြောင်းနှင့် Saw Dragon Drone Force (SDDF) တို့ ပူးပေါင်း ပါဝင်ခဲ့သည်။
သေဆုံးသည့် ဒုစစ်ကြောင်းမှူးမှာ Lion Battalion မှ ဖြစ်သည်။
ကြာအင်းဆိပ်ကြီးမြို့တွင် စစ်ကောင်စီ၏ ခြေလျင်တပ်ရင်းများဖြစ်ကြသည့် အမှတ် (၃၂)၊ အမှတ် (၂၈၃)၊ အမှတ် (၂၈၄) တို့ ရှိနေပြီး ကော့ကရိတ်မြို့တွင် အမှတ် (၉၇) ခြေလျင်တပ်ရင်းနှင့် အမှတ် (၂၀၇) ခြေမြန်တပ်ရင်းမှ ထုတ်နုတ်အင်အားတချို့ တပ်စွဲထားသည်။
ကျိုက်ဒုံမြို့နယ်ခွဲအတွင်းရှိ မဆုတ်တမ်းခံစစ်စခန်းအဖြစ် ကြေညာထားသော စစ်တပ်၏ ကွီးလုံတိုင် (ကွီးလက်တဲ) စခန်းကို KNU က ရက်အတန်ကြာ ပိတ်ဆို့ဖြတ်တောက်ထားပြီးမှ ဝင်ရောက်တိုက်ခိုက်နေခြင်း ဖြစ်သည်။
အလားတူ မြဝတီမြို့နယ် ဝေါလေဒေသအတွင်း၌ တည်ရှိသည့် ကနဲလေးစခန်းသည် အမြောက်တပ် တပ်စွဲထားသည့် စခန်းကုန်းတစ်ခုဖြစ်သည်။
၁၀၂၇ စစ်ဆင်ရေး အစပြုသည့် အောက်တိုဘာ ၂၇ ရက်မှစတင်၍ ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ပေါ်တွင် တိုက်ပွဲများ ဖြစ်နေပြီး မြို့ပတ်ပတ်လည်တွင် KNU,PDF ပူးပေါင်းတပ်များက နေရာယူထားကြသည်။
၁၀၂၇ စစ်ဆင်ရေး ၇ ရက်အတွင်း ရှမ်းမြောက်ရှိ စစ်တပ်စခန်းပေါင်း ၉၀ ကျော်နှင့် မြို့ ၄ မြို့ကို သိမ်းယူထားနိုင်ခဲ့သည်။
နိုင်ငံတောင်ပိုင်းတွင် အလားတူ လျင်မြန်စွာ တိုက်ခိုက်ရန် ခက်ခဲနေခြင်းသည် အမိန့်ပေးစနစ် တစ်ခုတည်းမရှိခြင်း၊ လက်နက်ခဲယမ်း လုံလောက်မှု မရှိခြင်းတို့ကြောင့် ဖြစ်သည်ဟု လေ့လာသူများက သုံးသပ်သည်။
စစ်မှုထမ်းသက် နှစ် ၂၀ ရှိသော၊ မန္တလေးမြို့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တွင် တာဝန်ထမ်းဆောင်ခဲ့သော ဗိုလ်ကြီးဇင်ယော်ကလည်း အလားတူ မှတ်ချက်ပြုသည်။ တောင်ပိုင်းဒေသတွင် နှုတ်ခမ်းနီဟု ခေါ်ဆိုကြသည့် ကျည်ဆန်အပါအဝင် လက်နက်ခဲယမ်းအသုံးပြုနိုင်မှု အားနည်းသည်ဟု သူက ထောက်ပြသည်။
“တိုက်ပွဲတစ်ခု ဖော်ဆောင်ရာမှာ လက်နက်ခဲယမ်း အဓိက ကျတယ်။ လက်နက်ခဲယမ်းက မြောက်ပိုင်းမှာ စက်ရုံတောင်မှ ရှိတယ်၊ နှုတ်ခမ်းနီဆိုရင် ထုတ်နိုင်တဲ့ အနေအထားပေါ့နော်။ ဒါပေမဲ့ ကရင်ဘက်မှာ ခဲယမ်း အလုံအလောက်မရှိဘူး။ ဒါကြောင့်မို့လို့ မြောက်ပိုင်းလိုမျိုး ကရင်ဘက်မှာ တိုက်ပွဲကြီးကြီးမားမား ဖော်ဆောင်လို့ မရတဲ့အနေအထားဖြစ်ပါတယ်” ဟု အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပါဝင်နေသူ ဗိုလ်ကြီးဇင်ယော်က ပြောသည်။
နိုင်ငံတောင်ပိုင်းတွင် KNU တပ်များအပြင် နွေဦးတော်လှန်ရေးမှ ပေါ်ပေါက်လာသော အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ PDF တပ်ရင်းများပါ အခြေစိုက်လှုပ်ရှားနေကြသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့ အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)