သတင်း

သံတမန်ရေး ကြံရာမရဖြစ်နေချိန် စစ်ကောင်စီ မြောက်ကိုရီးယားကို ပြန်ပူး

အာဏာသိမ်းလုပ်ရပ်ကြောင့် နိုင်ငံတကာအသိုင်းအဝိုင်းမှ ဖယ်ကြဉ်ခံထားရသည့် စစ်ကောင်စီသည် သံတမန်ရေးတွင် ကြံရာမရဖြစ်နေပြီး ဘဝတူ ကမ္ဘာပေါ်တွင် အထီးကျန်အာဏာရှင်နိုင်ငံ မြောက်ကိုရီးယားကို အားကိုးအားထားရှာသည့်အနေဖြင့် သံအမတ်သစ် ခန့်အပ်လိုက်သည်။

မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်း၏ ရှားရှားပါးပါး ရုရှားနိုင်ငံခရီးစဉ်နှင့် တိုက်ဆိုင်စွာ စစ်ကောင်စီက မြောက်ကိုရီးယားနိုင်ငံဆိုင်ရာ သံအမတ်ခန့်အပ်ကြောင်း ကြေညာခဲ့ခြင်းဖြစ်ကာ တစ်ချိန်တည်းမှာပင် နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေကိုလည်း ရုရှားသို့ အချိန်ကိုက်စေလွှတ်ခဲ့သည်။

လွန်ခဲ့သည့်နှစ် နိုဝင်ဘာလတွင် တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ဖြစ်လာခဲ့သူ ဦးတင်မောင်ဆွေကို မြောက်ကိုရီးယားသံအမတ်အဖြစ် ပူးတွဲခန့်အပ်ကြောင်း စစ်ကောင်စီက ယခုလ ၁၁ ရက်နေ့တွင် ကြေညာခဲ့ခြင်းဖြစ်သည်။

မဟာဗျူဟာမြောက် နျူကလီးယားလက်နက်ကြီးများဖြင့် မာန်တဖီဖီလုပ်နေသော မြောက်ကိုရီးယားခေါင်းဆောင်ကို ကမ္ဘာ့နိုင်ငံအများစုက သံခင်းတမန်ခင်းအရ အဖက်လုပ်လေ့မရှိကြပေ။

သို့သော် “သူတော်ချင်းချင်း သီတင်းလွေ့လွေ့ ပေါင်းဖက်တွေ့” ဆိုသည့်အတိုင်း လက်နက်အားကိုးဖြင့် ပဋိပက္ခဖြေရှင်းလိုသော ရုရှားသမ္မတ ဗလာဒီမာပူတင်ကမူ တကူးတကဖိတ်ခေါ်ခဲ့သည်။ ရုရှားကို မိတ်ဖက်နိုင်ငံအဖြစ် ဖက်တွယ်နေရသော စစ်ကောင်စီက မြောက်ကိုရီးယားကို အချိန်မီ ပြေးကပ်လိုက်ခြင်းပင်။

မြန်မာစစ်တပ်နှင့် မြောက်ကိုရီးယားသည် ကြံရာမရဖြစ်ကာ မိတ်ဖက်နိုင်ငံလိုက်ရှာနေခြင်းဖြစ်ပြီး မြန်မာနိုင်ငံအနေဖြင့် အမှောင်မိုက်ဆုံး အတိတ်ကာလကို ဆက်သွားနေခြင်းဖြစ်သည်ဟု မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ဟောင်း Scot Marciel က မှတ်ချက်ပြုသည်။

“ဒီလုပ်ရပ်ကြောင့် အမေရိကန်အနေနဲ့ မြန်မာစစ်တပ်အပေါ် ပိုပြီးစိုးရိမ်မကင်းဖြစ်လာစေပါမယ်။ မြောက်ကိုရီးယားနဲ့ ဆက်ဆံတဲ့အတွက် အနီးကပ်စောင့်ကြည့်ခံရနိုင်ပါတယ်။ ကိုယ့်နိုင်ငံကိုယ့်လူမျိုးအပေါ် လူမဆန်စွာ စစ်ပွဲဆင်နွှဲနေတဲ့ မြန်မာစစ်တပ်ဟာ မြန်မာပြည်သူတွေကို လုံးဝကို ဥပေက္ခာပြုထားပါတယ်” ဟုလည်း ယခုအခါ အမေရိကန်ပြည်ထောင်စု Standford တက္ကသိုလ်တွင် သုတေသီအဖြစ် လုပ်ကိုင်နေသူ Scot Marciel က Myanmar Now ကို ဆိုသည်။

မြောက်ကိုရီးယားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်အဖြစ် ပူးတွဲခန့်အပ်ခံရသူ ဦးတင်မောင်ဆွေကို ယခုလ ၁၆ ရက်နေ့က တရုတ်နိုင်ငံတွင် ပြုလုပ်သော အခမ်းအနားတစ်ခုတွင် တွေ့ရစဉ်။

အတိတ်ကာလတွင် မြန်မာစစ်တပ်က မြောက်ကိုရီးယားနှင့် ပူးပေါင်းဆောင်ရွက်မှုကြောင့် နျူကလီးယားနှင့် ဒုံးပျံနည်းပညာ အလွှဲအပြောင်းဖြစ်လာမည်ကို အနောက်နိုင်ငံများက အကြီးအကျယ်စိုးရိမ်ခဲ့ကြဖူးသည်။

မြောက်ကိုရီးယားနှင့် သံတမန်ဆက်ဆံရေး ပြန်လည်ထူထောင်သည့် စစ်ကောင်စီလုပ်ရပ်ကို နိုင်ငံတကာအနေဖြင့် ခပ်ပေါ့ပေါ့ သဘောမထားသင့်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ ဒုတိယနိုင်ငံခြားရေးဝန်ကြီး ဦးမိုးဇော်ဦးက ထောက်ပြသည်။

“မြောက်ကိုရီးယားဆိုတာ ဒေသတွင်းတည်ငြိမ်ရေးနဲ့ လုံခြုံရေးကို အမြဲခြိမ်းခြောက်နေတဲ့ နိုင်ငံဖြစ်ပါတယ်။ နိုင်ငံတကာမိသားစုအနေနဲ့ စစ်ကောင်စီက မြောက်ကိုရီးယား၊ ရုရှား၊ အီရန် စတဲ့ နိုင်ငံတွေနဲ့ ဆက်သွယ်ဆောင်ရွက်မှုတွေကို မျက်ခြည်မပြတ်သင့်ပါဘူး”

မြန်မာ-မြောက်ကိုရီးယား အကွေ့အကောက်ဆက်ဆံရေး

၂၀၂၁ ဖေဖော်ဝါရီလတွင် အရပ်သားအစိုးရကို ဖြုတ်ချကာ တစ်ကျော့ပြန်အာဏာသိမ်းပြီးနောက် မြန်မာစစ်တပ်နှင့် မြောက်ကိုရီးယားအကြား ဆက်ဆံရေးမှာ မည်သည့်အတိုင်းအတာထိ ခရီးရောက်နေမည်ကို မသိရပေ။

သို့သော် လွန်ခဲ့သည့် ဧပြီလအတွင်း နိုင်ငံခြားရေးဝန်ကြီးဌာနက နိုင်ငံခြားသံရုံးမိသားစုဝင်များနှင့် သင်္ကြန်ပွဲအခမ်းအနား ပြုလုပ်ခဲ့ရာတွင် ရန်ကုန်မြို့ရှိ မြောက်ကိုရီးယားသံအမတ်ကြီး Jong Ho Bom က ဦးဆောင်တက်ရောက်ခဲ့ကြောင်း စစ်ကောင်စီက သတင်းထုတ်ပြန်ဖူးသည်။

မြောက်ကိုရီးယားသံအမတ်ကို နိုင်ငံခြားရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်အဆင့် အရာရှိကြီးများက လက်ခံခဲ့ကာ စစ်ကောင်စီ၏ ရန်ကုန်တိုင်းဝန်ကြီးချုပ်နှင့်လည်း တွေ့ဆုံခဲ့သည်။

မြန်မာနှင့် မြောက်ကိုရီးယားနိုင်ငံအကြား သံတမန်ဆက်ဆံရေးသည် ၁၉၇၅ ခုနှစ်ကတည်းက စတင် တည်ထောင်ခဲ့ခြင်းဖြစ်သည်။ သို့သော် ၁၉၈၃ ခုနှစ်၌ အာဇာနည်ကုန်း ဗုံးပေါက်ကွဲမှုကြောင့် မြန်မာက မြောက်ကိုရီးယားနှင့် သံတမန်ဆက်ဆံရေးကို တရားဝင်ဖြတ်တောက်ခဲ့သည်။

မြန်မာနိုင်ငံကို တရားဝင်အလည်အပတ်ခရီးရောက်ရှိနေစဉ် အာဇာနည်ကုန်းသို့ သွားရောက်အလေးပြုမည့် တောင်ကိုရီးယားသမ္မတ ချန်ဒူးဝမ်ကို လုပ်ကြံသတ်ဖြတ်ရန် မြောက်ကိုရီးယားက စစ်ဘက်ဆိုင်ရာ ကျွမ်းကျင်သူများကို စေလွှတ်ကာ ဗုံးဖောက်ခွဲခြင်းဖြစ်သည်။ ထိုတိုက်ခိုက်မှုတွင် တောင်ကိုရီးယားသမ္မတ လွတ်မြောက်ခဲ့သော်လည်း အစိုးရအဖွဲ့ဝင်အများအပြား သေဆုံးခဲ့ရသည်။

အနောက်နိုင်ငံများ၏ ပိတ်ဆို့မှုများကြောင့် အပယ်ခံဘဝရောက်နေစဉ် အာဏာရှင်ဟောင်း ဦးသန်းရွှေလက်ထက် ၂၀၀၇ ခုနှစ်တွင် မြောက်ကိုရီးယားနှင့် သံတမန်ဆက်သွယ်ရေး ပြန်လည်အစပြုခဲ့သည်။ မြန်မာစစ်တပ်မှ အဆင့်မြင့်စစ်ဗိုလ်ချုပ်ကြီးများ မြောက်ကိုရီးယားသို့ သွားရောက်ခဲ့သည့်နည်းတူ မြောက်ကိုရီးယားပညာရှင်များ ရောက်လာကာ လျှို့ဝှက်စီမံကိန်းများ လုပ်ဆောင်ခဲ့ကြသည်အထိ ဆက်ဆံရေးကျယ်ပြန်ခဲ့သည်။

၂၀၂၂ ဧပြီလအတွင်းက ရန်ကုန်မြို့တွင် စစ်ကောင်စီ၏ သင်္ကြန်ပွဲကို မြောက်ကိုရီးယားသံအမတ် Jong Ho Bom တက်ရောက်ခဲ့စဉ်။

ထိုစဉ်က မြန်မာစစ်တပ်တစ်ခုလုံးတွင် နံပါတ် ၃ အဆင့် ခေါင်းဆောင်ဖြစ်သော ဗိုလ်ချုပ်ကြီးသူရရွှေမန်းဦးဆောင်ကာ ၂၀၀၈ ခုနှစ်အတွင်း မြောက်ကိုရီးယားသို့ သွားရောက်ခဲ့သည်။ ၂၀၁၀ ရွေးကောက်ပွဲအပြီး ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌဖြစ်လာချိန်တွင် သူရဦးရွှေမန်းက မြောက်ကိုရီးယားခရီးစဉ်နှင့် ပတ်သက်၍ ခပ်ဖော့ဖော့သာ ထုတ်ဖော်ပြောဆိုခဲ့သည်။

မြောက်ကိုရီးယားနှင့် မြန်မာစစ်အစိုးရအကြား နှစ်ဖက်အပြန်အလှန် ကိုယ်စားလှယ်အဖွဲ့စေလွှတ်သည်အထိ ဆက်ဆံရေးကောင်းမွန်ခဲ့သည်။ ၂၀၀၈ ခုနှစ် နိုဝင်ဘာလတွင် မြောက်ကိုရီးယား ဒုနိုင်ငံခြားရေးဝန်ကြီး မြန်မာနိုင်ငံရောက်လာကာ သံတမန်ဝန်ထမ်းများနှင့် နိုင်ငံ့ဝန်ထမ်းများအတွက် ဗီဇာကင်းလွတ်ခွင့်သဘောတူညီချက် လက်မှတ်ရေးထိုးခဲ့သည်။

၂၀၁၀ ပြည့်နှစ် ဇူလိုင်လတွင် မြောက်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီး Pak Ui Chun မြန်မာနိုင်ငံရောက်လာသည်အထိ မြန်မာစစ်တပ်နှင့် ဆက်ဆံရေးကောင်းမွန်ခဲ့သည်။

သမ္မတဦးသိန်းစိန် ဦးဆောင်သော အရပ်သားတစ်ပိုင်းအစိုးရလက်ထက် ၂၀၁၃ ခုနှစ်၌ပင် ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေး အရာရှိချုပ်ဖြစ်သူ ဒုတိယဗိုလ်ချုပ်ကြီးသိန်းဌေးကို မြောက်ကိုရီးယားနှင့် ပတ်သက်ဆက်နွှယ်မှုအတွက် အမေရိကန်အစိုးရက ပိတ်ဆို့အရေးယူခဲ့သည်။

ဗိုလ်ချုပ်ကြီးသိန်းဌေးမှာ စစ်တပ်မှ အနားယူပြီးနောက်တွင်လည်း စစ်လက်နက်ပစ္စည်း ထုတ်လုပ်ရေးနှင့် ပတ်သက်၍ အကြံပေးအဖြစ် အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် လက်ထက်တိုင် ပါဝင်ဆောင်ရွက်ခဲ့သည်။​

ကိုရီးယားကျွန်းဆွယ်အရေးနှင့် ပတ်သက်၍ နိုင်ငံတကာ၏ စိတ်ဝင်စားမှုမြင့်တက်နေချိန် သမ္မတ ဦးသိန်းစိန်လက်ထက် ၂၀၁၄ ခုနှစ်တွင် နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်က မြောက်ကိုရီးယားနှင့် ပူးပေါင်းဆောင်ရွက်မှုမရှိကြောင်း၊ ကိုရီးယားကျွန်းဆွယ်၌ နျူကလီးယားကင်းစင်ရေးကို ထောက်ခံကြောင်း ထုတ်ဖော်ပြောဆိုခဲ့သည်။

ထိုစဉ်က မြန်မာနိုင်ငံတွင် ဒီမိုကရေစီပြုပြင်ပြောင်းလဲရေး အရှိန်ရနေချိန်ဖြစ်ကာ အနောက်နိုင်ငံများအပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းက အားပေးထောက်ခံနေချိန်လည်းဖြစ်သည်။

၂၀၁၅ ရွေးကောက်ပွဲအပြီး ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီအစိုးရတက်လာချိန်တွင် မြောက်ကိုရီးယားနှင့် ဆက်ဆံရေး ကျဲတောက်သွားသည်။

၂၀၁၈ ခုနှစ်တွင် NLD အစိုးရက နျူကလီးယားလက်နက်တားမြစ်ရေး သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးလိုက်ပြီးနောက် ကုလသမဂ္ဂ၏ စည်းမျဉ်းနှင့်အညီ မြန်မာနိုင်ငံရှိ မြောက်ကိုရီးယားအကျိုးစီးပွားများကို ပိတ်သိမ်းစေခဲ့သည်။

အထင်ကရဖြစ်ရပ်တစ်ခုမှာ ရန်ကုန်မြို့တွင် ဖွင့်လှစ်ထားသည့် နာမည်ကျော် မြောက်ကိုရီးယားစားသောက်ဆိုင်ကို ပိတ်သိမ်းစေခဲ့ခြင်းဖြစ်သည်။ ၂၀၁၈ ခုနှစ်အတွင်းမှာပင် ကုလဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဟောက်ဒိုဆွမ်းက မြောက်ကိုရီးယားနှင့် စစ်လက်နက်အရောင်းအဝယ် လုံးဝမရှိကြောင်း တရားဝင်ငြင်းဆိုခဲ့သည်။

သို့သော် ရန်ကုန်ရှိ မြောက်ကိုရီးယားသံရုံးကမူ ၎င်းတို့အကျိုးအတွက် တက်တက်ကြွကြွ လှုပ်ရှားနေဆဲပင်။

၂၀၁၀ ပြည့်နှစ် ဇူလိုင်လက မြောက်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီး ရန်ကုန်မြို့ရှိ ရွှေတိဂုံဘုရားသို့ လာရောက် လည်ပတ်ခဲ့စဉ်။ (ဓာတ်ပုံ – EPA/EFE)

မြောက်ကိုရီးယားနိုင်ငံအကြောင်း ကောင်းကြောင်းများသာ ဖော်ပြလေ့ရှိသည့် ပုဂ္ဂလိကသတင်းစာတစ်စောင် ပေါ်ထွက်လာသည်။ မြောက်ကိုရီးယားအစိုးရ ထုတ်ပြန်သည့် သတင်းများကို မြန်မာဘာသာပြန်ထုတ်ဝေ့ရှိသည့် ထိုသတင်းစာကို ဒေါက်တာတင်ထွန်းဆိုသူက ဦးစီးလုပ်ကိုင်ခဲ့သည်။

‘ခေတ်သစ်သတင်းစာ’ အမည်ရ ထိုသတင်းစာ၏ ၂၀၁၈ ခုနှစ် မတ်လအတွင်းက ထုတ်ဝေသည့် စာစောင်တွင် မြောက်ကိုရီးယားနိုင်ငံ၏ ခမ်းနားထည်ဝါမှုများအကြောင်း အကျယ်တဝင့် ရေးသားဖော်ပြသည်။ မြောက်ကိုရီးယားသံရုံးက ၎င်းတို့၏ အာဘော်များကို ပိုက်ဆံပေးထည့်ကြောင်း ခေတ်သစ်သတင်းစာ၏ ထုတ်ဝေသူနှင့် အယ်ဒီတာချုပ်ဖြစ်သူ ဒေါက်တာတင်ထွန်းက ပြောဆိုသည်။

သထုံတင်ထွန်းဟုလည်း လူသိများသည့် ဒေါက်တာတင်ထွန်းသည် အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီ၏ နေပြည်တော်သတင်းစာရှင်းလင်းပွဲတချို့ကို တက်ရောက်ခဲ့ကာ စစ်တပ်ကို ထောက်ခံကြောင်းနှင့် အနောက်နိုင်ငံများကို ရှုတ်ချကြောင်း ထုတ်ဖော်ပြောဆိုဖူးသည်။

၂၀၁၀ ခုနှစ်အတွင်းက ထုတ်ဝေသည့် ‘ကင်မ်ဂျုံအီ သို့မဟုတ် မြောက်ကိုရီးယား၏ ချစ်လှစွာသော ခေါင်းဆောင်ကြီး’ အမည်ရစာအုပ်ကို မြောက်ကိုရီးယားသံရုံးက အပြင်းအထန် ကန့်ကွက်ပြီး ပြန်သိမ်းရန် ဖိအားပေးခဲ့ဖူးကြောင်း ထိုစာအုပ်ကို ရေးသားသူ စာရေးဆရာ ဦးဟိန်းလတ်က ထုတ်ဖော်ပြောဆိုဖူးသည်။

ထို့ပြင် မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်းကို သရော်သည့် ဟောလိဝုဒ်ရုပ်ရှင်ကို ရန်ကုန်၌ ရောင်းချနေခြင်းအပေါ် အရေးယူပေးရန် မြောက်ကိုရီးယားသံရုံးက တောင်းဆိုခဲ့ဖူးသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button