ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ပေါ်တွင် သုံးရက်မြောက်သည်အထိ တိုက်ပွဲဆက်ဖြစ်နေကြောင်း ကရင်အမျိုးသားအစည်းအရုံး (KNU) ၏ တပ်မဟာ (၆) နယ်မြေ၊ ဗျူဟာမှူး ဗိုလ်မှူးကြီးနယ်ဒါးထူးက ယနေ့ (အောက်တိုဘာ ၃၀) ပြောဆိုသည်။
တပ်မဟာ (၆) နယ်မြေအတွင်းရှိ ကော့ကရိတ်မြို့ပေါ်မှ စစ်ကောင်စီပစ်မှတ်များကို KNU နှင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ PDF တပ်များ ပူးပေါင်းကာ ယခုလ ၂၇ ရက်နေ့ကတည်းက ဝင်ရောက်တိုက်ခိုက်နေခြင်းဖြစ်သည်။
တိုက်ပွဲဆက်ဖြစ်နေပြီး ကော့ကရိတ်မြို့ပေါ်ရှိ စစ်တပ်က ပြန်လည်ပစ်ခတ်နေဆဲဖြစ်သည်ဟု KNU မှ ဗိုလ်မှူးကြီးနယ်ဒါးထူးက ပြောသည်။
“မြို့အတွင်းကနေတော့ ပြန်ဆုတ်ထားတယ်။ မြို့အစပ် ရပ်ကွက်တွေမှာတော့ ကျွန်တော်တို့ ရှိနေတယ်။ သူတို့ လာမတိုက်တော့ ကျွန်တော်တို့လည်း ဆက်မတိုးသေးဘူး။ သူတို့ဘက်က လက်နက်ကြီးနဲ့ ရမ်းသန်းပြီး လှမ်းပစ်တာတော့ ရှိတယ်”
စစ်ကောင်စီ၏ အမှတ် ၉၇ ခြေလျင်တပ်ရင်း ဌာနချုပ်ရှိရာ ကော့ကရိတ်မြို့တွင် အမှတ် ၂၀၇ ခြေမြန်တပ်ရင်းမှ စစ်သားများလည်း တပ်စွဲထားသည်ဟု သိရသည်။
ရှမ်းပြည်နယ်မြောက်ပိုင်းတွင် မြောက်ပိုင်းမဟာမိတ် ညီနောင်သုံးဖွဲ့၏ “၁၀၂၇” စစ်ဆင်ရေးနှင့် တိုက်ဆိုင်၍ ကော့ကရိတ်မြို့တွင်းကို ဝင်ရောက်တိုက်ခိုက်ခြင်းဖြစ်သည်ဟု ဗိုလ်မှူးကြီးနယ်ဒါးထူးက ပြောသည်။
“မြောက်ပိုင်းနဲ့ ဆက်စပ်လှုပ်ရှားတဲ့ သဘောပါ။ ကျွန်တော်တို့ဘက်က ကြိုတင်ညှိနှိုင်းထားပေမဲ့ ရက်ကတော့ အတိအကျ မဟုတ်ဘဲ ကိုယ့်အခြေအနေနဲ့ အဆင်ပြေသလို လုပ်ကြဖို့ သဘောတူထားတာကြောင့် ကျွန်တော်တို့က ရှေ့ဆက် တိုး…တိုးပြီး လုပ်သွားဖို့တော့ရှိတာပေါ့”
မြောက်ပိုင်းမဟာမိတ် ညီနောင်သုံးဖွဲ့ဖြစ်သော တအာင်းတပ်မတော် (TNLA)၊ ကိုးကန့်တပ်မတော် (MNDAA) နှင့် ရက္ခိုင့်တပ်တော် (AA) တို့က ယခုလ ၂၇ ရက်မှစ၍ စစ်တပ်စခန်းများကို တစ်ပြိုင်နက် ဝင်ရောက်တိုက်ခိုက်နေပြီး နယ်မြေထိန်းချုပ်နိုင်ရေး၊ အွန်လိုင်းလောင်းကစား တိုက်ဖျက်နိုင်ရေးအတွက် အကြောင်းပြထားသည်။
မြောက်ပိုင်းညီနောင်သုံးဖွဲ့၏ ထိုစစ်ဆင်ရေးနှင့်အပြိုင် ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ကို ယခုလ ၂၇ ရက်နေ့တွင် KNU နှင့် PDF ပူးပေါင်းအဖွဲ့က ဝင်ရောက်တိုက်ခိုက်ပြီး မြို့လယ်ဂေါက်ကွင်းဘေးရှိ စစ်ဖက်ရေးရာလုံခြုံရေးတပ်ဖွဲ့ (စရဖ) ရုံးနှင့် သတင်းရဲတပ်ဖွဲ့ (SB) ရုံးတို့ကို မီးရှို့ဖျက်ဆီးခဲ့သည်။
ကော့ကရိတ်မြို့နယ်တွင် စစ်တပ်နှင့် KNU တို့ မကြာခဏ တိုက်ပွဲဖြစ်လေ့ရှိရာ ယခုလ ၂၄ ရက်နေ့ကလည်း စစ်ကောင်စီစစ်ကြောင်းတစ်ခု ကြားဖြတ်တိုက်ခိုက်ခံရသည်။ ကော့ကရိတ်မြို့အထွက် ဆင်ကုန်းရွာအနီးတိုက်ပွဲတွင် စစ်တပ်မှ ဒုဗိုလ်မှူးကြီးအဆင့်ရှိ တပ်ရင်းမှူး အပါအဝင် ၆ ဦး သေဆုံးခဲ့သည်။
ထိုသို့တိုက်ခိုက်ခံရစဉ် စစ်တပ်က လက်နက်ကြီးများဖြင့် ပြန်လည်ပစ်ခတ်ကာ မွန်းလွဲပိုင်းတွင် ရဟတ်ယာဉ်ဖြင့် ဆင်ကုန်း၊ မောင်းမရွာသစ်၊ ကမိုင်ကုန်းရွာသစ် စသည့် ရွာများအနီး လာရောက်ပစ်ခတ်ခဲ့သည်။
ဒေါနတောင်အနောက်ဘက်ခြမ်းရှိ ကော့ကရိတ်မြို့သည် ထိုင်း-မြန်မာနှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းဖြစ်သော အာရှလမ်းမကြီးဘေး၌ တည်ရှိပြီး သင်္ဃန်းညီနောင်၊ မြဝတီ၊ ကျုံဒိုး၊ ကြာအင်း ဆိပ်ကြီး စသည့် မြို့နယ်များနှင့် ထိစပ်နေသည်။
လက်ရှိတွင် တိုက်ပွဲကြောင့် KNU က ကော့ကရိတ်မြို့နှင့် ကပ်လျက်ရှိ အာရှလမ်းမကြီးကို အသွားအလာ ကန့်သတ်ထားသည်ဟု သိရသည်။
(လွတ်လပ်သည့်မီဒီယာအဖြစ်ရေရှည်ရပ်တည်နိုင်ရေးသင်တို့အကူအညီလိုအပ်နေပါသည်။ဤနေရာတွင်https://www.userroll.com/site/register/m1f6penနှိပ်၍လှူဒါန်းနိုင်ပါသည်)