ရွေးကောက်ပွဲ

အလုပ်သမား၊ လယ်သမားကိုယ်စားပြု တစ်သီးပုဂ္ဂလ ၁၁ ဦး ရွေးကောက်ပွဲဝင်ပြိုင်မည်

အလုပ်သမားနှင့် လယ်သမားများကို ကိုယ်စားပြုပြီး အလုပ်သမားအရေး တက်ကြွလှုပ်ရှားသူ ရှေ့နေဦးဌေးနှင့် မြန်မာနိုင်ငံတောင်သူလယ်သမားသမဂ္ဂဥက္ကဋ္ဌ ဒေါ်စုစုနွေး အပါအဝင် တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်း ၁၁ ဦးသည် ရွေးကောက်ပွဲ ဝင်ရောက်ယှဥ်ပြိုင်မည်ဟု ယနေ့ ထုတ်ပြန်ကြေညာလိုက်သည်။ 

အဆိုပါ လွှတ်တော်ကိုယ်စားလှယ်လောင်း ၁၁ ဦးအနက် အလုပ်သမားသမဂ္ဂ၊ လယ်သမားသမဂ္ဂ ဦးဆောင်သူများနှင့် တက်ကြွလှုပ်ရှားသူများလည်း ပါဝင်သည်။ 

အဆိုပါ လွှတ်တော်ကိုယ်စားလှယ်လောင်းများ၏အမည်နှင့် ၎င်းတို့ ဝင်ရောက်ယှဉ်ပြိုင်မည့် မဲဆန္ဒနယ်မြေများစာရင်းကို စက်မှုဇုန် အလုပ်သမားအများစုနေထိုင်ရာ ရန်ကုန်မြို့ အနောက်ခြမ်း လှိုင်သာယာမြို့နယ်ရှိ Sky Hotel တွင် ယနေ့ (ဇူလိုင် ၆) မွန်းလွဲပိုင်းက သတင်းစာရှင်းလင်းပွဲ ပြုလုပ်ပြီး ထုတ်ပြန်ကြေညာခဲ့သည်။

ထိုသတင်းစာရှင်းလင်းပွဲသို့ မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမား သမဂ္ဂများအဖွဲ့ချုပ် (CTUM)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများကွန်ရက်၊ မြန်မာနိုင်ငံတောင်သူလယ်သမားသမဂ္ဂ၊ ဒို့မြေ ကွန်ရက် စသည့် အရပ်ဘက်အဖွဲ့အစည်း ၁၁ ဖွဲ့ တက်ရောက်ခဲ့ပြီး ၎င်းတို့ရွေးချယ်ထားသည့် လွှတ်တော်ကိုယ်စားလှယ်လောင်း ၁၁ ဦးနှင့်လည်း သတင်းမီဒီယာများကို မိတ်ဆက်ပေးခဲ့သည်။

အဆိုပါ တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်း ၁၁ ဦးသည် ရန်ကုန်တိုင်းအတွင်း ပြည်တွင်းရွှေ့ပြောင်းအလုပ်သမားအများစု နေထိုင်ရာ ကော့မှူး၊ လှိုင်သာယာနှင့် ထန်းတစ်ပင် မြို့နယ်တို့မှ ပြည်သူ့လွှတ်တော်အတွက် လေးဦး၊ အမျိုးသားလွှတ်တော်အတွက် တစ်ဦးနှင့် ရန်ကုန်တိုင်းလွှတ်တော်အတွက် ခြောက်ဦး ဝင်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်သည်။

တစ်သီးပုဂ္ဂလ ဝင်ရောက်ယှဉ်ပြိုင်ရခြင်းမှာ နိုင်ငံ၏ အုပ်ချုပ်ရေးအာဏာကို ရယူလို၍ မဟုတ်ဘဲ လယ်သမား၊ အလုပ်သမားနှင့် အုပ်ချုပ်ခံ ပြည်သူလူထု၏ အသံများကို လွှတ်တော်အတွင်း သယ်ဆောင်သွားနိုင်ရန်သာ ဖြစ်သည်ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများကွန်ရက်က ရွေးချယ်တင်မြှောက်လိုက်သည့် တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်း ရှေ့နေဦးဌေးက ပြောသည်။

“လွှတ်တော်ထဲမှာ လယ်သမားအသံ၊ အလုပ်သမားအသံတွေကို သယ်ဆောင်သွားဖို့ ကျွန်တော်တို့က (အာဏာရ) လွှတ်တော်ကိုယ်စားလှယ်တွေကိုရော အခြားနိုင်ငံရေးပါတီကိုယ်စားလှယ်တွေကိုရော အသိပေးဖို့ ဆွေးနွေးဖို့။ ကျွန်တော်တို့ တကယ်တမ်း ရပ်တည်မှာက အောက်ခြေပြည်သူလူထု အုပ်ချုပ်ခံတွေဘက်က ရပ်တည်မှာပါ” ဟု ဦးဌေးက ပြောသည်။

တောင်သူလယ်သမားသမဂ္ဂဥက္ကဋ္ဌ ဒေါ်စုစုနွေးသည် ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲနှင့် ၂၀၁၅ အထွေထွေရွေးကောက်ပွဲတို့တွင် ဒေါ်အောင်ဆန်းစုကြည် ဝင်ရောက်ယှဉ်ပြိုင် အနိုင်ရခဲ့သည့် ကော့မှူးမဲဆန္ဒနယ်မြေမှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်မည်ဟု ဆိုသည်။ 

အလုပ်သမားအရေးတက်ကြွလှုပ်ရှားသူ ရှေ့နေဦးဌေးမှာ ပြည်သူ့လွှတ်တော်အတွက် လှိုင်သာယာ (အရှေ့) မြို့နယ်မှ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။

တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်းများကို ရွေးချယ်သည့် အခါတွင် မည်သည့် နိုင်ငံရေး ပါတီဝင်မှ မဖြစ်ရန်၊ အကျင့်စာရိတ္တကောင်းမွန်ရန်၊ အလုပ်သမားနှင့် လယ်သမားအရေးများတွင် ကျွမ်းကျင်ပြီး အတွေ့အကြုံရှိရန်၊ ပရဟိတဓိတ်ဓာတ်ရှိပြီး အများကလက်ခံနိုင်ရန်၊ ခေါင်းဆောင်မှုအရည်အချင်း ရှိရန် စသည့် အချက်များပေါ် မူတည်ပြီး ရွေးချယ်ခဲ့သည်ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးပြည်သစ်ညွန့်ဝေ (ခ) ဦးမောင်မောင်က ပြောသည်။

စက်မှုဇုန်အလုပ်သမား အများစုနေထိုင်ရာ လှိုင်သာယာ (အရှေ့) နှင့် လှိုင်သာယာ (အနောက်) မြို့နယ်များမှ အဓိက ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ရာ အနိုင်ရရန် အားသာချက်ရှိမည်ဖြစ်ပြီး ရွေးကောက်ပွဲ အသုံးစရိတ်အဖြစ် အလုပ်သမားများ ထည့်ဝင် လှူဒါန်းငွေများကို မျှော်လင့်ထားသည်ဟု ၎င်းကဆိုသည်။

“ရွေးကောက်ပွဲမှာဝင်မယ့် ပုဂ္ဂိုလ်တွေကို တစ်သီးပုဂ္ဂလ လှူမယ့်သူတွေ ရှိမယ်လို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်။ ဒါကြောင့်မို့လို့ အဲဒီကနေတစ်ဆင့်ပဲ သူတို့ ငါးရာလှူမယ့်သူရှိမယ်။ တစ်ထောင် လှူမယ့်သူရှိမယ်” ဟု၎င်းကပြောသည်။

Show More

Related Articles

Back to top button