ဆောင်းပါးရုပ်ပုံလွှာ

နာဂစ်အခြေခံဥပဒေကို သံတိုင်ကြားက ကြက်ခြေခတ်ရဲသည့် မန္တလေးသူ

မြန်မာ့နိုင်ငံရေးအခင်းအကျင်းကို စိတ်ကြိုက်ပုံဖော်နိုင်ရန် စစ်အာဏာရှင်ခေါင်းဆောင်များက ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ရပ်ကို ရေးဆွဲခဲ့ကြသည်။ ၂၀၀၈ ခုနှစ်က သိန်းနှင့်ချီသောလူများ သေဆုံးခဲ့ရသည့် နာဂစ်မုန်တိုင်းတိုက်ခတ်ပြီးခါစအချိန်၌ပင် ထိုဖွဲ့စည်းပုံအခြေခံဥပဒေကို စစ်ဗိုလ်ချုပ်များက အဆောတလျင် အတည်ပြုခဲ့ကြသည်။  

၂၀၀၈ အခြေခံဥပဒေအတည်ပြုရေး ပြည်လုံးကျွတ်ဆန္ဒခံယူခဲ့ရာတွင် လူဦးရေ ၅၇ ဒသမ ၃၇ သန်းကျော်အနက် ဆန္ဒမဲပေးသူ ၉၂ ရာခိုင်နှုန်းကျော်က ထောက်ခံခဲ့သည်ဟု ထိုအချိန်က နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီက ထုတ်ပြန်ခဲ့သည်။ ခြောက်နှစ်အကြာတွင် တရားဝင်ကောက်ခံခဲ့သည့် ၂၀၁၄ ခုနှစ် သန်း‌ခေါင်းစာရင်းအရ မြန်မာနိုင်ငံ၏ လူဦးရေမှာ ၅၂ သန်းကျော်သာရှိရာ ငါးသန်းခန့် ပိုများနေခဲ့သည်။ 

မလျော်ဩဇာဖြင့် အတည်ပြုခဲ့သောကြောင့် နာဂစ်ဖွဲ့စည်းပုံဟုပင် ခေါ်ဝေါ်သမုတ်ကြသည်။ 

အာဏာရှင်တို့အတည်ပြုခဲ့သည့် ထိုဖွဲ့စည်းပုံအခြေခံဥပဒေကို ပေါ်ပေါ်ထင်ထင် ဆန့်ကျင်ကန့်ကွက်ရဲသူ ရှားခဲ့ပေသည်။ ဖွဲ့စည်းပုံအခြေခံ ပြန်လည်ပြင်ဆင်ရေးကြွေးကြော်ခဲ့သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရအဖွဲ့သည်ပင် ယနေ့အချိန်ထိ မလှုပ်သာသေးသည့် အနေအထားဖြစ်သည်။ 

သို့သော် ထိုနာဂစ်ဖွဲ့စည်းပုံအခြေခံဥပဒေကို ထိုခေတ်ထိုအခါကတည်းက ပြောင်ပြောင်တင်းတင်း ဆန့်ကျင်ခဲ့သူတစ်ဦးရှိနေသည်။ ပို၍ထူးခြားသည်မှာ အမျိုးသမီးတစ်ယောက်ဖြစ်နေခြင်းပင်။  

မန္တလေးမြို့မှ နာမည်ကျော် နိုင်ငံရေးလှုပ်ရှားသူ ဒေါ်ဝင်းမြမြတစ်ယောက် အကျဉ်းထောင်အတွင်းမှ နေ၍ ၂၀၀၈ ဖွဲ့စည်းပုံအ‌ခြေခံဥပဒေကို ဆန့်ကျင်ကန့်ကွက်ခဲ့သည်။ 

“ကြက်ခြေခတ်ခဲ့တယ်။ ထောင်ပိုင်ကိုလည်း ပြခဲ့တယ်။ ဒီမှာနော် ကျွန်မကြက်ခြေခတ်ထားတာ မှန်ရဲ့လားဆိုပြီး ပြခဲ့တယ်” ဟု ဆိုလိုက်သည့် ဒေါ်ဝင်းမြမြ၏ အသံက အားမာန်အပြည့်ပင်။ 

မန္တလေးမြို့တွင် မွေးဖွားကြီးပြင်းခဲ့သူ ဒေါ်ဝင်းမြမြမှာ ၁၉၈၈ ဒီမိုကရေစီအရေးလှုပ်ရှားမှု လူထုအရေးတော်ပုံတွင် ပါဝင်ခဲ့သည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ စတင်ထူထောင်သည့် ၁၉၈၉ ခုနှစ်ကတည်းက ပါဝင်ခဲ့ပြီး ယနေ့ အသက် ၇၁ နှစ်အထိ နိုင်ငံရေးတွင် မဆုတ်မနစ် ပါဝင်လှုပ်ရှားနေခဲ့သူလည်းဖြစ်သည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အတည်ပြုချိန်က ဒေါ်ဝင်းမြမြမှာ ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးတွင် ပါဝင်မှုဖြင့် မန္တလေးမြို့ အိုးဘိုထောင်အတွင်း ပြစ်ဒဏ်ချမှတ်ခြင်း မခံရသေးဘဲ အချုပ်သားဖြစ်နေခဲ့သည်။ 

ဒေါ်အောင်ဆန်းစုကြည်ပါဝင်သော အစည်းအဝေးတစ်ခုတွင် ပါးကွက်ကျားနှင့် ရှေ့တန်းတွင် ထိုင်နေသူမှာ ဒေါ်ဝင်းမြမြဖြစ်သည်။

ထို့နောက်တွင် ထောင်ဒဏ် ၁၂ နှစ်ချမှတ်ခံခဲ့ရပြီး ကချင်ပြည်နယ် ပူတာအိုထောင်သို့ အပို့ခံခဲ့ရသည်။ ဤမတိုင်မီကလည်း ရက်စက်ကြမ်းတမ်းလှသော အာဏာရှင်လက်ပါးစေများကြောင့် ဒေါ်ဝင်းမြမြတစ်ယောက် လက်နှစ်ဖက် သွင်သွင်ကျိုးခဲ့ရဖူးသည်။  

NLD ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ စည်းရုံးရေးခရီးစဉ်တွင် လိုက်ပါရင်း ၂၀၀၃ ဒီပဲယင်းအရေးအခင်း၌ လူအုပ်ဖြင့် ဝိုင်းဝန်းပိတ်ဆို့ ရိုက်နှက်ခံခဲ့ရသည်။ ၎င်း၏ လက်နှစ်ဖက်တွင် သေရာပါ ဒဏ်ရာဒဏ်ချက်များ ရရှိခဲ့သည်။ 

“လူတွေက အကုန်လုံး လက်ကို နောက်ပစ်ထားတယ်။ ခြေထောက်ကြီးတွေကားပြီး ရပ်နေတယ်။ ကျွန်မတို့ကားလည်း အဲဒီရှေ့ကိုရောက်သွားရော ချဟေ့၊ ချဟေ့ဆိုပြီး နောက်ကပစ်ထားတဲ့ လက်တွေ အရှေ့ထုတ်လိုက်တော့ တုတ်ကြီးတွေနဲ့ပဲ။ ပုံစံတူတွေပဲ”ဟု ဒီပဲယင်းတွင် ကြုံတွေ့ခဲ့ရပုံကို ဒေါ်ဝင်းမြမြက ပြန်ပြောင်းပြောပြသည်။

အထက်ပါအဖြစ်အပျက်များမတိုင်မီကပင် ဒေါ်ဝင်းမြမြနှင့်အတူ ညီအစ်ကိုမောင်နှမများသည်လည်း စစ်အာဏာရှင်ကို ဆန့်ကျင်မှုနှင့် နိုင်ငံရေးလှုပ်ရှားမှုများကြောင့် အမျိုးမျိုးသော ဖိနှိပ်မှုများ ကြုံတွေ့ခဲ့ရပြီးဖြစ်သည်။ 

“နိုင်ငံရေးလုပ်ရင် တစ်ချိန်မှာ ဒီအိမ်ကြီး တံခါးသော့ခတ်ရတဲ့အဆင့်ထိ ရောက်ရင်ရောက်မယ်နော်လို့ အစ်ကိုဖြစ်သူက ပြောခဲ့ဖူးတယ်။ အားလုံးက ရတယ်ဆိုပြီးလုပ်လိုက်တာ အဲဒီအခြေအနေ ရောက်သွားခဲ့တယ်” ဟု ဒေါ်ဝင်းမြမြက  ပြန်ပြောင်းပြောပြသည်။

ဒေါ်ဝင်းမြမြငယ်စဉ်က မိဘများ၏ ကိုယ်ပိုင်အထည်အလိပ်လုပ်ငန်း ပြည်သူပိုင်သိမ်းခံခဲ့ရသည်။ မန္တလေးဈေးချိုအတွင်း ‘စန်းရောင်ရှင်’ အမည်ရှိ မိသားစုပိုင် လက်ကျန်ဆိုင်လေးသည်ပင် ဒေါ်ဝင်းမြမြတို့ ညီအစ်ကိုမောင်နှမများ၏ နိုင်ငံရေးလှုပ်ရှားမှုကြောင့် ပိတ်သိမ်းခံခဲ့ရသည်။ 

“ဒီအစိုးရတက်မှပဲ ပြန်ရနိုင်ဖို့ စနစ်တကျပြန်လုပ်ခဲ့ရတယ်။ သိမ်းယူမှုမှာပါဝင်သူတွေကို ပြန်ခေါ်စစ်ပြီးတော့ ပြန်ရသင့်တယ်ဆိုတာ မှန်ကန်လို့ ပြန်ရတာပေါ့။ ကကြီးကနေ ပြန်စရပါတယ်။ အခုတော့ အသက် ၇၀ ကျော်တွေနဲ့ ပြန်ပြီးရုန်းကန်နေရတာပေါ့လေ” ဟု ဒေါ်ဝင်းမြမြက ပြောသည်။

၁၉၈၉ ခုနှစ်နောက်ပိုင်းကတည်းက ဖမ်းဆီးထိန်းသိမ်းခံရခြင်းဟူသည် ဒေါ်ဝင်းမြမြတို့မိသားစုအတွက် မစိမ်းတော့ပေ။ 

အခါရာသီအလိုက် စစ်အစိုးရ၏ ဖမ်းဆီးစစ်ဆေးမှု၊ ထိန်းသိမ်းမှုကိုလည်း ခံရသည်။ ဒေါ်အောင်ဆန်းစုကြည်မွေးနေ့၊ ၉၀ ရွေးကောက်ပွဲနှစ်ပတ်လည်နေ့၊ အာဇာနည်နေ့၊ ပါတီထူထောင်သည့်နေ့ စသည့် အထူးအထွေ နေ့ကြီးရက်ကြီးများ နီးကပ်လာတိုင်းလည်း ဒေါ်ဝင်းမြမြကို ဖမ်းဆီးထိန်းသိမ်းလေ့ရှိသည်။ 

စစ်အာဏာရှင်တို့၏ ဖိနှိပ်မှုအပေါ် ကြံ့ကြံ့ခံနိုင်ခဲ့သည့် ဒေါ်ဝင်းမြမြကို မန္တလေးမြို့ခံများက မှတ်မှတ်ရရရှိကြသည်။ နိုင်ငံရေးယုံကြည်မှု၊ ရပ်တည်ချက်ခိုင်မာမှုအပေါ် ချီးကျူးကြသည်။ 

“သက်ဆိုင်ရာတွေက ဘယ်လောက်နှိပ်စက်နှိပ်စက် ယုံကြည်ချက်မပျက်ဘူး။ မိသားစုလိုက် အပြုံးမပျက် ကြံ့ကြံ့ခံခဲ့ကြတယ်” ဟု မန္တလေးတိုင်းဒေသကြီးအတွင်း ဘာသာပေါင်းစုံချစ်ကြည်ရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် Peace Group ငြိမ်းချမ်းရေးအဖွဲ့ မန္တလေးဥက္ကဋ္ဌ ဦးသိန်းတန်က မှတ်ချက်ပြုသည်။

ဒေါ်ဝင်းမြမြကဲ့သို့ စိတ်ဓာတ်ခိုင်မာပြီး တည်ကြည်မှုအားကောင်းသော အမျိုးသမီးကြီးနှင့် တစ်မြို့တည်းအတူ ရှိနေရသည့်အတွက် လွန်စွာဂုဏ်ယူမိသည်ဟု မန္တလေးမြို့နေ တရားလွှတ်တော်ရှေ့နေ ဒေါ်ရွက်နုအောင်က ပြောသည်။ 

“မြန်မာဆန်တယ်၊ ဗမာဆန်တယ်ပေါ့။ နေမှု၊ ထိုင်မှု၊ ပြောမှု၊ ဆိုမှု၊ ဝတ်စားဆင်ယင်မှု။ စကားလုံး အသုံးအနှုန်းတွေကအစ မြန်မာ့ရိုးရာယဉ်ကျေးမှုကို သိပ်ပြီးအလေးထားတယ်၊ ကျွန်မတောင် အတုယူရတယ်” ဟု ဒေါ်ရွက်နုအောင်က မှတ်ချက်ပြုသည်။

နိုင်ငံရေးမုန်တိုင်းထဲ နောက်မဆုတ်တမ်းတိုးဝင်ခဲ့ပြီး လှိုင်းတံပိုးများ၏ ရိုက်ခတ်မှုကို မချိအောင် ခံစားခဲ့ရသူလည်းဖြစ်သည်။ အမျိုးမျိုးသော ဖိနှိပ်မှုချုပ်ချယ်မှုများအကြား ဒေါ်ဝင်းမြမြ၏အမည်က နှစ်ပေါင်း ၃၀ ကျော် ထင်ရှားခဲ့ပြီးဖြစ်သည်။ 

“နိုင်ငံရေးလုပ်တယ်ဆိုပြီးမှ နောက်ဆုတ်လို့မကောင်းဘူး။ အရှက်၊ အရှက်ပေါ့၊ ကိုယ့်သိက္ခာပေါ့ ”ဟု ဒေါ်ဝင်းမြမြက ပြောသည်။

ထိုသို့ထင်ရှားကျော်ကြားပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် စတင်တည်ထောင်စဉ်ကတည်းက တစိုက်မတ်မတ် ပါဝင်ဆောင်ရွက်ခဲ့သော်လည်း လွှတ်တော်ကိုယ်စားလှယ်ပင် မဖြစ်ခဲ့ပေ။ အကြောင်းမူကား အစ္စလာမ်ဘာသာဝင် အမျိုးသမီးတစ်ယောက်ဖြစ်နေသောကြောင့်ဖြစ်သည်။ 

၂၀၀၇ ရွှေဝါရောင်အရေးအခင်းတွင် ဒေါ်ဝင်းမြမြဖမ်းဆီးခံခဲ့ရပြီး ထောင်ဒဏ် ၁၂ နှစ် ချမှတ်ခံခဲ့ရသည်။ (ဓာတ်ပုံ-မင်းမင်း/Myanmar Now)

ဘာသာရေးနှင့် လူမျိုးရေး လှုံ့ဆော်မှုအားကောင်းခဲ့သည့် ၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် ဒေါ်ဝင်းမြမြတစ်ယောက် ကိုယ်စားလှယ်လောင်းဖြစ်ခွင့် မသာခဲ့ပေ။ အခြေအနေအရ ပါတီကိုယ်စားလှယ်လောင်းလျှောက်လွှာကို ကိုယ့်သဘောဖြင့်ကိုယ် ပြန်လည်ရုပ်သိမ်းခဲ့ရသည်။ မန္တလေးတိုင်းဒေသကြီး ပါတီဒုတိယဥက္ကဋ္ဌအဖြစ် ပေးအပ်သည့် ပါတီတာဝန်များကိုသာ ကျေပွန်အောင် ထမ်းဆောင်ဖြစ်ခဲ့သည်။ 

ပါတီအနေဖြင့်လည်း အခြေအနေအရ အစ္စလာမ်ဘာသာဝင်များကို ရွေးကောက်ပွဲကိုယ်စားလှယ်လောင်းအဖြစ် မရွေးချယ်နိုင်ခဲ့ပေ။ သို့သော် လာမည့် ၂၀၂၀ ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်မည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၏ ရွေးကောက်ပွဲကိုယ်စားလှယ်လောင်းစာရင်းတွင် ဒေါ်ဝင်းမြမြ၏အမည် ပါဝင်လာခဲ့သည်။

“ကျွန်မက အစ္စလာမ်သာသနာဝင်တစ်ယောက်၊ ကျွန်မ ဗမာလူမျိုးတစ်ယောက်၊ ကျွန်မက ဗမာ့နိုင်ငံရေး၊ ဗမာ့နိုင်ငံအတွက်၊ ကျွန်မတို့ ပြည်သူတွေအတွက်၊ ကျွန်မတို့နိုင်ငံအတွက် ကျွန်မ အလုပ်လုပ်နေတာ။ ဘာသာရေးဆိုတာကို ကျွန်မ သတိမရဘူး။ တစ်နိုင်ငံလုံးမှာ ရှိနေတဲ့ ပြည်သူတွေ၊ အဖွဲ့ချုပ်တာဝန်ရှိသူတွေ ကျွန်မအပေါ်မှာ အားလုံးက မေတ္တာနဲ့ပဲ။ ဒီဘာသာ‌ရေးကို မကြည့်ကြဘူး။ ကျွန်မလည်း ကိုယ့်ဟာကိုယ် ဒီဘာသာရေးကို ထည့်ပြောဖို့က မေ့တယ်လေ။ ကျွန်မအတွက် ဘာသာရေးက ထည့်မထားဘူး” ဟု ဒေါ်ဝင်းမြမြက ၎င်း၏ ခံယူချက်ကို ပြောပြသည်။

နှစ်ပေါင်း ၃၀ ကျော်ကြာပြီးနောက် လွှတ်တော်ကိုယ်စားလှယ်ဖြစ်ရန် ပါတီက ပထမဆုံးအကြိမ် အခွင့်အရေးပေးနိုင်ခဲ့ခြင်းလည်းဖြစ်သည်။ လာမည့်ရွေးကောက်ပွဲတွင် ဒေါ်ဝင်းမြမြသည် ပြည်သူ့လွှတ်တော်နေရာအတွက် စဉ့်ကိုင်မြို့နယ်မှ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။ 

ပြင်းထန်လွန်းသော နိုင်ငံရေးလောကဓံအမျိုးမျိုးကို ရင်ဆိုင်ကျော်လွှားခဲ့သည့် ဒေါ်ဝင်းမြမြကို သံမဏိနှလုံးသားရှိသူဟုလည်း တင်စားကြသည်။ 

အနာဂတ်နိုင်ငံရေးမုန်တိုင်းများအတွက် မည်သို့ပြင်ဆင်ထားသလဲဟုမေးရာ ဒေါ်ဝင်းမြမြက “ဗုဒ္ဓဘာသာအရဆိုရင် ကံကံ၏အကျိုးဆိုတာ ရှိပါတယ်။ အစ္စလာမ်မှာလည်း ဘုရားသခင်စီရင်တယ်ဆိုတာ ရှိပါတယ်၊ ကြောက်ပြီးတော့မှ မလုပ်ဘဲနေရင် လုပ်လို့မအောင်မြင်တာပဲရှိမှာ၊ လုပ်နေတော့လည်း အချိန်တန်တော့ သူ့အချိန်နဲ့သူ သွားပါများခရီးရောက်၊ အဲဒီသဘောမျိုးပဲ ခံယူပါတယ်။ ဘယ်အရာမဆို ဖြစ်စရာရှိဖြစ်မယ်၊ ပျက်စရာရှိပျက်မယ်လေ။ လုပ်စရာရှိတာလုပ်ရမှာပဲ” ဟု ရယ်မောစွာဖြင့် ပြန်လည်ဖြေကြားသည်။

Show More

Related Articles

Back to top button