အာဏာလက်မလွှတ်ရရေး အကြောင်းပြချက်မျိုးစုံဖြင့် ခြောက်လသက်တမ်းတိုးပြီးနောက် ယခုလဆန်းပိုင်း၌ စစ်ကောင်စီက ဝန်ကြီးနေရာများ အပြောင်းအလဲပြုလုပ်ခဲ့ရာ စစ်အင်ဂျင်နီယာ ဗိုလ်ချုပ်နှစ်ဦးကို လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးများအဖြစ် နေရာပေးလိုက်သည်။
စစ်တပ်က တစ်ကျော့ပြန်အာဏာသိမ်းပြီးနောက် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးများဖြစ်လာသည့် ဦးသောင်းဟန်နှင့် ဦးမျိုးမြင့်ဦးတို့သည် ဆိုင်ရာကဏ္ဍများတွင် နှစ်ပေါင်းများစွာ ကျင်လည်နေသူများဖြစ်သော်လည်း အပြီးအပိုင် အနားပေးခံလိုက်ရပြီး ၎င်းတို့နေရာ၌ အစားထိုးဝင်ရောက်လာသူနှစ်ဦးမှာ ဦးဉာဏ်ထွန်းနှင့် ဦးကိုကိုလွင်ဆိုသူဖြစ်သည်။
လျှပ်စစ်ဝန်ကြီးသစ် ဦးဉာဏ်ထွန်းသည် စစ်အင်ဂျင်နီယာညွှန်ကြားရေးမှူးရုံး (ကကယာ)၊ ညွှန်ကြားရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဗိုလ်ချုပ်ဟောင်းဖြစ်ပြီး စွမ်းအင်ဝန်ကြီးသစ် ဦးကိုကိုလွင်မှာ ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေးအရာရှိချုပ်ရုံး (ကကထုတ်) တွင် ဒုအရာရှိချုပ်အဖြစ် လက်ရှိ တာဝန်ထမ်းဆောင်နေသည့် ဗိုလ်ချုပ်ဖြစ်သည်။
၎င်းတို့နှစ်ဦးစလုံးသည် စက်မှုတက္ကသိုလ်တက်ရောက်ပြီးနောက် ဗိုလ်သင်တန်းကျောင်း (OTS) မှတစ်ဆင့် စစ်ဗိုလ်ဖြစ်လာသူများဖြစ်ကြောင်း လျှပ်စစ်ဝန်ကြီးဌာနမှ အငြိမ်းစားညွှန်ကြားရေးမှူးတစ်ဦးနှင့် နီးစပ်သူအချို့ထံမှ သိရသည်။
ဦးဉာဏ်ထွန်းက ဗိုလ်သင်တန်းအပတ်စဉ် ၅၈၊ ဦးကိုကိုလွင်က အပတ်စဉ် ၇၁ တက်ရောက်ခဲ့သူဖြစ်ပြီး၊ လျှပ်စစ်နှင့် စွမ်းအင်ကဏ္ဍတို့တွင် အတွေ့အကြုံလုံးဝမရှိသော စစ်ဗိုလ်ချုပ်နှစ်ဦးကို ပြည်ထောင်စုဝန်ကြီးအဖြစ် ခန့်အပ်လိုက်ခြင်းမှာ ဌာနဆိုင်ရာဝန်ထမ်းများကို တင်းကျပ်ရုံသက်သက်သာဖြစ်သည်ဟု ညွှန်မှူးဟောင်းက ဆိုသည်။
“ကျပ်မယ်ဆိုတဲ့သဘောပေါ့၊ လက်ရင်းဗိုလ်ချုပ်တွေကို ထည့်လိုက်တာဆိုတော့။ အခင်းအကျင်းတစ်ခု သွားတာပေါ့။ အလုပ်ဖြစ်ဖို့ထက် လုံခြုံမှုကို ဦးစားပေးနေတဲ့ အနေအထားဖြစ်နေတာလေ”
အာဏာသိမ်းပြီးနောက် စစ်ကောင်စီနှင့် အစိုးရအဖွဲ့တစ်ခုလုံးတွင် စစ်ဗိုလ်ချုပ်များသာ ကြီးစိုးထားသည်။ ဦးသောင်းဟန်နှင့် ဦးမျိုးမြင့်ဦးတို့သည်လည်း စစ်တပ်အရာရှိဟောင်းများပင်ဖြစ်သည်။
သို့သော် အာဏာသိမ်းစစ်ကောင်စီကို လေးကြိမ်မြောက် သက်တမ်းတိုးပြီးနောက် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဗိုလ်ချုပ်နှင့် ဒုတိယဗိုလ်ချုပ်ကြီးအဆင့် တပ်အရာရှိဟောင်းများကို ပို၍နေရာပေးလာသည်ကို တွေ့ရသည်။
ဦးဉာဏ်ထွန်းသည် အသက် ၇၀ နီးပါးအရွယ်ရှိပြီဖြစ်ကာ အာဏာရှင်ဟောင်း ဦးသန်းရွှေလက်ထက် နေပြည်တော်တည်ဆောက်ရေးတွင် ထဲထဲဝင်ဝင် ပါဝင်ပတ်သက်ရင်း ကကယာညွှန်မှူးအဆင့်ထိ ရာထူးတက်လာသူဖြစ်သည်ဟု သိရသည်။
“ရှေ့တန်းတစ်နေရာမှာ ဗိုလ်ဉာဏ်က နှစ်ပွင့်အရာရှိပေါက်စပေါ့။ ဦးသန်းရွှေက အဲတုန်းက တပ်မမှူး။ နားမှာ အသီးလေးတစ်ခုရှိတော့ နားသီးလေးလို့ ဦးသန်းရွှေက ခေါ်တယ်။ ဦးသန်းရွှေ တပ်ချုပ်ဖြစ်ပြီး နောက်ပိုင်း နားသီးလေး ဗိုလ်ဉာဏ်ဆိုပြီး ရာထူးတွေ တောက်လျှောက် တိုးတာပဲ” ဟု တပ်ထဲတွင် ဦးဉာဏ်ထွန်းနှင့် ဆုံခဲ့ဖူးသည့် စစ်တပ်အရာရှိတစ်ဦးက ဆိုသည်။
ဦးသန်းရွှေလက်ထက် ရန်ကုန်-မန္တလေးအမြန်လမ်း တည်ဆောက်ရေးတွင် ဆောက်လုပ်ရေးဝန်ကြီးဌာန လက်အောက်ရှိ ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်းနှင့်အတူ စစ်အင်ဂျင်နီယာညွှန်ကြားရေးမှူးရုံးလည်း ပါဝင်ခဲ့ပြီး ထိုစဉ်က ကကယာညွှန်မှူး ဗိုလ်မှူးချုပ်ဉာဏ်ထွန်းက ဦးဆောင်ခဲ့ကြောင်း ၂၀၀၉ ခုနှစ် မတ်လအတွင်း နေပြည်တော်-ရန်ကုန်လမ်းပိုင်းဖွင့်ပွဲမှတ်တမ်းအရ သိရသည်။
စစ်အင်ဂျင်နီယာတပ်မှ ဗိုလ်ချုပ်များဖြစ်သည့် ဦးဉာဏ်ထွန်းနှင့် ဦးကိုကိုလွင်တို့ နှစ်ဦးစလုံးသည် လက်ရှိ အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ ဘုရားတည်ဆောက်ရေးတွင် ဦးဆောင်ပါဝင်ခဲ့သူများဖြစ်သည်ဟုလည်း အခြားနီးစပ်သူတစ်ဦးက ဆိုသည်။
ကကယာညွှန်မှူးဟောင်း ဦးဉာဏ်ထွန်းအနေဖြင့် စစ်ခေါင်းဆောင်၏ ဘုရားကြီးတည်ဆောက်ရေးတွင် မည်သည့်အခန်းကဏ္ဍ၌ ပါဝင်ပတ်သက်ခဲ့သည်ကို မသိရသော်လည်း ကကထုတ် ဒုအရာရှိချုပ် ဗိုလ်ချုပ်ကိုကိုလွင်သည် တည်ဆောက်ရေးလုပ်ငန်းများကို ဦးဆောင်ကြီးကြပ်ရသည့် အနီးကပ်ဗိုလ်ချုပ်တစ်ဦးဖြစ်သည်ကို တွေ့ရှိရသည်။
စစ်ခေါင်းဆောင်က နေပြည်တော်ရှိ ဘုရားတည်ဆောက်ရေးလုပ်ငန်းခွင်ကို မကြာခဏ သွားရောက် စစ်ဆေးလေ့ရှိရာ ယခုနှစ် ဇွန်လအတွင်းက ခရီးစဉ်တစ်ခုတွင် ဘုရားတည်လုပ်ငန်း တာဝန်ယူထားသည့် ဗိုလ်ချုပ်အချို့နှင့်အတူ ဗိုလ်ချုပ်ကိုကိုလွင်က အနီးကပ် လိုက်လံရှင်းပြခဲ့သည်။
စစ်ခေါင်းဆောင်က ၎င်း၏ခရီးစဉ်များတွင် လူယုံတော် ထိပ်တန်းစစ်ဗိုလ်ချုပ်အချို့ကိုသာ ခေါ်ဆောင်သွားလေ့ရှိပြီး လွန်ခဲ့သည့်ရက်ပိုင်းက ဧရာဝတီတိုင်းခရီးစဉ်၌ စွမ်းအင်ဝန်ကြီးသစ် ဦးကိုကိုလွင် လိုက်ပါခဲ့သည်ကို တွေ့ရသည်။
အာဏာသိမ်းပြီးနောက် စစ်တပ်ပိုင် မြန်မာ့စီးပွားရေးကော်ပိုးရေးရှင်းက လုပ်ကိုင်နေသည့် နိုင်ငံပိုင် သာပေါင်းစက္ကူစက်ဖွင့်ပွဲကို စစ်ခေါင်းဆောင်ကိုယ်တိုင် တက်ရောက်ခဲ့ပြီး ထိုစက်ရုံလည်ပတ်ရေးအတွက် သဘာဝဓာတ်ငွေ့ပို့လွှတ်ရေးနှင့် ပတ်သက်၍ မကြာမီက စွမ်းအင်ဝန်ကြီးဖြစ်လာသူ ဦးကိုကိုလွင်က ရှင်းလင်းတင်ပြခဲ့သည်။ အရှုံးပေါ်နေသည့် နိုင်ငံပိုင်စက်ရုံများကို အရပ်သားအစိုးရလက်ထက်တွင် ရပ်နားခဲ့ရာ သာပေါင်းစက္ကူစက်လည်း အပါအဝင်ဖြစ်သည်။
အလုပ်မဖြစ်သော ဝန်ကြီးဟောင်းနှစ်ဦး
လျှပ်စစ်ဝန်ကြီး ဦးသောင်းဟန် အနားပေးခံရသည့်အကြောင်းရင်းကို မသိရသော်လည်း စွမ်းအင်ဝန်ကြီး ဦးမျိုးမြင့်ဦး အဖြုတ်ခံရခြင်းမှာ မကြာမီက နိုင်ငံပိုင် မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) မှ ဝန်ထမ်းများ အရေးယူခံရသည့် ကိစ္စနှင့် သက်ဆိုင်နိုင်သည်ဟုလည်း အထက်ပါ ညွှန်မှူးဟောင်းက မှတ်ချက်ပြုသည်။
ဥရောပသမဂ္ဂ၏ ပိတ်ဆို့အရေးယူမှုကြောင့် သဘာဝဓာတ်ငွေ့ တင်ပို့ရောင်းချရာမှ ရရှိသည့် အမေရိကန်ဒေါ်လာ သန်း ၅၀၀ ကျော် ပြည်ပတွင် ပိတ်နေပြီး၊ ထိုငွေများထုတ်ယူနိုင်ရေး စစ်ကောင်စီက လျှို့ဝှက်ဘဏ်စာရင်းများ ဖွင့်လှစ်နေသည်ဟု သတင်းပေါက်ကြားလာပြီးနောက် လွန်ခဲ့သည့်လအတွင်း နေပြည်တော်ရှိ MOGE ရုံးကို စစ်တပ်က ဝင်ရောက်စီးနင်းကာ ဝန်ထမ်း ၂၀ ခန့်ကို ဖမ်းဆီးစစ်ဆေးခဲ့သည်။
သဘာဝဓာတ်ငွေ့ရောင်းရငွေကို အဓိကအားထားနေရချိန် နိုင်ငံပိုင် မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ် (MFT)၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်းရောင်းဝယ်ရေးဘဏ် (MICB) တို့ ပိတ်ဆို့အရေးယူခံလိုက်ရသဖြင့် စစ်ကောင်စီအနေဖြင့် ပို၍အခက်တွေ့လာသည်။
စစ်ကောင်စီလက်ထက် အပြောင်းအလဲများသည့် ဝန်ကြီးဌာနများ၌ လျှပ်စစ်လည်း အပါအဝင်ဖြစ်သည်။ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနဟု အာဏာသိမ်းစစ်တပ်က အမည်ပြောင်းထားသည့် ထိုဌာနတွင် ဝန်ကြီးသုံးဦးရှိပြီဖြစ်ကာ အချိန်အားဖြင့် တစ်ဦးလျှင် ၇ လသာ ကြာသည်။
လျှပ်စစ်ဝန်ကြီးဌာနတွင် အာဏာရှင်ဟောင်း ဦးသန်းရွှေလက်ထက်ကတည်းက စတင်တာဝန်ထမ်းဆောင်ခဲ့သူ ဦးသောင်းဟန် အနားပေးခံရခြင်းမှာ မီးပြတ်များသဖြင့် စီးပွားရေးသမားက တိုင်တန်းခဲ့သောကြောင့် ဖြစ်သည်ဟု နီးစပ်သူတစ်ဦးက ဆိုသည်။
ဦးသောင်းဟန်သည် စစ်ကောင်စီ၏ လျှပ်စစ်ဝန်ကြီးအနေဖြင့် ရုရှားသို့ အကြိမ်ကြိမ်သွားရောက်ခဲ့သည့်နည်းတူ လျှပ်စစ်စီမံကိန်းများနှင့် ပတ်သက်၍ ရင်းနှီးမြှုပ်နှံမှုရရှိရန် တရုတ်နိုင်ငံသို့လည်း သွားရောက်ခဲ့သည်။ ၎င်း၏ လက်ထက်တွင် လေအားလျှပ်စစ်စီမံကိန်းအချို့ လက်မှတ်ရေးထိုးခဲ့သော်လည်း ထူးထူးခြားခြား တိုးတက်ပြောင်းလဲမှု မရှိခဲ့ပေ။
လျှပ်စစ်ဓာတ်အားလိုအပ်ချက်မှာ အကြီးမားဆုံးစိန်ခေါ်မှုဖြစ်နေပြီး လက်ရှိအချိန်ထိ တစ်နိုင်ငံလုံး ဓာတ်အားလိုအပ်ချက်၏ ၅၀ ရာခိုင်နှုန်းကိုပင် ဖြည့်ဆည်းပေးနိုင်ခြင်း မရှိသေးကြောင်း ယခုလဆန်းပိုင်း၌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ထုတ်ဖော်ပြောဆိုထားသည်။
လက်ရှိအနေအထားသည် နိုင်ငံတကာရင်းနှီးမြှုပ်နှံသူများကို ဆွဲဆောင်နိုင်သည့် အခင်းအကျင်းမရှိကြောင်း၊ ဝန်ကြီးများ ပြောင်းနေသော်လည်း အလုပ်ဖြစ်မည်မထင်ကြောင်း လျှပ်စစ်ဝန်ကြီးဌာနမှ အငြိမ်းစားညွှန်မှူးက မှတ်ချက်ပြုသည်။
“လျှပ်စစ်ကို ကြည့်လိုက်လေ၊ ဓာတ်အားခနှုန်းထားကို ဗမာငွေနဲ့ ချေမယ်။ အဲဒီ ဓာတ်အားခနှုန်းထားလေး ရဖို့ကိုလည်း တင်ပြနေရတာ အဆင့်ဆင့်။ ကျပ်သလား မမေးနဲ့။ ပြီးရင် ပစ္စည်းသွင်းရင်လည်း ကုန်သွယ်ရေးက ကျပ်လိုက် ဟိုကကျပ်လိုက်နဲ့၊ လိုင်စင်တစ်စောင်ထွက်ဖို့ ပိုက်ဆံပုံပေးနေရတာ။ ဘာကောင်းလို့လဲ။ အဲဒီတော့ ဘယ်ရင်းနှီးမြှုပ်နှံသူ လာမှာလဲ”
“ဘယ်ဌာနသွားသွား အပေးအကမ်းတွေနဲ့၊ မပေးရင် ထစ်ထားမယ်ဆိုတဲ့ အနေအထားတွေက အများကြီးကိုး။ တွေ့နေရတာ။ ဒါတွေ မပြင်ဘဲနဲ့ ဝန်ကြီးတွေကို အလုပ်မဖြစ်ဘူးလုပ်ရင်တော့ သိကြားမင်း ဆင်းလာလည်း မရဘူး” ဟုလည်း ၎င်းက ဖြည့်စွက်ပြောဆိုသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)