အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

မြန်မာစစ်တပ်အတွက် မြောက်ကိုရီးယားထံမှ လက်နက်ဝယ်ပေးသည့် ကုမ္ပဏီနှင့် ပွဲစားများကို အမေရိကန်ဒဏ်ခတ်

အာဏာသိမ်းစစ်တပ်အတွက် မြောက်ကိုရီးယားထံမှ စစ်လက်နက်ပစ္စည်းများ ဝယ်ယူပေးနေသည့် ရန်ကုန်အခြေစိုက် Royal Shune Lei ကုမ္ပဏီနှင့် အမှုဆောင် သုံး ဦးကို အရေးယူပိတ်ဆို့လိုက်သည်။

အာဏာသိမ်းစစ်တပ်အတွက် မြောက်ကိုရီးယားထံမှ စစ်လက်နက်ပစ္စည်းများ ဝယ်ယူပေးနေသည့် ရန်ကုန်အခြေစိုက် Royal Shune Lei ကုမ္ပဏီနှင့် အမှုဆောင် သုံး ဦးကို အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာန အောက်ရှိ နိုင်ငံခြားပိုင်ဆိုင်မှု ထိန်းချုပ်ရေးရုံး (OFAC) က အရေးယူပိတ်ဆို့လိုက်ကြောင်း ယမန်နေ့ စက်တင်ဘာလ ၂၅ ရက်နေ့တွင် ထုတ်ပြန်ကြေညာသည်။

Royal Shune Lei ကုမ္ပဏီသည် မြောက်ကိုရီးယား၏ အရေးပါသော လက်နက်ရောင်းဝယ်ရေးကွန်ရက် တွင် ပါဝင်သည့်အပြင် အရပ်သားပြည်သူများကို လေကြောင်းမှ ဗုံးကြဲသတ်ဖြတ်နေသည့် အာဏာသိမ်း စစ်တပ်အတွက်ပါ လက်နက်ပွဲစားလုပ်ပေးနေသည့် ကုမ္ပဏီဖြစ်သည်။ ထိုကုမ္ပဏီ၏ အမှုဆောင်နှင့် ဒါရိုက်တာများ ဖြစ်သည့် ဦးတင်မျိုးအောင်၊ ဦးအောင်ကိုကိုဦး၊ ဦးကျော်သူမျိုးမြင့်တို့ကို အရေးယူပိတ်ဆို့လိုက်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့ပြင် Royal Shune Lei ကုမ္ပဏီသည် မြောက်ကိုရီးယားအစိုးရ၏ Korea Mining Development Trading Corporation(KOMID) နှင့် ချိတ်ဆက်၍ အာဏာသိမ်းခဲ့သည့် စစ်တပ်အတွက် လက်နက်ဝယ်ယူရန် ၂၀၂၂ ခုနှစ်အတွင်း ကြားခံအကျိုးဆောင်ပေးခဲ့ပြီး ၂၀၂၃ နောက်ပိုင်းတွင်လည်း လက်နက်ထပ်မံဝယ်ယူပေးရန် လုပ်ဆောင်ခဲ့သည်ဟုလည်း ထုတ်ပြန်ချက်တွင်ဖော်ပြသည်။

တရုတ်နိုင်ငံ ဘေဂျင်းမြို့တွင် လက်နက်ပစ္စည်း ရောင်းဝယ်ရေး ကိုယ်စားလှယ်ရုံး ဖွင့်ထားသော မြောက်ကိုရီးယားအစိုးရ၏ KOMID အကြီးအကဲ Kim Yong Ju ဆိုသူနှင့် Royal Shune Lei ကုမ္ပဏီ အမှုဆောင်များ တွေ့ဆုံကာ မြန်မာလေတပ်အတွက် လေကြောင်းသုံးဗုံးများ၊ စောင့်ကြည့်ထောက်လှမ်းရေး ပစ္စည်းများနှင့် စစ်လက်နက်များဝယ်ယူရန် ညှိနှိုင်းခဲ့သည်ဟုလည်းဆိုသည်။

KOMID ကလည်း ထိုကုမ္ပဏီနှင့် လက်နက်အရောင်းအဝယ်ဖြစ်ရန် စစ်လက်နက်ပစ္စည်းများကို နမူနာအဖြစ် ပေးခဲ့သည်ဟုလည်း ထုတ်ပြန်ချက်တွင်ဖော်ပြသည်။

အမေရိကန်၏ ပိတ်ဆို့အရေးယူမှုတွင် မြောက်ကိုရီးယားအစိုးရ၏ KOMID အကြီးအကဲ Kim Yong Ju ကိုလည်း ထည့်သွင်းထားသည်။ အရေးယူပိတ်ဆို့မှုနှင့်ပတ်သက်၍  ရန်ကုန်မြို့၊ လမ်းမတော်မြို့နယ်ရှိ Royal Shune Lei ကုမ္ပဏီကို Myanmar Now က ဆက်သွယ်မေးမြန်းခဲ့သော်လည်း တုံ့ပြန်မှုမရပေ။

Royal Shune Lei နှင့် မြောက်ကိုရီးယားအစိုးရ၏ KOMID တို့ ဆက်နွယ်မှုပြမြေပုံ။ (ဓာတ်ပုံ – U.S. Department of the Treasury) 

ထိုကုမ္ပဏီသည် မြောက်ကိုရီးယားထံမှာ စစ်လက်နက်များ ဝယ်ယူပေးနေသည့်အပြင် ရုရားနှင့် ဆားဘီးယားနိုင်ငံတို့မှ စစ်လက်နက်နှင့် စစ်ဘက်၊ အရပ်ဘက် နှစ်မျိုးသုံးပစ္စည်းများ ဝယ်ယူရာတွင်လည်း ပတ်သက်နေကြောင်း စစ်တပ်နှင့်ဆက်နွယ်သည့် စီးပွားရေးလုပ်ငန်းများကို ဖော်ထုတ်နေသည့် Justice For Myanmar က ၂၀၂၂ ခုနစ် ဩဂုတ်လတွင် ဖော်ထုတ်ထားသည်။ 

Royal Shune Lei ကုမ္ပဏီ၏ ကွန်ရက်သည် စင်ကာပူနိုင်ငံအထိ ခြေဆန့်ထားသည်။ ထိုကုမ္ပဏီနှင့် ဆက်နွယ်နေပြီး စင်ကာပူနိုင်ငံတွင် မှတ်ပုံတင်ထားသည့် Triple Phoenix Pte Ltd ကုမ္ပဏီသည်လည်း စစ်တပ်အတွက် စစ်လက်နက်ပွဲစားအဖြစ် ဆောင်ရွက်ပေးခဲ့ကြောင်းလည်း JFM က ဖော်ထုတ်ခဲ့သည်။

Royal Shune Lei ကုမ္ပဏီသည် စစ်တပ်အတွက် ပစ္စည်းများတင်ပို့ရာတွင် အသုံးပြုနိုင်သော Ilyushin IL-76 TD လေယာဉ်တစ်စီး ဝယ်ယူပေးရန် စစ်တပ်အာဏာမသိမ်းမီ ၂၀၁၉ အောက်တိုဘာလအတွင်း ကြိုးပမ်းခဲ့သည်။ ထိုလေယာဉ်ဝယ်ယူရန် ဆားဘီးယားကုမ္ပဏီ VIP GLobal Logistic နှင့် ချိတ်ဆက်၍ မြန်မာစစ်တပ်သို့ ဈေးနှုန်းတင်ပြခဲ့သည့် မှတ်တမ်းတစ်ခုကိုလည်း Myanmar Now က ရရှိထားသည်။

မြန်မာစစ်တပ်၏ လက်နက်ပွဲစား Royal Shune Lei ကုမ္ပဏီကို ဥရောပသမဂ္ဂ(အီးယူ)၊ ကနေဒါနှင့် ဗြိတိန်တို့ကလည်း ၂၀၂၃ နှင့် ၂၀၂၄ခုနှစ်များအတွင်း ပိတ်ဆို့အရေးယူထားသည်။ ယခုအခါ ထိုကုမ္ပဏီကို အမေရိကန်က ထပ်မံပိတ်ဆို့လိုက်ပြီး ပိုင်ဆိုင်မှုများထိန်းချုပ်ထားသည်။ အမေရိကန်နိုင်ငံသားများကိုလည်း ထိုကုမ္ပဏီနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု မလုပ်ရန် တားမြစ်ထားသည်။

မြန်မာစစ်တပ်သည် အာဏာသိမ်းမှု ငါး နှစ်နီးပါးကာလအတွင်း လက်နက်ကိုင်ခုခံတော်လှန်မှုများကြောင့် နိုင်ငံအနှံ့တွင် စစ်မျက်နာဖွင့်ထားရသည်။ ထိန်းချုပ်နယ်မြေပေါင်း မြောက်များစွာလက်လွှတ်ခဲ့ရသည့် စစ်ကော်မရှင်သည် မြေပြင်စစ်ကြောင်းများ မဖြန့်ကြက်နိုင်တော့ပေ။

ထိုအခြေအနေတွင် စစ်ရေးပစ်မှတ်မဟုတ်သည့် စာသင်ကျောင်း၊ ဘာသာရေး အဆောက်အအုံနှင့် လူနေအိမ်များကိုပါ စစ်တပ်က ပစ်မှတ်ထားတိုက်ခိုက်နေသည်။ လေကြောင်း တိုက်ခိုက်မှုများကြောင့် ကလေးငယ်၊ ကျောင်းသား၊ သက်ကြီးရွယ်အိုများ၊ သံဃာတော်များအပါဝင်အရပ်သား ပြည်သူပေါင်းများစွာ အသက်ဆုံးရှုံးခဲ့ကြောင့် စောင့်ကြည့်လေ့လာသူများက ဆိုသည်။ 

စစ်တပ်ကို လက်နက်ဝယ်ယူပေးနေသူများသည် စစ်တပ်ကျူးလွန်နေသည့် ရာဇဝတ်မှုများကို ကြံရာပါ ကူညီပေးနေသူများဖြစ်၍ ၎င်းတို့အပါအဝင် ဆက်စပ်စီးပွားရေးလုပ်ငန်းများကို နိုင်ငံတကာက အရေးယူပိတ်ဆို့ရန် တက်ကြွလှုပ်ရှားသူများက တောင်းဆိုထားသည်။

အာဏာသိမ်းပြီးနောက် မြန်မာကို အနောက်နိုင်ငံများက စီးပွားရေးပိတ်ဆို့ဒဏ်ခတ်မှုများ ပြုလုပ်ခဲ့ပြီး စစ်ကော်မရှင် ခေါင်းဆောင်ကို ရုရှား၊ တရုတ်တို့မှအပ သံတမန်ရေးအရ အသိအမှတ်မပြုကြတော့ပေ။

ရုရှားနှင့် တရုတ်တို့ကို အသိမှတ်ပြုထောက်ခံမှုရရန် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် အာဏာသိမ်းစစ်ကော်မရှင်က ကြိုးပမ်းခဲ့ပြီး စစ်လက်နက်ပစ္စည်းများအတွက် ရုရှားနှင့် တရုတ်အပြင် မြောက်ကိုရီးယားထံကလည်း ကြားခံပွဲစားများမှတစ်ဆင့် ဝယ်ယူနေသည်။ 

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button