
၂၀၂၀ ရွေးကောက်ပွဲဆိုင်ရာ ကျင့်ဝတ်၊စည်းကမ်းများကို ဝင်ရောက်ယှဉ်ပြိုင်မည့် နိုင်ငံရေးပါတီများ လိုက်နာခြင်းရှိမရှိ လေ့လာစောင့်ကြည့်နိုင်ရန် နိုင်ငံရေးပါတီအသီးသီးမှ ကိုယ်စားလှယ် ၃၀ ဦး ပါဝင်သည့် လေ့လာစောင့်ကြည့်ရေးကော်မတီကို ယနေ့ (ဇူလိုင် ၁၇) တွင် ဖွဲ့စည်းလိုက်သည်။
အဆိုပါကော်မတီတွင် နိုင်ငံရေးပါတီများနှင့် ကိုယ်စားလှယ်လောင်းများအတွက် ရွေးကောက်ပွဲဆိုင်ရာကျင့်ဝတ် (Code of Conduct – COC) ကို လက်မှတ်ရေးထိုးထားသည့် နိုင်ငံရေးပါတီ ၆၄ ပါတီမှ ကိုယ်စားလှယ်များသာပါဝင်ပြီး လက်မှတ်မရေးထိုးထားသည့် နိုင်ငံရေးပါတီများ ပါဝင်ခြင်းမရှိပေ။
အစုအဖွဲ့သုံးခုဖြင့် ဖွဲ့စည်းမည့် အဆိုပါကော်မတီတွင် ရွေးကောက်ပွဲဆိုင်ရာကျင့်ဝတ် ပါဝင်ရေးဆွဲခဲ့သည့် နိုင်ငံရေးပါတီ ၂၁ ပါတီအနက်မှ COC ကို လက်မှတ်ရေးထိုးခဲ့သည့် ပါတီ ၁၆ ပါတီမှ ကိုယ်စားလှယ်များပါဝင်သည့် အစုအဖွဲ့၊ ရွေးကောက်ပွဲအနိုင်ရရှိထားသည့် နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်အစုအဖွဲ့၊ ပြည်နယ်နှင့်တိုင်းဒေသများကို ကိုယ်စားပြုရွေးချယ်မည့် ကိုယ်စားလှယ်အစုအဖွဲ့များမှ ကိုယ်စားလှယ် ၃၀ ဦးပါဝင်မည်ဖြစ်သည်။
ရွေးကောက်ပွဲကျင့်ဝတ်ကို လက်မှတ်ရေးထိုးထားသည့် ပါတီများအနေဖြင့် ရွေးကောက်ပွဲကျင့်ဝတ်ပါ အချက်များကို ဖောက်ဖျက်ပါက မည်သို့အရေးယူမည်၊ မည်မျှအရေးယူမည်ကို ထိုကော်မတီက ဆုံးဖြတ်သွားမည်ဖြစ်ပြီး ဥပဒေအကြောင်းအရ အရေးယူနိုင်သည့် အခွင့်အာဏာမျိုး ထိုကော်မတီတွင် ရှိမည်မဟုတ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၏ အရန်ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ဦးကျော်ဟိုးက ပြောသည်။
“ကျင့်ဝတ်ဖောက်ဖျက်ရင် ကော်မတီက ပြောမယ်ဆိုမယ်၊ ဖျောင်းဖျမယ်။ မရလို့ရှိရင် ကျွန်တော်တို့ ကြေညာချက်ထုတ်မယ် စသဖြင့်ပေါ့။ အဲ့ဒီအထိအောင်ပဲ လုပ်လို့ရတယ်။ တရားရုံးတစ်ခု အာဏာပိုင်အဖွဲ့အစည်းတစ်ခုကနေ အရေးယူတဲ့ သဘောမျိုးတော့ လုပ်လို့မရပါဘူး” ဟု ၎င်းက ပြောသည်။
ထိုလေ့လာစောင့်ကြည့်ရေးကော်မတီကို ဖွဲ့စည်းရန်အတွက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံမှ ခွင့်ပြုချက် ရယူသွားမည်ဖြစ်ကာ ထိုကော်မတီသည် ရွေးကောက်ပွဲကော်မရှင်နှင့် သက်ဆိုင်ခြင်းမရှိသည့် အဖွဲ့တစ်ခုသာ ဖြစ်လာမည်ဟုလည်း ဦးကျော်ဟိုးက ပြောသည်။
လေ့လာစောင့်ကြည့်ရေးကော်မတီ၏ လုပ်ငန်းတာဝန်များနှင့် တာဝန်ယူဆောင်ရွက်ရမည့် လုပ်ငန်းလမ်းညွှန်များကို ကော်မတီတွင်ပါဝင်သည့် ကိုယ်စားလှယ်များ အတည်ပြုပြီးနောက် ဇူလိုင်လ နောက်ဆုံးအပတ် သို့မဟုတ် သြဂုတ်လ ပထမအပတ်တွင် ထုတ်ပြန်သွားမည်ဟု ဆိုသည်။
ရွေးကောက်ပွဲကျင့်ဝတ်တွင် လက်မှတ်ရေးထိုးခဲ့ခြင်းမရှိသည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အပါအဝင် တချို့သော နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များမှာမူ ထိုစောင့်ကြည့်လေ့လာရေးကော်မတီတွင် ပါဝင်မည် မဟုတ်ပေ။
ဗိုလ်ချုပ်အောင်ဆန်းပုံဖြင့် မဲဆွယ်စည်းရုံးခြင်း မပြုလုပ်ရန်နှင့် ဗိုလ်ချုပ်အောင်ဆန်းရုပ်ပုံကို နိုင်ငံရေးပါတီတစ်ခု၏ အမှတ်အသားအဖြစ် အသုံးမပြုရန် အချက်များကို ရွေးကောက်ပွဲကျင့်ဝတ်တွင် ထည့်သွင်းရန် သဘောတူညီချက်မရသဖြင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အပါအဝင် နိုင်ငံရေးပါတီတချို့က ရွေးကောက်ပွဲကျင့်ဝတ်ကို လက်မှတ်ရေးထိုးခဲ့ခြင်း မရှိပေ။