အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

အကျင့်ပျက်ခြစားမှုအညွှန်းကိန်းတွင် မြောက်ကိုရီးယားနှင့်မြန်မာ ရင်ပေါင်တန်းနေ

အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံတွင် အဘက်ဘက်မှ ယိုယွင်းပျက်စီးလာနေရာ နိုင်ငံတကာအဖွဲ့အစည်းများ၏ အစီရင်ခံစာနှင့် ကဏ္ဍအလိုက် အဆင့်သတ်မှတ်ချက်အရလည်း အပျက်ဘက်သို့ ဦးတည်နေရာ အသစ်ထုတ်ပြန်လိုက်သည့် ကမ္ဘာလုံးဆိုင်ရာ အကျင့်ပျက်ခြစားမှုအညွှန်းကိန်းတွင် အဆင့် ထပ်မံကျဆင်းလာကာ မြောက်ကိုရီးယားနှင့် ရင်ပေါင်တန်းလာသည်။

ကမ္ဘာ့နိုင်ငံများ၏ အကျင့်ပျက်ခြစားမှုအခြေအနေကို နှစ်စဉ်ထုတ်ပြန်ပေးနေသည့် Transparency International အဖွဲ့၏ ယမန်နေ့ (ဇန်နဝါရီ ၃၁) ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံသည် နိုင်ငံပေါင်း ၁၈၀ အနက် အဆင့် ၁၅၇ အထိ ရောက်ရှိနေသည်။

စစ်တပ်က အာဏာသိမ်းယူသည့် ၂၀၂၁ ခုနှစ်တွင် ကမ္ဘာလုံးဆိုင်ရာ အကျင့်ပျက်ခြစားမှုအညွှန်းကိန်း၌ အဆင့် ၁၄၀ ရှိခဲ့ရာမှ တစ်နှစ်တာအတွင်း အဆင့်သတ်မှတ်ချက် သိသိသာသာကျဆင်းခဲ့ခြင်းဖြစ်သည်။

အာဏာသိမ်းပြီးချိန်မှစ၍ မြန်မာနိုင်ငံတွင် အကျင့်ပျက်ခြစားမှုများ ပိုမိုကြီးထွားလာပြီး ၂၀၂၂ ခုနှစ်အတွက် နိုင်ငံအလိုက် ရမှတ်များကို နှိုင်းယှဉ်ရာတွင် မြန်မာနိုင်ငံက ၂၃ မှတ်သာရှိပြီး အာရှနှင့် ပစိဖိတ်ဒေသတွင် မြောက်ကိုရီးယားနှင့်အတူ အဆိုးဆုံးနိုင်ငံများအဖြစ် ရပ်တည်နေသည်။

အရပ်သားအစိုးရဖြစ်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) လက်ထက်တွင် Transparency International အဖွဲ့၏ အကျင့်ပျက်ခြစားမှု အညွှန်းကိန်းသတ်မှတ်ချက်တွင် နှစ်အလိုက် ရမှတ်များ သိသိသာသာတိုးတက်ခဲ့ကာ အာဏာမသိမ်းမီ ၂၀၂၀ ပြည့်နှစ်တွင် ရမှတ် ၂၈ အထိ ရှိခဲ့သည်။

အာဏာရှင်စနစ်ကြီးစိုးလာခြင်းနှင့်အတူ အရပ်ဘက်အဖွဲ့အစည်းများ၏ နယ်ပယ်၊ အခြေခံလူ့အခွင့်အရေးနှင့် လွတ်လပ်မျှတမှု ကင်းမဲ့လာခြင်းတို့ကြောင့် အကျင့်ပျက်ခြစားမှုအညွှန်းကိန်းတွင် အဆင့်သတ်မှတ်ချက် ကျလာခြင်းဖြစ်ကြောင်း Transparency International အဖွဲ့က ဆိုသည်။ တရားဥပဒေစိုးမိုးမှုမရှိသည့်အပြင် တရားစီရင်ရေးနှင့် အကျဉ်းထောင်စနစ် ယိုယွင်းလာပြီး စစ်ကောင်စီက ရာဇဝတ်သားများကိုပင် ထောက်ပံ့ပေးနေသည်ဟုလည်း အစီရင်ခံစာတွင် ဖော်ပြသည်။

နိုင်ငံအနှံ့တွင် ရဲနှင့် စစ်သားများက ပြည်သူများအပေါ် အကြောင်းအမျိုးမျိုးပြကာ ငွေကြေးတောင်းခံခြင်းလည်း ရှိနေသည်။ အာဏာသိမ်းပြီးနောက် ပြည်တွင်း၌ အလုပ်အကိုင်အခွင့်အလမ်း ရှားပါးလာရာ ပြည်ပထွက်လိုသူများအနေဖြင့် နိုင်ငံကူးလက်မှတ်လျှောက်ထားရာ၌ ငွေထုပ်ပိုက်လိုက်နေရသည်။

အာဏာမသိမ်းမီက နိုင်ငံကူးလက်မှတ်ပြုလုပ်ရာတွင် ငွေကျပ် နှစ်သောင်းငါးထောင်သာ ကုန်ကျခဲ့သော်လည်း စစ်ကောင်စီလက်ထက်တွင် ကျပ်သိန်းချီ ကုန်ကျနေသည်။

“အခု ပွဲစားတွေနဲ့ ရဲတွေပေါင်းပြီးတော့ စာအုပ်အနီဆိုရင် ၂၆ သိန်းလို့ ပြောတယ်။ အဲဒါကလည်း ရနိုင် မရနိုင် မသေချာဘူး” ဟု ရန်ကုန်မြို့တွင် နိုင်ငံကူးလက်မှတ်လျှောက်ထားရန် ကြိုးပမ်းနေသည့် အမျိုးသမီးတစ်ဦးက ပြောသည်။​

အာဏာသိမ်းပြီးနောက် စစ်ကောင်စီက အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ကို ပြင်ဆင်ဖွဲ့စည်းခဲ့ကာ ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတဦးဝင်းမြင့် အပါအဝင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက် တာဝန်ရှိသူများကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပါ ပုဒ်မများဖြင့် အမှုဖွင့်အရေးယူခဲ့သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button