ရွေးကောက်ပွဲ

မဲစာရင်းစစ်ရန် အချိန်တစ်ပတ်ထပ်တိုး

၂၀၂၀ ခုနှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည့် အထွေထွေရွေးကောက်ပွဲအတွက် အခြေခံမဲဆန္ဒရှင် စာရင်းများကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က မူလသတ်မှတ်ထားသည့်ရက်ထက် အချိန်တစ်ပတ် တိုးမြှင့်သတ်မှတ်လိုက်သည်။ 

အခြေခံမဲဆန္ဒရှင် စာရင်းများကို ဇူလိုင်လ ၂၅ ရက်နေ့မှ သြဂုတ်လ ၇ ရက်နေ့ထိ ကြေညာပေးသွားမည်ဟု ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ခဲ့သော်လည်း မဲစာရင်းများ ပိုမိုပြည့်စုံ မှန်ကန်စေရန် သြဂုတ်လ ၁၄ ရက်နေ့ထိ အချိန်တစ်ပတ် တိုးမြှင့်ကာ ထုတ်ပြန်ကြေညာခဲ့ခြင်းဖြစ်သည်ဟု ရန်ကုန်တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးကြည်မြင့်က ပြောသည်။

“မဲစာရင်းတွေ မှန်ကန်ဖို့က ပြည်သူလူထုက ပူးပေါင်းပါဝင်ဆောင်ရွက်ဖို့လိုပါတယ်။ သက်ဆိုင်ရာ လဝက( လူဝင်မှုကြီးကြပ်ရေးဌာန) တွေနဲ့ ကျွန်တော်တို့နဲ့ ပူးပေါင်းပြီးတော့ မှတ်ပုံတင်ထပ်တာတို့ မဖြစ်အောင် ဆောင်ရွက်နေပါတယ်” ဟု ၎င်းက ပြောသည်။

ယခုထုတ်ပြန်ထားသည့် မဲဆန္ဒရှင်စာရင်းမှာ ပထမအကြိမ်ထုတ်ပြန်သည့် မဲဆန္ဒရှင်စာရင်းဖြစ်ပြီး လာမည့် အောက်တိုဘာလတွင် ဒုတိယအကြိမ် ထပ်မံထုတ်ပြန်သွားမည်ဖြစ်သည်။

၂၀၂၀ နိုဝင်ဘာ ရွေးကောက်ပွဲနှင့်ပတ်သက်ပြီး နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ရွေးကောက်ပွဲကော်မရှင် ပြောရေးဆိုခွင့်ရှိသူ ဦးမြင့်နိုင်အပါအဝင် အစိုးရတာဝန်ရှိသူများနှင့် ဩဂုတ် ၅ ရက်က ပြုလုပ်သည့် အွန်လိုင်းဆွေးနွေးပွဲတွင် မဲဆန္ဒရှင်စာရင်း အမှားအယွင်းများနေသည့်အပေါ် အဓိကထား ထောက်ပြပြောဆိုခဲ့သည်။

“မဲပေးဖို့ဆိုတာက မဲစာရင်းမှာပါဖို့ လိုတယ်။ မဲစာရင်းတွေ မှားတဲ့အကြောင်း မပြည့်စုံတဲအကြောင်း သတင်းတွေ အများကြီးထွက်ပါတယ်။ တစ်တိုင်းပြည်လုံးပဲ တော်တော်လေး မှားပါတယ်။ အလေးထားရမယ့်ကိစ္စ တစ်ခုပါ” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။ 

၂၀၂၀ ရွေးကောက်ပွဲတွင် မဲပေးခွင့်ရှိသူ ၃၇ သန်း ၅ သိန်းကျော်အနက် မဲစာရင်းလာကြည့်သူ ၆ သန်း ၆ သိန်းကျော်ရှိပြီး မဲစာရင်းမှားယွင်း၍ ကန့်ကွက်သူ ၄ သိန်း ၂ သောင်းကျော်နှင့် မဲစာရင်းတွင် အမည်မပါဝင်၍ ပြန်လည် လျှောက်ထားသူ ၂ သိန်း ၁ သောင်းကျော်၊ မဲစာရင်းအချက်အလက်မှားယွင်း၍ ကန့်ကွက်သူ ၁ သိန်း ၅ သောင်းကျော် ရှိသည်ဟု ရွေးကောက်ပွဲကော်မရှင် ပြောရေးဆိုခွင့်ရှိသူ ဦးမြင့်နိုင်က ထိုဆွေးနွေးပွဲတွင် ထည့်သွင်းပြောကြားခဲ့သည်။ 

မဲဆန္ဒရှင်စာရင်း ထုတ်ပြန်ပြီးနောက် အချက်အလက် မှန်ကန်မှု ရှိမရှိ လာရောက် ကြည့်ရှုစစ်ဆေးသူများနှင့် အချက်အလက်ပြင်ဆင်ရန် လျှောက်လွှာဖြည့်စွက်သူဦးရေမှာ ယခင်ထက်ပိုများနေသည့်အတွက် ရွေးကောက်ပွဲလုပ်ငန်းစဉ်အောင်မြင်သည့် လက္ခဏာဖြစ်သည်ဟုလည်း ၎င်းက ပြောသည်။ 

မဲဆန္ဒရှင်စာရင်းတွင် မိမိအမည်မပါဝင်ပါက ပုံစံ ၃၊ကိုယ်ရေးအချက်အလက် မှားယွင်းနေပါက ပုံစံ-၄ (ဂ) ၊မဲစာရင်းတွင် မပါဝင်သင့်သူတစ်ဦး ပါဝင်နေပါက ပုံစံ-၄ စာရွက်များထုတ်ယူပြီး သက်ဆိုင်ရာ ရပ်/ကျေး ရွေးကောက်ပွဲ ကော်မရှင်ရုံးများတွင်  ပြန်လည်လျှောက်ထားသွားရမည်ဖြစ်သည်ဟု ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားသည်။

Show More

Related Articles

Back to top button