ဆောင်းပါး

ပြည်ပထွက်သူ အုံလိုက်ကျင်းလိုက်၊ နိုင်ငံကူးလက်မှတ်လိုသူ ငွေထုပ်ပိုက်

ရန်ကင်းမြို့နယ် စက်မှု (၁) လမ်းပေါ်ရှိ နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးရှေ့သို့ ကိုချမ်းမြေ့* ရောက်ချိန်တွင် နံနက် ၄ နာရီအချိန်သာ ရှိသေးသည်။ ရန်ကုန်မြို့နေ အသက် ၃၃ နှစ်အရွယ် လူငယ်မှာ သင်္ဘောတက်ရန် စီစဉ်နေသူဖြစ်သည်။ သူ့အတွက် အရေးတကြီး လိုအပ်နေသည်မှာ နိုင်ငံကူးလက်မှတ်ပင်။

အစိုးရရုံးဌာနများမှာ နံနက် ၉ နာရီမှသာ ရုံးဖွင့်လေ့ရှိသော်လည်း ကိုချမ်းမြေ့တစ်ယောက် အထူးဝီရိယထားပြီး ရောက်နေသည်။ သူ့ရှေ့တွင် လူ ၂၀၀ ကျော်ခန့်ပင် ရောက်ရှိနေကာ တန်းစီနေကြပြီဖြစ်သည်။ မကြာမီတွင် တန်စီးသူဦးရေမှာ ၅၀၀ နှင့် ၁,၀၀၀ ကြားအထိ ရောက်လာပြီး အချင်းချင်းစကားပြောသံ စီစီညံလျက်ရှိသည်။

ထိုလူတန်းရှည်ကြီးသည် နိုင်ငံခြားသွားရန် မဖြစ်မနေလိုအပ်သည့် ပက်စ်ပို့ (တစ်နည်း) နိုင်ငံကူးလက်မှတ်ဆိုသော မျှော်လင့်ချက်တနင့်တပိုးဖြင့် ရောက်ရှိနေခြင်းဖြစ်သည်။ ထိုနေ့က ဇန်နဝါရီ ၂ ရက်နေ့ဖြစ်သည်။ နံနက် ၈ နာရီခွဲတွင် ရဲအရာရှိနှစ်ဦး ထွက်ပြောလိုက်သော စကားကြောင့် မျှော်လင့်တကြီးစောင့်ဆိုင်းနေသူများ စိတ်ပျက်လက်ပျက်ဖြစ်သွားသည်။

“စခန်းမှူးအဆင့်လောက်ရှိတဲ့ ရဲနှစ်ယောက်ရယ် ပြီးတော့ …တပ်သားအဆင့်ရှိတဲ့ ရဲသုံးလေးယောက်လောက်ရယ် ထွက်ပြောတယ်။ ဒီနေ့ ရုံးမဖွင့်ဘူး။ ရုံးပိတ်တယ်။ ကျွန်တော်တို့က မေးတယ်။ ဘာကြောင့် ပိတ်တာလဲဆိုတော့။ အဲဒါတော့ မသိဘူး။ ရက်အကန့်အသတ်မရှိ ပိတ်ထားတာတဲ့” ဟု ကိုချမ်းမြေ့က ပြန်ပြောင်းပြောပြသည်။ 

ရုံးပြန်ဖွင့်မည့်ရက်ကို တရားဝင်ဝက်ဆိုက်တွင် ကြေညာမည်ဖြစ်ကြောင်း ရဲအရာရှိက စောင့်ဆိုင်းနေသူများကို အသိပေးသည်။ နိုင်ငံကူးလက်မှတ်လျှောက်ရန် ရက်ချိန်းရရှိထားသူနှင့် စာအုပ်ထုတ်မည့်သူများကို အသိမပေးဘဲ ရုတ်တရက်ပိတ်ပင်လိုက်ခြင်းဖြစ်သည်။

ကြိုးစားထားသမျှ အချည်းနှီးဖြစ်သွားကြောင်း ကိုချမ်းမြေ့က ဆိုသည်။

စစ်တပ်က အာဏာသိမ်းလိုက်ပြီးနောက် စီပွားရေးကျဆင်းလာသလို အလုပ်အကိုင်ရှားပါးလာမှုကြောင့် ကိုချမ်းမြေ့အပါအဝင် မြန်မာလူငယ်အများအပြား နိုင်ငံခြားထွက်အလုပ်လုပ်ရန် ကြိုးပမ်းလာရသည်။ နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးရှေ့တွင် နေ့စဉ်နေ့တိုင်း လူတွေ အုံလိုက်ကျင်းလိုက်ရှိလာသည်။​

စစ်ကောင်စီ၏ မူဝါဒအသစ်များ၊ အကျင့်ပျက်ဝန်ထမ်းများနှင့် လက်ဝါးချင်းရိုက်ထားသည့် ပွဲစားများကြောင့် ငွေကုန်ကြေးကျများသည့်အပြင် ဒုက္ခဆင်းရဲပေါင်းစုံ ကြုံနေကြရသည်။

ပက်စ်ပို့လိုအပ်သူ အဆမတန်တိုးလာ

ရန်ကုန်မြို့ရှိ ပတ်စ်ပို့ရုံးရှေ့တွင် တန်းစီစောင့်ဆိုင်းနေသူများကို ၂၀၂၂ ခုနှစ် ဩဂုတ်လအတွင်းက တွေ့ရစဉ်။ (ဓာတ်ပုံ​- Myanmar Now)

စစ်ကောင်စီလက်ထက်တွင် စားဝတ်နေရေးအကျပ်အတည်းကြောင့် နိုင်ငံခြားကို ခြေစုံပစ်ထွက်လိုသူ ဒုနှင့်ဒေးရှိလာသည်။ ပညာရေး၊ ကျန်းမာရေးအပါဝင် အခြားအကြောင်းအမျိုးမျိုးဖြင့် တိုင်းတစ်ပါးသို့ ရေတိုရေရှည် ထွက်ခွာလိုသူများသထက်များလာသည်။

ထိုင်း၊ မလေးရှား၊ စင်ကာပူ၊ ကိုရီးယားနှင့် ဂျပန် စသည့်ပြည်ပနိုင်ငံများသို့ တရားဝင်လမ်းကြောင်းမှ တစ်လလျှင် အလုပ်သမား သုံးထောင်မှ ငါးထောင်ကြား သွားနေ​ကြောင်း ပြည်ပအလုပ်အကိုင်ရှာဖွေရေးအေဂျင်စီတစ်ခုဖြစ်သော Virtue International ကုမ္ပဏီမှ အုပ်ချုပ်မှုဒါရိုက်တာ ဦးမြတ်လွင်က ဆိုသည်။ 

“ထွက်မယ့်နှုန်းက ပိုများတယ်။ ဒါပေမဲ့ အလုပ်အကိုင်က ဟိုဘက်က ခေါ်စာတွေက နည်းတယ်။ ကြည့်ရတာတော့ ထွက်တဲ့ဟာက နဂိုထက်ကို ပိုများတယ်။ ခက်တာက အလုပ်ခေါ်စာက နည်းတော့ ကျွန်တော်တို့လည်း ဦးနှောက်စားတယ်။ ထွက်ချင်တဲ့သူတွေက များများ။ အလုပ်ခေါ်စာတွေက မရှိ” ဟု ၎င်းက ဆိုသည်။ 

အလုပ်သမားများအနေဖြင့် ထိုင်းနှင့် မလေးရှားသို့ အများဆုံးသွားနေကြပြီး စင်္ကာပူနှင့် ဂျပန်သို့လည်း အသွားများသည်ဟု သိရသည်။

နိုင်ငံတစ်ဝန်းရှိ ပက်စ်ပို့ရုံးများက လစဉ် ပက်စ်ပို့အရေအတွက် မည်မျှထုတ်ပေးနေသည်ကို မသိရသော်လည်း အခြေအနေအရ ပတ်စ်ပို့တစ်ခု အဆင်သင့်ကိုင်ထားရန် လူငယ်လူရွယ်တိုင်း ကြံဆနေသည်။ 

“ကုန်ဈေးနှုန်းတွေ ထိုးတက်လာတယ်။ စီးပွားရေးတွေ ကျလာတယ်။ ပြည်တွင်းမှာ တစ်ချို့အလုပ်တွေ ရပ်ဆိုင်းလိုက်ရတယ်။ ရှိနေတဲ့ အလုပ်တွေ ဝင်ငွေနဲ့ အသုံးစရိတ်က မလောက်တဲ့အခါကြတော့ နိုင်ငံခြားထွက်ချင်တဲ့သူတွေက အရမ်းများလာတယ်။ အထဲမှာ မလုံခြုံသလို ခံစားရတာလည်း ရှိတယ်” ဟု ရန်ကုန်မြို့ သာကေတမြို့နယ်မှ အသက် ၃၀ အရွယ် ကိုနန်းက ဆိုသည်။

နိုင်ငံခြားထွက်ခွာသူ အဆမတန်တိုးလာခြင်းကြောင့် ပက်စ်ပို့ရရန် ခက်ပြီး ငွေပုံအော၍ ကြိုးစားလျှင်ပင် မလွယ်ကူကြောင်း ကိုးရီးယားထွက်အလုပ်လုပ်ရန် စီစဉ်နေသည့် ကိုနန်းက ဆိုသည်။ 

“တစ်ခါမှ မကြုံဖူးတဲ့ ဈေးနှုန်းတွေ ပေးတာတောင်မှ လူပင်ပန်း၊ စိတ်ပင်ပန်းတဲ့ဒဏ်ကို ခံရတယ်။ ဒါတောင် မရတဲ့သူတွေရှိတယ်။ အဲ့လိုမျိုး ဆက်တိုက် လူတွေက လုပ်နေရင် လုပ်နေရင်းနဲ့ လက်တလော ပက်စ်ပို့ရုံးက ပိတ်သွားတယ်။ လောလောဆယ် အကန့်အသတ်မရှိ ယာယီပိတ်ထားတယ်။ ဘာကြောင့် ပိတ်ထားတယ်ဆိုတာ ဘယ်သူမှ မပြောနိုင်ဘူး” ဟု ၎င်းက ဆိုသည်။

ကိုးရီးယားတွင်အလုပ်လုပ်ရန် ဘာသာစကားအရည်အချင်းစစ် စားမေးပွဲဖြေဆိုရန် လိုပြီး ပက်စ်ပို့ရှိမှသာ စာမေးပွဲလျှောက်လွှာတင်ခွင့်ရှိသည်။ 

၂၀၂၂ နှစ်လယ်ပိုင်းက ကိုးရီယားစားမေးပွဲအတွက် ပွဲစားနှင့် ချိတ်ဆက်၍ ပက်စ်ပို့လုပ်သော်လည်း အဆင်မပြေကြောင်း၊ ယခုနှစ်ဆန်းမှစ၍ စစ်ကောင်စီက ပက်စ်ပို့ရုံးအားလုံး ပိတ်ပင်ထားသဖြင့် အားလုံးအခက်တွေ့နေကြောင်း ကိုနန်းက ဆိုသည်။

ရန်ကုန်မြို့ရှိ ပတ်စ်ပို့ရုံးရှေ့တွင် တန်းစီစောင့်ဆိုင်းနေသူများကို ၂၀၂၂ ခုနှစ် ဩဂုတ်လအတွင်းက တွေ့ရစဉ်။ (ဓာတ်ပုံ​- Myanmar Now)

မခန့်မှန်းနိုင်သည်အထိ ပက်စ်ပို့ရုံများပိတ်ထား

ငါးနှစ်သက်တမ်းရှိ နိုင်ငံကူးလက်မှတ်ကို ပြည်ထဲရေးလက်အောက်ခံ ရဲတပ်ဖွဲ့၏ အထူးသတင်းရဲတပ်ဖွဲ့က ထုတ်ပေးခြင်းဖြစ်သည်။ ယခင်က ရန်ကုန်၌သာ ထုတ်ပေးခဲ့သော်လည်း ၂၀၁၄ မှစ၍ ပြည်နယ်နှင့် တိုင်းများတွင် ပတ်စ်ပို့ရုံး ၁၇ ခုအထိ တိုးချဲ့ပေးခဲ့သည်။  

အလည်အပတ်အတွက် PV ၊ အလုပ်သမားများအတွက် PJ နှင့် သင်္ဘောသားများအတွက် PS စသဖြင့် ပက်စ်ပို့အမျိုးအစားများခွဲ၍ ထုတ်ပေးခြင်းဖြစ်သည်။ ယခင်က PJ ပက်စ်ပို့ဖြင့် အလည်ပတ်သွားရန် ခွင့်ပြုခဲ့သော်လည်း စစ်ကောင်စီလက်ထက်တွင် အလုပ်သမားသက်သေခံကတ်ပြား (OWIC) ရှိမှသာ ထွက်ခွာခွင့်ပြုသည်။ 

ထို့အပြင် ဦးရာစနစ်ဖြင့် လူကိုယ်တိုင်တန်းစီ၍ ပက်စ်ပို့အသစ်လျှောက်ခြင်းနှင့် သက်တမ်းတိုးခြင်းတို့ကို ပြုလုပ်ရသော်လည်း ပြီးခဲ့သည့်နှစ် မတ်လမှစ၍ www.passport.gov.mm ကို ဝင်ရောက်ကာ QR Code ဖြင့် ကြိုတင်ရက်ချိန်းယူရသည့်စနစ်ကို စစ်ကောင်စီက ပြောင်းလဲခဲ့သည်။​

အဆင်မြင့်တင်ရန်ဟုဆိုကာ ထို QR Code စနစ်ကို ပြီးခဲ့သည့် ဒီဇင်ဘာတွင် ရပ်ဆိုင်းလိုက်သည့်နည်းတူ ပက်စ်ပို့ရုံးများကိုလည်း ယခုနှစ် ဇန်နဝါရီတွင် ပိတ်ပင်ခဲ့သည်။ 

ရုံးအားလုံးပိတ်ထားသဖြင့် ထို QR Code အားဖြင့် ကြိုတင်ရက်ချိန်းရရှိထားသူ၊ လျှောက်ထားမှုပြီးစီး၍ ပက်စ်ပို့စာအုပ်ထုတ်ရန် စလစ်ရရှိထားသူအားလုံးမှာ ဘာဆက်လုပ်ရမှန်း မသိဖြစ်နေကြောင်း ဧရာဝတီတိုင်း မော်ကျွန်းမြို့မှ ပတ်စ်ပို့လာလုပ်သူတစ်ဦးက ဆိုသည်။

“အခုခေတ်က သူတို့ခေတ်ဆိုတော့ သူတို့ဖွင့်ချင်ဖွင့်မယ်ဆိုတဲ့ အနေအထားတော့ရှိတယ်။ ကောလာဟလ ကြားတာတော့ ပက်စ်ပို့စာအုပ် ပြတ်လပ်တာတို့ပေါ့။ အဲဒါတွေကတော့ အတိအကျတော့ မသိဘူးပေါ့။ အခု ကျွန်တော်တို့ကတော့ နားစွန့်နေရတာ။​ အမြဲတမ်း ပက်စ်ပို့ဂရုထဲ ဝင်ပြီး ဖွင့်ပြီးလားဆိုပြီး မျှော်နေရတာပေါ့” ဟု ၎င်းက ဆိုသည်။

ပြည်ထဲရေးက ကိုင်တွယ်သည့် လုပ်ငန်းစဉ်ဖြစ်သော်လည်း ရုံးပိတ်ပင်ခြင်းကို ကြိုမကြေညာထားသလို ဖွင့်မည့်ရက်ကို စမ်းတဝါးဝါးပြောဆိုနေခြင်းမှာ တာဝန်ကင်းမဲ့ရာကျကြောင်း ရန်ကုန်မြို့မှ ကိုချမ်းမြေ့က ဝေဖန်သည်။

“သေရေးရှင်ရေးတွေရှိတယ်။ မကုလို့ရှိရင် သေသွားမယ်။ ဥပမာ ကိုယ်လည်း ကုနိုင်တယ်။ ကုနိုင်တဲ့ ပိုက်ဆံအင်အားရှိရဲ့သားနဲ့ ပက်စ်ပို့မရှိလို့ သွားမကုလိုက်ရတဲ့သူတွေ အများကြီး။ အဲဒီလူတွေ လွဲချော်လို့ ချွတ်ချော်သွားလို့ သေသွားရင် ဘယ်သူတာဝန်ယူမလဲ” ဟု ၎င်းက ဆိုသည်။

ရန်ကုန်မြို့ရှိ ပတ်စ်ပို့ရုံးရှေ့တွင် တန်းစီစောင့်ဆိုင်းနေသူများကို ၂၀၂၂ ခုနှစ် ဩဂုတ်လအတွင်းက တွေ့ရစဉ်။ (ဓာတ်ပုံ​- Myanmar Now)

၎င်းအနေဖြင့် အချက်အအပြုတ်လိုင်းဖြင့် သင်္ဘောလိုက်ရန် စီစဉ်ထားပြီး အသိမှတ်ပြုလက်မှတ်လည်း ရရှိထားသည်။ ထိုလက်မှတ်သည် သက်တမ်းနှစ်နှစ်သာရှိပြီး ပက်စ်ပို့မရမီ သက်တမ်းကုန်သွားပါက အစမှ ပြန်တက်ရမည်ဖြစ်သလို ငွေကြေးလည်း ထပ်မံကုန်ကျမည်ဖြစ်သည်။

ထို့ပြင် QR Code စနစ် ပြောင်းလဲလိုက်ချိန်မှစ၍ အချိန်နှင့် ငွေကြေးများစွာ ကုန်ကျကြောင်း လွန်ခဲ့သည့် သုံးလကျော်ကတည်းက ရက်ချိန်းယူစောင့်ဆိုင်းနေသည့် ကိုချမ်းမြေ့က ဆိုသည်။

ရန်ကုန်ရုံးတွင် လူဦးရေများသဖြင့် ထိုင်း-မြန်မာနယ်စပ် မြဝတီနှင့် အခြားနယ်ရုံးများ၌ ဘိုကင်ယူကာ ပက်စ်ပို့ပြုလုပ်သူများရှိပြီး မြဝတီရုံးတွင် ပြုလုပ်ထားသူအချို့မှာ စာအုပ်ထုတ်ရန်သာ ကျန်သော်လည်း တိုက်ပွဲများကြောင့် အာရှလမ်းမကြီးပိတ်ပင်ထားသဖြင့် ထုတ်ခွင့်မရကြပေ။

လမ်းများပြန်ပွင့်လာသော်လည်း ရုံးများဆက်ပိတ်ထားသဖြင့် ရက်ပိုင်းအတွင် အလုပ်ခေါ်စာကျကာ နိုင်ငံခြားထွက်ရတော့မည့် အလုပ်သမားများမှာ အလုပ်ကိုင်ဆုံးရှုံးမှုရှိနိုင်သည်ဟု သိရသည်။ 

ယခုလ ၁၆ ရက်နေ့တွင် ပြန်ဖွင့်နိုင်ခြေရှိသည်ဟု ပက်စ်ပို့ပြုလုပ်နေသူများက ခန့်မှန်ပြောဆိုထားသလို စစ်ကောင်စီလက်အောက်ခံ ပက်စ်ပို့ရုံးဝန်ထမ်းအချို့ကို Myanmar Now က ဆက်သွယ်မေးမြန်းရာတွင် ထိုနေ့ရောက်မှသာ အခြေအနေသိရမည်ဟု ဆိုသည်။ 

“ဘာမှန်းကို မသိတဲ့ စမ်းတဝါးဝါးကြီး။ ဘယ်လိုပြောရမလဲ၊ လုံဝကို မသေချာမရေရာကြီး။ သူတို့ပြောတဲ့ စကားတွေအားလုံးက။ ကျွန်တော်တို့က ဘယ်နေ့ဖွင့်မယ် မသိပါဘူး။ အဲ့လိုမျိုးစကားတွေ ပြောတာဗျာ။ တကယ်တမ်း နိုင်ငံနဲ့ အလုပ်လုပ်နေတဲ့ဟာကြီးဗျာ” ဟု ကိုချမ်းမြေ့က ဆိုသည်။  

ယခုလ ၁၆ ရက်တွင် ပက်စ်ပို့ရုံးများ ပြန်ဖွင့်နိုင်သည်ဟု ခန့်မှန်းခဲ့ကြသော်လည်း မဖွင့်သည့်အပြင် MoU နှင့် ဗုဒ္ဓဂါယာခရီးသွားများအတွက် Green Channel မှတစ်ဆင့် ပြုလုပ်ပေးခြင်းကိုပါ ရပ်ဆိုင်းလိုက်သည်။ ယခုအခါ ပက်စ်ပို့ပြုလုပ်နိုင်သည့်လမ်းကြောင်း အားလုံးပိတ်သွားသည်။ 

ပက်စ်ပို့ပြုလုပ်ရန် ကုန်ကျစရိတ်အတွက် ငွေတိုးချေးထားသူများရှိသလို ပိုင်ဆိုင်သည့်ပစ္စည်းများ ပေါင်နှံကာ လုပ်ရသူများလည်း ရှိသည်။ 

“စာအုပ်လေးတစ်အုပ်ပဲ။ ဘဝတွေပါနေတယ်။ ငွေတိုးနဲ့ယူ၊ ရှိတာလေး ပေါင်နှံ ရောင်းချ လုပ်နေကြရတာ” ဟု စီးနေသည့် ဆိုင်ကယ်ကို ရောင်းချကာ ပက်စ်ပို့ပြုလုပ်ခဲ့သည့် ဧရာဝတီတိုင်း မော်ကျွန်းမြို့မှ ရန်ကုန်တွင် ပတ်စ်ပို့လာလုပ်သူတစ်ဦးက ပြောသည်။

ရန်ကုန်မြို့ရှိ ပတ်စ်ပို့ရုံးရှေ့တွင် တန်းစီစောင့်ဆိုင်းနေသူများကို ၂၀၂၂ ခုနှစ် ဩဂုတ်လအတွင်းက တွေ့ရစဉ်။ (ဓာတ်ပုံ​- Myanmar Now)

အကြံအဖန်လမ်းကြောင်းများ 

အာဏာမသိမ်းမီက နိုင်ငံကူးလက်မှတ် လျှောက်ရာ၌ ငွေကျပ် ၂၅,၀၀၀ ဖြင့် သီတင်းနှစ်ပတ်အတွင်း လွယ်လွယ်ကူကူ ရရှိနိုင်သည်။ တရားဝင် ကိုယ်တိုင်ကိုယ်ကျ အလွယ်တကူလျှောက်ထားနိုင်ခြင်း ဖြစ်သည်။ 

အာဏာသိမ်းပြီးနောက် လုပ်ထုံးလုပ်နည်းရှုပ်ထွေးလာသလို ကိုယ်တိုင်လျှောက်ထားသူများအနေဖြင့် စစ်ကောင်စီ ဩဇာခံဝန်ထမ်းများ၏ မောက်မာစွာ ဆက်ဆံမှုခံရသည့်အပြင် တရားဝင်မဟုတ်သော အပိုကြေးပါ ပေးနေရသည်။

“လူကိုယ်တိုင်လုပ်တော့ အရစ်ခံရတယ်။ လွယ်လွယ်ကူကူ မလုပ်ပေးဘူး။ ပိုက်ဆံတစ်သောင်းပေးမှ လုပ်ပေးတယ်။ သူတို့ဆီမှာ VIP, VVIP ဆိုပြီး ခွဲထားတယ်။ ကျွန်တော်တို့က သာမန်ပေါ့။ ဘယ်လိုသတ်မှတ်လဲဆိုတော့ ပွဲစားကတ်ကြီးတွေရှိတယ်။ လူကြီးတွေရဲ့ သက်ဆိုင်ရာနာမည်တွေက သူတို့မှာ စာရင်းရှိပြီးသား” ဟု နေပြည်တော်မှ အသက် ၂၆ နှစ်အရွယ် အမည်မဖော်လိုသူ အမျိုးသားတစ်ဦးက ဆိုသည်။ 

ပွဲစားများနှင့် ချိတ်ဆက်ထားသူများ၊ ဝန်ထမ်းများနှင့် ညှိနှိုင်းထားသူများဖြစ်ပါက အလှည့်ကျော်၍ မြန်ဆန်စွာလုပ်ပေးကြောင်း၊ ပေါ်တင်လူပါးဝမှန်းသိသော်လည်း သည်းခံရကြောင်း လွန်ခဲ့သည့်တစ်လက ပက်ပို့ပြုလုပ်ခဲ့သည့် ၎င်းက ဆိုသည်။ ၎င်းအနေဖြင့် ခြောက်သောင်းကျပ်သာ ကုန်သည်ဟု ဆိုသည်။ 

ညမထွက်ရအမိန့်ရှိနေဆဲဖြစ်သော်လည်း ရန်ကုန်မြို့၏ ပက်စ်ပို့ရုံးရှေ့တွင် ည ၁၂ နာရီကတည်းက စောင့်ဆိုင်သူများရှိသည်။ နယ်မှလာသူများမှာ ပတ်စ်ပို့ရုံးအနီးတစ်ဝိုက်ရှိ နေအိမ်များနှင့် တည်းခိုခန်းများတွင် ခေတ္တနေထိုင်ကာ စောင့်ဆိုင်းသူများလည်းရှိသည်။ 

ပွဲစားများနှင့် ချိတ်ဆက်ထားသူတို့သည့် နောက်မှ ရောက်လာသော်လည်း ထိုသူတို့ရှေ့တွင် တန်းစီခွင့် ရရှိကြောင်း ကိုယ်တိုင်ပက်စ်ပို့ပြုလုပ်သူတို့က ဆိုသည်။ စစ်ကောင်စီက လက်ရှိ QR Code စနစ်ကို အဆင့်မြှင့်ရန် စီစဉ်သော်လည်း မည်သည့်စနစ်ဖြစ်စေ လွယ်လွယ်ကူကူ မရနိုင်ကြောင်း ၎င်းတို့က ဆိုသည်။

စစ်ကောင်စီလက်ထက် ပတ်စ်ပို့လျှောက်ရာတွင် အကြံအဖန်လမ်းကြောင်းများ ခေတ်စားလာပြီး ပွဲစားများအတွက် အခွင့်အရေးတစ်ခုဖြစ်လာကြောင်း အလုပ်သမားပက်စ်ပို့(PJ) များ အဓိကလုပ်ပေးသည့် တာမွေမြို့နယ် ပက်စ်ပို့ပွဲစားတစ်ဦးက ဆိုသည်။

ရန်ကုန်မြို့ရှိ ပတ်စ်ပို့ရုံးရှေ့တွင် တန်းစီစောင့်ဆိုင်းနေသူများကို ၂၀၂၂ ခုနှစ် ဩဂုတ်လအတွင်းက တွေ့ရစဉ်။ (ဓာတ်ပုံ​- Myanmar Now)

“တကယ်တမ်းပြောရရင် မကောင်းဘူးပေါ့ဗျာ။ ကျွန်တော်တို့လို လူမျိုးအတွက်တော့ ကောင်းတာပေါ့။ ကြားထဲကနေ အကျိုးဆောင်ပေးရတာ။ ကျွန်တော်တို့ ပိုက်ဆံရတာပေါ့။ ဒါပေမဲ့ မကောင်းဘူးဗျ။ အထဲဝင်ရဖို့ ကိုယ်တိုင်လုပ်ပြီး ကိုယ်တိုင်သွားလို့ရရင် ကောင်းတာပေါ့” ဟု ၎င်းက ဆိုသည်။

“မြန်မာလူမျိုး တော်တော်များများကလည်း ကြောက်တက်တယ်။ သူများအားကိုးတယ် ပြောရမှာပေါ့။ ပိုက်ဆံပေးပြီး သူများပဲ လုပ်ခိုင်းကြတာ များတယ်”

အွန်လိုင်းစနစ်ဖြင့် QR Code ထုတ်ယူရာတွင် အချိန်တိုအတွင်း လူပြည့်သွားလေ့ရှိပြီး လူအများစုမှာ မရကြပေ။ ကံကောင်း၍ ရလျှင်လည်း နောက်သုံးလမှ ငါးလအတွင်းသာ ရက်ချိန်းရသည်။ ထို့ကြောင့် အလျင်လိုသူများသည် ပွဲစားကိုသာ အားကိုးကြရတော့သည်။

နှစ်ပတ်အတွင်း ရက်ချိန်းရလိုလျှင် ကျပ် တစ်သိန်းသုံးသောင်းဈေးရှိပြီး သုံးလဆိုပါက ကျပ်တစ်သောင်းခွဲသာ ပေးရကြောင်း၊ ပွဲစားနှင့် စာအုပ်အပြီးအစီးလုပ်မည်ဆိုပါက ကျပ် တစ်သိန်းရှစ်သောင်းမှ လေးသိန်းအထိ ကုန်ကျကြောင်း သိရသည်။

ပွဲစားများအနေဖြင့် ပက်စ်ပို့ရုံးများပိတ်ထားချိန်ဖြစ်သော်လည်း အေဂျင်စီများနှင့် ချိတ်ဆက်၍ MoU လမ်းကြောင်းမှတစ်ဆင့် ပက်စ်ပို့ပြုလုပ်ပေးနေကြောင်းလည်း သိရသည်။ အေဂျင်စီများက ပြည်ပလွှတ်မည့် အလုပ်သမားများကို အလုပ်သမားဝန်ကြီးဌာန၏ခွင့်ပြုချက်ဖြင့် ပက်စ်ပို့လုပ်ပေးနေပြီး ထိုအလုပ်သမားများနေရာတွင် ပက်စ်ပို့အမြန်လိုသူများကို ထည့်ပေးခြင်းပင်။

“အမြန်လုပ်ချင်တဲ့သူတွေကျတော့ ပိုက်ဆံအကုန်ခံပြီး လုပ်ကြတာပေါ့ဗျ။ အမြန်လုပ်ချင်ရင်တောင် နှစ်ပတ်ကနေ သုံးပိတ်အထိ စောင့်ရသေးတယ်။ နေပြည်တော်ကို စာတင်ရသေးတယ်။ စာတင်ရတော့ တစ်ပတ်မှာ အယောက်ရေ ဘယ်လောက်က ပက်စ်ပို့လျှောက်ပါမယ်ဆိုတာကို စာတင်ရသေးတယ်။ ဘယ်နေ့ဘယ်ရက်ကို လုပ်ပါဆိုပြီး ပြန်ချပေးမှ အဲဒီရက်ကို ဝင်ရတာ” ဟု ပွဲစားတစ်ဦးက ဆိုသည်။

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ မြန်မာသရုံးတွင် နိုင်ငံကူးလက်မှတ် သက်တမ်းတိုးရန် စောင့်ဆိုင်း နေသူများကို ပြီးခဲ့သည့်သီတင်းပတ်အတွင်းက တွေ့ရစဉ်။ (ဓာတ်ပုံ – ရဲမင်း (ACC) Facebook)

ပြည်ပရောက်မြန်မာများလည်း ဒုက္ခပင်လယ်ဝေ

စစ်ကောင်စီလက်ထက်တွင် ပြည်တွင်း၌သာမက မြန်မာရွှေ့ပြောင်းလုပ်သားအများအပြားရှိရာ ထိုင်း၊ မလေးရှား၊ စင်ကာပူနှင့် ကိုရီယားနိုင်ငံများရှိ မြန်မာသံရုံများတွင်လည်း နိုင်ငံကူးလက်မှတ်နှင့် ပတ်သက်၍ လုပ်ကိုင်ရ ခက်ခဲလာသည်။

မြန်မာနှင့် အိမ်နီးချင်းထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့ မြန်မာကောင်စစ်ဝန်ရုံးက ပက်စ်ပို့သက်တမ်းတိုးခြင်းကို ယခုလ ၅ ရက်မှစ၍ ရပ်ဆိုင်းထားသည်။ ထို့ပြင် ဘန်ကောက်ရှိ မြန်မာသံရုံးကလည်း ယခုနှစ်ဆန်းတွင် အွန်လိုင်းနှင့် တယ်လီဖုန်းမှတစ်ဆင့် ကြိုတင်ဘိုကင်ယူသည့် စနစ်ကို ရပ်ဆိုင်းကာ လူကိုယ်တိုင်လျှောက်ထားရသည့်စနစ်ကို ပြောင်းလဲခဲ့သည်။

စနေ့နေ့တစ်ရက်တည်းသာ တန်းစီဘိုကင်ယူရမည်ဖြစ်၍ လူဦးရေ ထောင်နှင့်ချီကာ လာရောက်ကြသဖြင့် ဇန်နဝါရီ ၇ ရက်က ဘန်ကောက်ရှိ မြန်မာသံရုံးရှေ့တွင် ဧရာမလူလှိုင်းကြီးဖြစ်ပေါ်ခဲ့သည်။ မူးမေ့ကာ လဲကျသူများပင် ရှိခဲ့သည်။

“မြင်လို့ရှုလို့ အဆင်မပြေ မသင့်တော်တဲ့ဟာတွေ ဖြစ်ကုန်တာပေါ့။ ထိုင်းလုံခြုံရေးတွေက ဝင်ပြီး ကူညီပေးလိုက်ရတယ် ကြားတယ်။ အမှန်တော့ ဒီလိုလုပ်ရင် ဒါတွေဖြစ်လာမယ်ဆိုတာ သက်ဆိုင်ရာတွေက ကြိုပြီး ပြင်ဆင်ထားရင် ဒီလောက်အထိ မဖြစ်ဘူးပေါ့” ဟု ထိုင်းတောင်ပိုင်း၊ ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း (FED) ၏ အလုပ်သမားရေးတာဝန်ခံ ဦးမင်းဦးက ပြောသည်။ 

မြန်မာအလုပ်သမားအရေးဆောင်ရွက်သည့် အဖွဲ့အစည်းများ၊ အခြားကူညီသူများကို ညှိနှိုင်းထားလျှင် အဆင်ပြေနိုင်ကြောင်း ၎င်းက ဆိုသည်။ သို့သော် စစ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီလက်အောက်ခံ သံရုံနှင့် အဖွဲ့အစည်းများကြားတွင် အလုပ်သမားရေး ပူးပေါင်းဆောင်ရွက်မှု မရှိတော့ပေ။

ထိုင်းနိုင်ငံရောက် သန်းနှင့်ချီသော မြန်မာရွှေ့ပြောင်းအလုပ်သမားများအနက် ယခုနှစ်ဆန်းပိုင်းတွင် ပတ်စ်ပို့သက်တမ်းတိုးရမည့်သူ သိန်းဂဏန်းရှိနေသည်။ ဝေးလံခေါင်ဖျားသည့် မြို့များမှ မြန်မာအလုပ်သမားများသည် ဘန်ကောက်ရှိ မြန်မာသံရုံးသို့ လူကိုယ်တိုင်လာရောက်ကာ ပတ်စ်ပို့ကိစ္စ ဆောင်ရွက်ရမည်ဖြစ်သည်။ တစ်ကြိမ်တည်းဖြင့် ကိစ္စပြီးပြတ်နိုင်သည် မဟုတ်ရာ သတ်မှတ်ရက်တွင် ထပ်မံလာရောက်ရမည်ဖြစ်သည်။

ဇန်နဝါရီ ၁၄ အထိ ဘိုကင်ထုတ်ပေးထားသူ ၆,၀၀၀ ကျော်ရှိပြီး၊ မြန်မာရွှေ့ပြောင်းလုပ်သား ၁,၀၀၀ အထက်ရှိ စက်ရုံများကို ရွေ့လျားအဖွဲ့များဖြင့် ပက်စ်ပို့ပြုလုပ်ပေးသွားမည်ဟု စစ်ကောင်စီ၏ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးက ထုတ်ပြန်ထားသည်။

မြန်မာလုပ်သားအများအပြားရှိသည့် မလေးရှားနှင့် စင်ကာပူတွင်လည်း ရက်ချိန်းရရန် မလွယ်ကူသလို ငွေကြေးကုန်ကျမှု ပိုများကြောင်း၊ ငွေမပေးပါက အချိန်ကြန့်ကြာတတ်ကြောင်း ထိုနိုင်ငံများရောက် မြန်မာများထံမှ သိရသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက်တွင် ကိုယ်တိုင်လုပ်ရန် အဆင်ပြေသော်လည်း ယခုအခါ ပွဲစားများနှင့် မချိတ်ထားလျှင် အချိန်ကြန့်ကြာနိုင်ကြောင်း မလေးရှားတွင် ဆယ်နှစ်ကျော်ကြာ အလုပ်လုပ်ကိုင်နေသည့် ဦးကျော်ဆိုသူက ပြောသည်။ 

“အမေစုလက်ထက်က စာအုပ်အလုခံရလို့ သွားလုပ်ဖူးတယ်။ အဲဒီတုန်းကတော့ ပွဲစားမလိုဘူး။ သံရုံးထဲ ဝင်သွားလိုက်။ ဘယ်ကောင်တာမှာ ဘယ်လိုမေးရမယ်။ ဘယ်လိုလုပ်ရမယ်ဆိုတာ ကိုယ့်ဘာသာ စာလေးဖတ်ပြီး ဝင်တိုးလိုက်ရုံပဲ” ဟု ၎င်းက ဆိုသည်။ 

အသစ်လျှောက်ထားခြင်း၊ သက်တမ်းတိုးခြင်းအတွက် ပွဲစားမအပ်လျှင် ရနိုင်သော်လည်း အပျက်စီးနှင့် အပျောက်လျှောက်လျှင် ရဲစခန်းထောက်ခံစာ၊ အလုပ်ရှင်ထောက်ခံစာအမျိုးမျိုး တောင်းဆိုလေ့ရှိသည်ဟု သူက ဆိုသည်။

၂၀၂၂ ခုနှစ် ဇူလိုင်လအတွင်းက ဘန်ကောက်ရှိ မြန်မာသံရုံးရှေ့တွင် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံ သားများ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြနေစဉ်။ (ဓာတ်ပုံ​ – Peerapon Boonyakiat via Getty Images)

ထို့ကြောင့် သံရုံးနှင့် လက်ဝါးချင်းရိုက်ထားသောပွဲစားများကို အဓိကအားကိုးရပြီး ယခင်က ဒဏ်ကြေး၊ စာအုပ်ဖိုးနှင့် ထောက်ခံစာများအတွက် မလေးရှားရင်းဂစ် ၇၀၀ သာ ကျသင့်သော်လည်း ယခုအခါ ၁၃၀၀ ခန့် (ကျပ် ခြောက်သိန်းနှစ်သောင်းကျော်) အထိ ကုန်ကျနေသည်။

“အဓိက ကွာခြားတာက ပိုက်ဆံပေါ့ဗျာ။ ပိုက်ဆံရရင် လုပ်ပေးတယ်။ ပိုက်ဆံမရရင် မမြန်ဘူးပေါ့” ဟု မလေးရှားရောက် ဦးကျော်က ပြောသည်။ 

စင်ကာပူ၊ ကိုးရီးယားတို့တွင် ဘိုကင်ယူရန် မလွယ်သလို ကုန်ကျစရိတ်ကြီးကြောင်း စာအုပ်ထုတ်ယူရန် လနှင့်ချီ ကြာမြင့်လေ့ရှိကြောင်း အလုပ်သမားများက ဆိုသည်။ 

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇောကမူ ပတ်စ်ပို့အခက်အခဲနှင့် ပတ်သက်၍ ကိုယ်စားလှယ်ရုံးများတွင် ကူညီတောင်းခံမှုများရှိပြီး ဖြေရှင်းပေးနိုင်ရန် စီစဉ်နေကြောင်း ပြောသည်။  

“အိမ်ရှင်နိုင်ငံရဲ့ ပူးပေါင်းဆောင်ရွက်မှုလည်း လိုအပ်တယ်ပေါ့။ ထိရောက်အောင်တော့ ကူညီပေးနိုင်တာ မရှိသေးဘူး။ ဒါပေမဲ့ တချို့ကဏ္ဍတွေ၊ တချို့ Case တွေမှာ ကူညီပေးနိုင်တယ်ဆိုတာ ပြောချင်တယ်” ဟု ၎င်းက ဆိုသည်။

တိုင်းပြည်မတည်ငြိမ်မှု၊ စီးပွားရေးယိုယွင်းလာမှု စသည့် အာဏာသိမ်းမှုနောက်ဆက်တွဲ ဆိုးကျိုးများကို ခါးဆီးရင်ဆိုင်နေရသည့် မြန်မာပြည်သူတို့သည် နိုင်ငံတကာတွင် လွယ်လင့်တကူ လျှောက်ထားနိုင်သည့် ပက်စ်ပို့အတွက် မျှော်လင့်ချက်ကြီးမားစွာ စောင့်စားနေကြရသည်ဟု ရန်ကုန်မှ ကိုချမ်းမြေ့က ဆိုသည်။ 

“ကိုယ်တွေနိုင်ငံမှာတော့ တော်တော်လေးကို မျှော်လင့်ချက်ကြီးကြီးနဲ့ လုပ်နေရတာ” 

(* အမည်လွှဲဖြစ်ပါသည်။)

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button