ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဝင် လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးလှဆွေထုတ်ဝေခဲ့သည့် Bullet News ဂျာနယ်နှင့် ဆင်တိုးယိုးမှား Golden Hand News ဂျာနယ်တို့တွင် တပ်မတော်စီးပွားရေးလုပ်ငန်း ကြော်ငြာများ အစဉ်တစိုက်ထည့်သွင်းခဲ့သည်။
ထိုဂျာနယ်များတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် လက်ရှိအစိုးရအပေါ် ရင့်ရင့်သီးသီးဝေဖန် ပုတ်ခတ်သည့်အရေးအသားများ ထည့်သွင်းဖော်ပြလေ့ရှိပြီး Bullet ဂျာနယ် ၁၅စောင်နှင့် Golden Hand ဂျာနယ် ၁၈ စောင်ကို Myanmar Now က အသေးစိတ်လေ့လာစိစစ်ခဲ့သည်။
ထိုဂျာနယ်များတွင် “အကြောင်းကရက်ဆက်မဟန် ဒေါင်းမ ပက်လက်လန်”၊ “အတိုင်ပင်ခံဆိုတာ ဘာလဲ၊ ဘယ်လဲ” ကဲ့သို့သော ခေါင်းစဉ်များ၊ မျက်နှာဖုံးခေါင်းစီးများ၊ တိုင်းပြည်၌ တပ်မတော်၏ နိုင်ငံရေးပါဝင်မှုအခန်းကဏ္ဍ လိုအပ်ကြောင်း အထူးပြုရေးသားထားသည့် ဆောင်းပါးများ ပါဝင်လေ့ရှိပြီး အဓိကကြော်ငြာရှင်မှာလည်း တပ်မတော်ပိုင် မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်နှင့် မြန်မာ့စီးပွားရေးကော်ပိုးရေးရှင်း (MEC) တို့ဖြစ်ကြောင်း တွေ့ရှိရသည်။
Bullet ဂျာနယ်ကို ထုတ်ဝေသူမှာ ၂၀၁၀ ရွေးကောက်ပွဲတွင် ပြည်ခိုင်ဖြိုးပါတီကိုယ်စားလှယ်လောင်းအဖြစ် မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် (၁၂) မှ ဝင်ရောက်ယှဉ်ပြိုင်ပြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဖြစ်ခဲ့သည့် ဦးလှဆွေဖြစ်သည်။
၂၀၁၃ ခုနှစ်အတွင်းက အမျိုးသားလွှတ်တော်၌ ငြိမ်းချမ်းရေးနှင့်ဆိုင်သည့် အဆိုတစ်ခုဆွေးနွေးရာတွင် ဦးလှဆွေက ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ကို ရွှေလက်ဖြင့် ခေါ်လို့မလာလျှင် ဘူးလက် (Bullet) ဖြင့် ခေါ်မည်ဟု ပြောဆိုခဲ့သဖြင့် ဘူးလက်လှဆွေဟု စတင်ခေါ်ဝေါ်သမုတ်ခြင်း ခံခဲ့ရသူဖြစ်သည်။
၂၀၁၅ ရွေးကောက်ပွဲတွင်မူ ဦးလှဆွေသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဝင် ကိုယ်စားလှယ်လောင်းကို ၎င်းမဲဆန္ဒနယ်၌ပင် အရေးနိမ့်ခဲ့သည်။ ၂၀၁၆ ခုနှစ်တွင် ဦးလှဆွေသည် ပြန်ကြားရေးဝန်ကြီးဌာနတွင် တရားဝင်မှတ်ပုံတင်ပြီးနောက် Bullet News Journal ကို ထုတ်ဝေခဲ့သည်။
ဘူးလက်လှဆွေထုတ်ဝေသည့် ထိုဘူးလက်ဂျာနယ်တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရကို ပျစ်ပျစ်နှစ်နှစ် ဝေဖန်သည့်အရေးအသားများ ရဲရဲတင်းတင်း ထည့်သွင်းဖော်ပြခဲ့သည်။
၂၀၁၉ ခုနှစ် ဩဂုတ်လအတွင်းက ရန်ကုန်မြို့လယ်ဆန္ဒပြပွဲတွင် ဘူးလက်လှဆွေက အစိုးရအဖွဲ့အကြီးအကဲများရုံးထိုင်ရာ နေရာများပေါ်မှ အမေရိကန်က ဗုံးကြဲစေချင်ကြောင်း၊ အစိုးရအဖွဲ့ဝင်များကို ရည်ညွှန်းကာ “အကုန်လုံးသေပါစေ၊ အေးရော” ဟူသော စကားလုံးများဖြင့် တက်ရောက်ဟောပြောခဲ့သဖြင့် နိုင်ငံတော်အကြည်ညိုပျက်စေမှုဖြင့် အမှုဖွင့်အရေးယူခံခဲ့ရသည်။
ဖမ်းဝရမ်းထုတ်ခံရပြီးနောက်ပိုင်း ဘူးလက်လှဆွေမှာ ထွက်ပြေးတိမ်းရှောင်နေခဲ့သည်။ ၎င်းကို ယနေ့အချိန်ထိ ဖမ်းဆီးနိုင်ခြင်းမရှိသေးဘဲ ရဲတပ်ဖွဲ့က ရန်ကုန်အနောက်ပိုင်းခရိုင်တရားရုံးထံ ပြီးခဲ့သည့်နှစ် စက်တင်ဘာလအတွင်း ဝရမ်းပြန်အပ်ခဲ့သည်။
ယနေ့တိုင် ထွက်ပြေးတိမ်းရှောင်နေဆဲဖြစ်သည့် ဘူးလက်လှဆွေ၏ Bullet ဂျာနယ်မှာ ၎င်းကို ဖမ်းဝရမ်းထုတ်ပြီး နှစ်လနီးပါးကြာသည်အထိ အရှိန်မပြတ် ထွက်ရှိခဲ့သည်။
ဂျာနယ်ပုံမှန်ထွက်ရက်ဖြစ်သည့် ၂၀၁၉ အောက်တိုဘာ ၂၄ ရက်တွင်မူ Bullet ဂျာနယ်အစား ဦးလှဆွေ၏ နောက်ထပ်နာမည်ကျော်စကားလုံးတစ်ခုဖြစ်သည့် ‘ရွှေလက်’ ဟု အဓိပ္ပာယ်ရသည့် ‘Golden Hand’ ဂျာနယ် စတင်ထွက်ရှိလာသည်။
အဆိုပါဂျာနယ်အသစ်မှာ ဦးလှဆွေ၏ Bullet ဂျာနယ်နှင့် မျက်နှာဖုံးဒီဇိုင်း၊ တင်ဆက်ပုံ ဆင်တူနေသည့်အပြင် ရုံးအဖွဲ့၊ သတင်းအဖွဲ့၊ စာစီ၊ ဖြန့်ချိရေး ဝန်ထမ်းအားလုံးနီးပါးမှာလည်း ထပ်တူဖြစ်ပြီး ထုတ်ဝေသူနှင့် ထုတ်ဝေခွင့်လိုင်စင်အမှတ်သာ ပြောင်းလဲခဲ့သည်။
အဆိုပါဂျာနယ်နှစ်စောင်လုံး၏ အုပ်ချုပ်မှုအယ်ဒီတာမှာ ဦးသောင်းအေးဆိုသူဖြစ်ပြီး ဂျာနယ်တိုက်၏ ဥပဒေအကြံပေးမှာ ပြည်ထောင်စုရှေ့နေချုပ်ရုံး ညွှန်ကြားရေးမှူးချုပ်ဟောင်း ဦးဝင်းမြင့်ဖြစ်သည်။
Golden Hand News Journal ထုတ်ဝေသူနေရာတွင် ဦးလှဝင်းမောင်ဟု တွေ့ရပြီး ပြန်ကြားရေးဝန်ကြီးဌာန၏ စာရင်းများအရ ဦးလှဆွေဖမ်းဝရမ်းထုတ်ခံရပြီး တစ်လခန့်အကြာ ၂၀၁၉၊ စက်တင်ဘာ ၂၀ ရက်တွင် တရားဝင်မှတ်ပုံတင်ခွင့်ပြုချက် ရရှိခဲ့သည်။
အဆိုပါဂျာနယ်နှစ်စောင်တွင် သတင်းအဖွဲ့ဝင်များ တူညီနေသည်နှင့် ပတ်သက်၍ တာဝန်ခံအယ်ဒီတာအဖြစ် ထမ်းဆောင်သူ ဦးအုပ်စိုးစံကို Myanmar Now က ဆက်သွယ်မေးမြန်းရာတွင် “ဘဏ္ဍာရေးအခက်အခဲရှိလာချိန်မှာ ထုတ်ဝေသူနောက်တစ်ယောက် ပေါ်လာတော့ တစ်ဖွဲ့လုံး ပြောင်းရွှေ့လိုက်တဲ့သဘောမျိုးပါ။ ဘဏ္ဍာရေးအရ ပတ်သက်မှုမရှိတဲ့အတွက် အခုဂျာနယ် (Golden Hand News Journal) နဲ့ ဦးလှဆွေနဲ့ မဆိုင်ပါဘူး”ဟု ပြောသည်။
ဦးလှဆွေကို ရဲတပ်ဖွဲ့က ဖမ်းဝရမ်းမထုတ်မီ တစ်လခန့်အလို ၂၀၁၉ ဇူလိုင်လအတွင်း ထုတ်ဝေသည့် Bullet ဂျာနယ်မျက်နှာဖုံးတွင် “ဆိတ်ခေါင်းချိတ်ပြီး ခွေးသားရောင်းတဲ့နိုင်ငံရေး”ဟု ခေါင်းစဉ်တပ်ထားသည့် ဆောင်းပါးတစ်ပုဒ်ပါဝင်ပြီး တပ်မတော်၏ မြန်မာ့စီးပွားရေးဦးပိုင်က လုပ်ကိုင်နေသည့် ရန်ကုန်မြို့လယ်ရှိ Central Hotel ကြော်ငြာကိုလည်း ထည့်သွင်းထားသည်။
အထက်ပါခေါင်းစဉ်ဖြင့်ဆောင်းပါးကို “ပါတီစုံဒီမိုကရေစီနိုင်ငံရေးမှာ အတိုက်အခံဘဝက အာဏာရပါတီကို လူထုထောက်ခံမှုကျဆင်းအောင် ထိုးနှက်ချက်တွေဟာ ကိုယ်တိုင်အာဏာရလာတဲ့အခါ ပြန်လည်ထိုးနှက်ခံရမယ့်အချက်တွေ ဖြစ်လာတတ်တာ မဆန်းပါဘူး”ဟူသော ကောက်စာဖြင့် မျက်နှာဖုံးတင်ထုတ်ဝေခဲ့ခြင်းဖြစ်သည်။
ဦးလှဆွေ ဖမ်းဝရမ်းထုတ်ခံရပြီး နောက်တစ်ရက် ၂၀၁၉ ဩဂုတ် ၈ ရက်နေ့ထုတ် ဂျာနယ်တွင် နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မဖြင့် အမှုဖွင့်ခံခဲ့ရသော ရန်ကုန်မြို့လယ် ဟောပြောပွဲမှ ၎င်း၏ပြောဆိုချက်ကို ကောက်နုတ်ထားသည့်“အိမ်တွင်းနတ်ကသာ တန်ခိုးရှိရင် အဲ့ဒီအိမ်မှာ ဘယ်မိစ္ဆာကပြုစားနိုင်မှာလဲဟု ဘူးလက်လှဆွေက ပြော” ဟူသော သတင်းတစ်ပုဒ် ပုံနှိပ်ထုတ်ဝေခဲ့သေးသည်။
ထို့အတူ စာမျက်နှာ ၁၅ တွင်လည်း ဦးလှဆွေကလောင်အမည်ဖြင့် NLD အစိုးရလက်ထက် ဝန်ထမ်းရာထူးတိုးပေးမှု အချို့အပေါ် ဝေဖန်ထားသည့် “ဘုလက်မှာတမ်း”ဟူသော စာတစ်ပုဒ်ပါဝင်ပြီး အခမ်းအနားတစ်ခုတွင် ဟောပြောနေသည့် ၎င်း၏ဓာတ်ပုံကိုပါ အသုံးပြုထားသည်။
တာဝန်ခံအယ်ဒီတာ ဦးအုပ်စိုးစံကမူ “ဂျာနယ်အသစ်အတွက် ပရိသတ်ကို စွဲဆောင်နိုင်ဖို့ အဟောင်းကို ပြန်သုံးထားတာပါ။ ဂျာနယ်အသစ်မှာ စာမျက်နှာနဲ့ စာမူမပြည့်တဲ့ ပြဿနာလည်းရှိတယ်လေ။ သူ့အပြင် တခြားစာမူအဟောင်းတွေလည်း ပါသေးတယ်”ဟု ပြောသည်။
အထက်ပါ Bullet ဂျာနယ်မျက်နှာဖုံးတွင်လည်း မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်က ၎င်း၏ ဗီဂါပလတ်စတစ် လူသုံးကုန်ပစ္စည်းထုတ်လုပ်ရေးစက်ရုံ(စဉ့်ကိုင်)မှ ထုတ်ကုန်များကို ကြော်ငြာထားသည်။
ထို့အတူ နောက်တစ်ပတ်ထုတ် Bullet ဂျာနယ်တွင် “ဘယ်သူမှနောက်ပြန် မလှည့်ချင်ကြပေမယ့် ရှေ့ဆက်သွားရင် ချောက်ထဲကျမှာ သေချာပြီဆိုရင်တော့ နောက်ပြန်လှည့်ကြရတာပဲမဟုတ်လား” ဟူသည့် အရေးအသားများပါဝင်သော ဆောင်းပါးတစ်ပုဒ်ပါဝင်သည်။
အထက်ပါဆောင်းပါး၏ခေါင်းစဉ်မှာ “ချောက်ထဲကျမှာ သေချာနေရင် နောက်ပြန်လှည့်ရန် ဝန်မလေးသင့်” ဖြစ်ပြီး ဂျာနယ်မျက်နှာဖုံးတွင် မြန်မာ့စီးပွားရေးဦးပိုင်၏ MYAWADDY TRADING LIMITED ကြော်ငြာ ထည့်သွင်းထားသည်။
ထို့အတူ ‘ကကြိုးပြောင်းသည့် ဒေါင်းနတ်မယ်’ ဟူသော ခေါင်းစဉ်ဖြင့် ရွေးကောက်ပွဲဆိုင်ရာ ဆောင်းပါးတစ်ပုဒ်ကိုလည်း ၂၀၁၉ ခုနှစ် အောက်တိုဘာလ ၁၀ ရက်နေ့ထုတ် Bullet ဂျာနယ်တွင် ဖော်ပြခဲ့သည်။
အထက်ပါဆောင်းပါးကို ‘မဲဆန္ဒရှင်ပြည်သူတွေ အနေနဲ့လည်း အာဏာရပါတီက မမှန်မကန် မဟုတ်မဟတ်တွေလုပ်နေရင် ငါ့မြင်းငါ့စိုင်း စစ်ကိုင်းရောက်ရောက်လုပ်နေရင် အတိုက်အခံတွေကိုပဲ မဲပေးလိုက်ခြင်းအားဖြင့် အာဏာရပါတီကို အာဏာမဲ့သွားအောင် ပြုလုပ်နိုင်စွမ်းရှိပါတယ်’ ဟူသော ကောက်စာဖြင့် လှုံ့ဆော်ရေးသားထားသည်။
နောက်ဆုံးထုတ်ဝေခဲ့သည့် Bullet ဂျာနယ်မျက်နှာဖုံးတွင်လည်း “သူလည်းသိ ငါလည်းသိ အများလည်းသိ ဆင်ခြင်ဉာဏ်နဲ့ဆုံးဖြတ်ကြ”ဟူသော ဆောင်းပါးကို “နိုင်ငံရေးလုပ်စားပွဲတွေမှာ တပ်မတော်က ပါတီတွေ ကြားညပ်နေတယ်။ တပ်မတော်သာ နိုင်ငံရေးမျက်ခြည်ပြတ်သွားရင် တိုင်းပြည်ရဲ့အခြေအနေဟာ စုတ်ပြတ်သတ်သွားနိုင်တယ်” ဟူသော ကောက်စာဖြင့် ဖော်ပြထားပြီး MYAWADDY TRADING LIMITED ကြော်ငြာလည်း ထပ်မံထည့်သွင်းထားသည်။
၂၀၁၉ အောက်တိုဘာ ၂၄ ရက်တွင် Golden Hand ဂျာနယ် စတင်ထွက်ရှိလာသည့်အခါတွင်လည်း မျက်နှာဖုံးကြေညာရှင်မှာ တပ်မတော်ပိုင် မြဝတီဘဏ်လီမိတက်ပင်ဖြစ်သည်။
Golden Hand News ဟူ၍ ပွဲဦးထွက်ခဲ့သည့် အဆိုပါဂျာနယ်တွင် ဦးလှဆွေကလောင်နှင့် ဓာတ်ပုံပါသုံးထားပြီး ဖေ့စ်ဘွတ်ခ်ကို ဝေဖန်ထားသည့်“ ဘုလက်မှာတမ်း” ဟူသော စာတစ်ပုဒ်ပါဝင်ပြီး အယ်ဒီတာမှတ်ချက်တွင် ၁၆.၈.၂၀၁၈ ၌ ဖော်ပြပြီးသည့် စာမူဖြစ်ကြောင်း ရေးသားထားသည်။
ထို့အတူ စာမျက်နှာလေးမျက်နှာဖြင့် ရိုက်နှိပ်ထားသည့် အချပ်ပို ရောင်စုံမျက်နှာဖုံးစာမျက်နှာများတွင်လည်း NLD ပါတီဝင် ပြည်နယ်နှင့်တိုင်းဝန်ကြီးချုပ်အချို့ကို ရည်ညွှန်းရေးသားထားသည့် “ပေါက်လွှတ်ပဲစား အစိုးရမဖြစ်ဖို့ ပေါက်လွှတ်ပဲစား မပြောကြဖို့လိုသည်” ဟူသော ဆောင်းပါးခေါင်းစဉ်ကို ဖော်ပြထားပြီး မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း(MEC)၏ DAGON LEMON SPARKLING ကြော်ငြာထည့်သွင်းထားသည်။
စစ်အစိုးရလက်ထက် ၁၉၉၇ တွင်စတင်ထူထောင်ပြီး ကဏ္ဍမျိုးစုံတွင် လုပ်ငန်းများလုပ်ကိုင်နေသည့် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း(MEC) သည် ယခုအခါတွင် အစိုးရနှင့် သက်ဆိုင်ခြင်းမရှိတော့ဘဲ တပ်မတော်ပိုင် ပုဂ္ဂလိကကုမ္ပဏီအဖြစ် ရပ်တည်နေပြီဖြစ်ကြောင်း ဇွန် ၂၂ရက်က နေပြည်တော်တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ကာကွယ်ရေးဝန်ကြီးဌာနတာဝန်ရှိသူများက Myanmar Now ကို အတည်ပြုထားပြီးဖြစ်သည်။
ကာကွယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဗိုလ်မှူးချုပ်အောင်ကျော်ဟိုးထံမှ “ဒါကတော့ (MEC) တပ်မတော်ပိုင်းဆိုင်ရာနဲ့ သီးသန့်ပဲ သက်ဆိုင်ပါတယ်” ဟု ဆိုသော်လည်း မည်သည့်အချိန်အထိ အစိုးရပိုင် စီးပွားရေးလုပ်ငန်းအဖြစ် ရပ်တည်ခဲ့သည်ကိုမူ အတည်ပြုနိုင်ခြင်း မရှိသေးပါ။
ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန (DICA) မှတ်တမ်းတွင်မူ MEC သည် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်းလီမိတက်အမည်ဖြင့် “အစုရှယ်ယာအားဖြင့် တာဝန်ကန့်သတ်ထားသည့် အများနှင့်မသက်ဆိုင်သောကုမ္ပဏီ” အဖြစ် ၂၀၁၉ နှစ်ဆန်းပိုင်းတွင် မှတ်ပုံတင်ထားသည်ကို တွေ့ရှိရသည်။
မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်မှာလည်း ၁၉၉၀ မှစ၍ တပ်မတော်က ထူထောင်ထားခြင်းဖြစ်ပြီး ရှယ်ယာများကို အငြိမ်းစားနှင့် တာဝန်ထမ်းဆောင်ဆဲ တပ်မတော်အရာရှိကြီးများ၊ အရာရှိများ၊ တပ်မတော်သားများက ပိုင်ဆိုင်ထားသည်။
“ကြော်ငြာခွင့် တားမြစ်ထားတာတွေကလွဲလို့ လုပ်ငန်းမှန်သမျှဆီကတော့ ကြော်ငြာကောက်တာပါပဲ။ ရရင် ကြော်ငြာမူဝါဒနဲ့ ကိုက်တယ်ဆိုရင် အကုန်ထည့်မှာပဲ” ဟု Golden Hand ဂျာနယ် တာဝန်ခံအယ်ဒီတာဖြစ်သူ ဦးအုပ်စိုးစံက ပြောသည်။