သတင်း

တရားဟောဆရာ ဒေးဗစ်လားနှင့် ဦးဝေထွန်းကို စွဲချက်တင်

အစိုးရ၏ ကိုဗစ်နိုင်တင်း (Covid-19) ရောဂါကာကွယ်ရေး အရေးပေါ်ညွှန်ကြားချက်ကို မလိုက်နာသဖြင့် တရားစွဲဆိုခံထားရသော တရားဟောဆရာ စောဒေးဗစ်လားနှင့် ဦးဝေထွန်း အမှုကို တစ်လကျော်ကြာ စစ်ဆေးပြီးနောက် ယနေ့ ဇူလိုင် ၂ တွင် မရမ်းကုန်းမြို့နယ်တရားရုံးက သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေ ပုဒ်မ ၂၅ ဖြင့် စွဲချက်တင်လိုက်သည်။

စောဒေးဗစ်လားနှင့် ဦးဝေထွန်း (နဝရတ်တေးသံသွင်း) တို့သည် အာမခံ မရသဖြင့် အင်းစိန်ထောင်မှ အချုပ်ဖြင့် တရားရင်ဆိုင်နေရပြီး တရားရုံးက သက်သေများကို စစ်ဆေးပြီးနောက် ၎င်းတို့နှစ်ဦးကို အပြစ်ရှိမရှိ မေးမြန်းရာ အပြစ်မရှိကြောင်း ထုချေ၍ ဇူလိုင် ၇ တွင် ပြန်ခေါ်သက်သေတစ်ဦးကို ဆက်လက်စစ်ဆေးမည်ဟု မရမ်းကုန်းမြို့နယ် တရားသူကြီး၊ သတင်းနှင့်ပြန်ကြားရေးအရာရှိ ဦးမိုးဆွေက ပြောသည်။

၎င်းတို့နှစ်ဦးအမှုကို အလျင်အမြန် စစ်ဆေးဆောင်ရွက်ရမည့်အမှုအဖြစ် သတ်မှတ်ထားသဖြင့် စွဲချက်တင်ပြီးနောက်လည်း အမှုကို မြန်မြန်ဆန်ဆန် စစ်ဆေးသွားမည်ဟု ၎င်းက ဆိုသည်။

စွပ်စွဲခံရသူများဘက်မှ တရားလိုပြသက်သေ ၁၄ ဦး တင်သွင်းပြီး ၁၂ ဦးကို တစ်လအတွင်း ရုံးချိန်း ၉ ကြိမ် စစ်ဆေးကာ ယနေ့တွင် စွဲချက်တင်ခဲ့ခြင်း ဖြစ်သည်။

သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေ ပုဒ်မ ၂၅ အရ “ဆန်းစစ်ချက် မပြုလုပ်ဘဲ ပေါ့ဆစွာ ဆောင်ရွက်မှု တစ်ခုခုကြောင့်ဖြစ်စေ၊ ဘေးအန္တရာယ်တစ်စုံတစ်ရာ ကျရောက်နိုင်သည်ကို သိလျက်နှင့် တမင်ပြုလုပ်မှုကြောင့်ဖြစ်စေ သဘာဝဘေးအန္တရာယ် ဖြစ်ပေါ်လျှင် သို့မဟုတ် ဖြစ်ပေါ်စေရန် အကြောင်းရှိလျှင်” ကျူးလွန်သူကို ထောင်ဒဏ် ၃ နှစ် အပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်။

တရားဟောဆရာ ဒေးဗစ်လားနှင့် ဦးဝေထွန်းသည် ဧပြီ ၇ က မရမ်းကုန်းမြို့နယ်ရှိ ညီအစ်ကိုများ အသင်းတော်ပိုင် ပေ ၂၀ ပတ်လည်ကျယ်ဝန်းသည့် အခန်းတစ်ခန်းအတွင်း “လူစုလူဝေး” နှင့် နှစ်သိမ့်ဓမ္မတေး သီဆိုဆုတောင်းပြီး လူမှုကွန်ရက်တွင် တိုက်ရိုက်ထုတ်လွှင့်ခဲ့မှုကြောင့် တရားစွဲဆိုခံရခြင်း ဖြစ်သည်ဟု ဦးမိုးဆွေက မီဒီယာများကို ဖြေကြားထားသည်။

ဒေးဗစ်လားသည် ကိုရိုနာဗိုင်းရပ် ကူးစက်ခံရသည့်အတွက် ဧပြီ ၁၄ မှစ၍ ရန်ကုန်မြို့ မြောက်ဥက္ကလာပရှိ ဝေဘာဂီကူးစက်ရောဂါအထူးကုဆေးရုံ၌ ကုသမှုခံယူခဲ့သည်။ ရောဂါပိုးကင်းစင်ကြောင်း နှစ်ကြိမ်ဆက်တိုက် ဓာတ်ခွဲအဖြေထွက်ရှိခဲ့သဖြင့် မေ ၇ တွင် ဆေးရုံဆင်းခွင့်ရကာ မေ ၁၉ အထိ ရန်ကုန်မြို့ရှိ City Hotel တွင် အသွားအလာကန့်သတ်မှု ခံယူပြီးနောက် မေ ၂၀ မှစ၍ အချုပ်ဖြင့် တရားရင်ဆိုင်နေရခြင်း ဖြစ်သည်။

၎င်းသည် ကနေဒါနိုင်ငံ တိုရန်းတို့မြို့အခြေစိုက် မြန်မာပြည်ဖွား ခရစ်ယာန်တရားဟောဆရာတစ်ဦးဖြစ်ပြီး ကမ္ဘာအနှံ့ လှည့်လည်ဟောပြောလျက်ရှိသည်ဟု ၎င်း၏ Facebook စာမျက်နှာတွင် ရေးသားထားသည်။ သို့သော်လည်း ၎င်း၏ ဟောပြောချက်များမှာ မြန်မာခရစ်ယာန်အသိုင်းအဝိုင်းများကြားတွင် ဝေဖန်ခံနေရပြီး အငြင်းပွားဖွယ်ဖြစ်နေသည်။

ကိုဗစ်နိုင်တင်း (COVID-19) ရောဂါ ပျံ့နှံ့မှု ထိန်းချုပ်ရေးအတွက် လူစုလူဝေးမပြုလုပ်ရန် နိုင်ငံတော်သမ္မတရုံး၏ မတ် ၁၃ ကြေညာချက်အပါအဝင် အစိုးရ၏ အရေးပေါ်တုံ့ပြန်ရေး ညွှန်ကြားချက်များကို လိုက်နာရန် ပျက်ကွက်သဖြင့် တရားဟောဆရာ ဒေးဗစ်လားနှင့် ဦးဝေထွန်းကို မရမ်းကုန်းမြို့မရဲစခန်းတွင်လည်းကောင်း သင်းအုပ်ဆရာ စောကွယ်ဝါးနှင့် အမှုတော်ဆောင် စောရေဂန်ဒီတို့ကို အင်းစိန်မြို့မရဲစခန်း၌လည်းကောင်း ရန်ကုန်တိုင်း ကိုဗစ်နိုင်တင်းထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီက သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေ ပုဒ်မ ၂၅ ဖြင့် ဧပြီလလယ်က အသီးသီး အမှုဖွင့် တရားစွဲဆိုခဲ့သည်။

၎င်းတို့လေးဦးက ဦးဆောင်ပြုလုပ်ခဲ့သည့် ဘာသာရေးဆိုင်ရာစုဝေးမှုများသို့ တက်ရောက်ခဲ့သူများ အပါအဝင် အနီးကပ်ထိတွေ့မှုရှိသူ အနည်းဆုံး ၇၂ ဦးတွင် ရောဂါပိုးတွေ့ရှိခဲ့ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်သူ့ကျန်းမာရေးဦးစီးဌာန၏ မေ ၁၉  ကိုဗစ်နိုင်တင်းအခြေအနေအစီရင်ခံစာအရ သိရသည်။

ကိုဗစ်နိုင်တင်းကာလအတွင်း စောဒေးဗစ်လား အပါအဝင် လေးဦး ဦးဆောင်ပြုလုပ်သည့် ဘာသာရေးဆိုင်ရာလူစုလူဝေးကို အရေးယူထားသကဲ့သို့ အခြားသော တိုင်းနှင့်ပြည်နယ်အချို့၌လည်း အလားတူ အရေးယူမှုများ ရှိခဲ့သည်။

နေအိမ်အတွင်း လူစုလူဝေးဖြင့် ဘာသာရေးဝတ်ပြုဆုတောင်းခဲ့သည့် မန္တလေးမြို့၊  ချမ်းမြသာစည်မြို့နယ်၊ ကန်သာယာရပ်ကွက်နေ အစ္စလာမ်ဘာသာဝင်အမျိုးသား ၁‌၂ ဦးကို သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဥပဒေ ပုဒ်မ ၃၀ (က) အရ တရားရုံးမှ အလုပ်နှင့် ထောင်ဒဏ် သုံးလ ကျခံရန် မေ ၇ တွင် အမိန့်ချမှတ်ခဲ့သည်။

ထားဝယ်ခရိုင် ရေဖြူမြို့နယ်တွင် ဧပြီ ၁၂ က လူစုလူဝေးဖြင့် ဘုန်းကြီးပျံပွဲ ပြုလုပ်ခဲ့သည့်အတွက် ဦးဆောင်ကျင်းပသူများကို ဧပြီ ၂၀ တွင် မြို့နယ်တရားရုံးထံ ဦးတိုက်လျှောက်ထား တရားစွဲဆိုထားကြောင်း Dawei Watch သတင်းဌာနတွင် ဖော်ပြထားသည်။

ရန်ကုန်တိုင်းတွင် ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း အပါအဝင် တိုင်းအဆင့် အစိုးရအရာရှိများစွာ ဦးဆောင်၍ မေလနှောင်းပိုင်းတွင် ဗိုလ်တထောင်ဘုရားဝင်းအတွင်း၌ လူစုလူဝေးဖြစ်ပွားအောင် ဆောင်ရွက်သဖြင့် ပြည်ထောင်စုအစိုးရက သတိပေးခဲ့ပြီး ဦးဖြိုးမင်းသိန်းကမူဥပဒေနှင့် ညီညွတ်သည်ဟု Myanmar Now ကို ဖြေကြားခဲ့သည်။ 

မြန်မာနိုင်ငံတွင် ကိုဗစ်နိုင်တင်းရောဂါ ကူးစက်ခံရကြောင်း ဓာတ်ခွဲအတည်ပြုလူနာ ၃၀၄ ဦးရှိပြီး ၎င်းတို့အနက် ၂၂၂ ဦးမှာ ပြန်လည်သက်သာခဲ့ကာ ခြောက်ဦးမှာ သေဆုံးခဲ့သည်ဟု ဇူလိုင် ၂ မနက် ၈ နာရီ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။ 

ရန်ကုန်တိုင်းအတွင်း အတည်ပြုလူနာ ၂၀၀ ကျော်ရှိပြီး ပြည်နှင့်တိုင်းအသီးသီးအနက် အများဆုံးဖြစ်သည်။ ကမ္ဘာတစ်ဝန်းတွင် ကိုဗစ်နိုင်တင်းရောဂါကူးစက်ခံရသူ ၁၀ သန်းကျော်ရှိပ်ြီး သေဆုံးသူ ငါးသိန်းကျော် ရှိကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ထုတ်ပြန်ထားသည်။ 

Show More

Related Articles

Back to top button