
တပ်မတော်က နယ်မြေရှင်းလင်းရေးအမိန့်စာ ထုတ်ပြန်နောက်ပိုင်း ရသေ့တောင်မြို့ မြောက်ပိုင်းမှ ဒေသခံ ၈,၀၀၀ နီးပါး ထွက်ပြေးတိမ်းရှောင်ခဲ့ရသည့်နည်းတူ ဇွန် ၂၉ တွင် ရသေ့တောင်မြို့ နယ်တောင်ပိုင်းရှိ မိုးစဲကျွန်းတိုက်နယ်ဘက်သို့ တပ်မတော်စစ်ကြောင်းဝင်ရောက်လာရာ ယင်းတိုက်နယ်ရှိ ဒေသခံများလည်း နေရပ်စွန့်ခွာ ထွက်ပြေးနေကြရသည်ဟု ကျေးရွာတာဝန်ခံများက ပြောသည်။
ရခိုင်ပြည်နယ်အစိုးရဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမင်းသန့်က ဇွန်၂၃ တွင် ထုတ်ပြန်ခဲ့သည့် နယ်မြေရှင်းလင်းရေးအမိန့်စာကို ဇွန် ၂၆ တွင် ပြန်လည်ပယ်ဖျက်ခဲ့ပြီးသော်လည်း ဒေသခံများ ဆက်လက်ပြီးထွက်ပြေးတိမ်းရှောင်နေရဆဲဖြစ်သည်။
တပ်မတော်က နယ်မြေရှင်းလင်းရေးအမိန့်စာထုတ်ပြန်ပြီး နောက်တစ်ရက်ဖြစ်သည့် ဇွန် ၂၄ တွင် ကျောက်တန်း တိုက်နယ်အတွင်းရှိ ကျေးရွာအုပ်စု ၁၇ ခုမှ နေရပ်စွန့်ခွာထွက်ပေးသူ ၈၀၀၀ နီးပါးရှိခဲ့သည်။
တပ်မတော်စစ်ကြောင်းဝင်ရောက်လာပြီးနောက် ရသေ့တောင်မြို့နယ်တောင်ပိုင်း မိုးစဲကျွန်းတိုက်နယ်အတွင်းရှိ မြင်းကန်းချောင်း၊ ရွှေလောင်းတင်၊ ကံပြင်၊ ဥဂါ၊ ကပ်ချောင်း၊ သံပိတ်ဆုံ၊ ကူတောင်၊ ဖြူချောင်း၊ ခြေရာတော်၊ သာစည်ထောင့် စသည့်ကျေးရွာများအားလုံးနီးပါးမှ သောင်းနှင့်ချီသော ဒေသခံများထွက်ပြေးနေကြသည်ဟု ရသေ့တောင်မြို့နယ် အမှတ်(၂) မဲဆန္ဒနယ်မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးတင်မောင်ဝင်းက Myanmar Now ကိုပြောသည်။
အဆိုပါကျေးရွာများမှ ဒေသခံများမှာ ရသေ့တောင်မြို့ပေါ်နှင့် အနီးတဝိုက်ရှိ ကျေးရွာများသို့ ထွက်ပြေးတိမ်းရှောင်နေကြပြီး ပုဏ္ဏားကျွန်းမြို့နယ် ကုလားချောင်းကျေးရွာဘက်သို့ ထွက်ပြေးနေသူများလည်းရှိသည်ဟု ၎င်းက ပြောသည်။
“ပြေးကြတဲ့လူတွေအထဲက တချို့တစ်ဝက်က စစ်တွေဘက်ကို ပြေးလာကြတယ်။ ဇီးကိုင်းကူးတို့ဆိပ်ကနေ ပြီးတော့ စစ်တွေမြို့နယ် ပါတလိပ်ကူးတို့ဆိပ်ဘက်ကို ဘုတ် (စက်တပ်လှေ) နဲ့ ကူးလာကြတာပါ။ ဒီနေ့ ကူးလာကြတာလည်းရှိတယ်။ ညနေ ၃ နာရီအထိကို ကူးနေကြတာတွေ့တယ်” ဟု ဦးတင်မောင်ဝင်းက ပြောသည်။
တပ်မတော်စစ်ကြောင်းတစ်ခု သေနတ်ပစ်ဖောက်ပြီး ဦးတည်လာသည့်အတွက် စိုးရိမ်ကြောက်လန့်ပြီး ထွက်ပြေးကြရသည်ဟု စစ်တွေမြို့သို့ ထွက်ပြေးတိမ်းရှောင်လာသူ မိုးစဲကျွန်းတိုက်နယ် ရွှေလောင်းတင်ကျေးရွာမှ ဦမောင်သောင်းရွှေက Myanmar Now ကို ပြောသည်။
“ပထမတော့ ဇက်တစ်စီးဆင်းလာတယ်လို့ ကျနော်တို့သတင်းကြားတယ်။ ကျနော်တို့ကလည်း ဘုန်းကြီးကျောင်းကနေကြည့်နေရင်း ကြည့်နေရင်း အဲဒီဇက်က ကျနော်တို့ရွာနားကို ရောက်လာခဲ့တယ်။ ကျနော်တို့ရွာ မြောက်ဘက် ၂ ဖာလုံလောက်အကွာမှာ သရက်တော ကုန်တန်းဆိုတာ ရှိပါတယ်။ အဲဒီနားမှာ သေနတ်တွေနဲ့ ပစ်တယ်။ ဘယ်ဘက်ကိုပစ်တယ်ဆိုတာ ကျနော်တို့လည်း မပြောတတ်ဘူး။ အသံကိုပဲကြားနေရတာ” ဟု ဦးမောင်သောင်းရွှေက ပြောသည်။
ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေကြရသည့် ကျေးရွာများအနက် ကံပြင်ကျေးရွာတွင် အိမ်ခြေ ၃၄၀ ခန့်နှင့် လူဦးရေ ၁,၇၀၀ ခန့်ရှိပြီး ကျေးရွာအနောက်ဘက် မယူမြစ်ကမ်းဘေးမှ တပ်မတော်စစ်ကြောင်းက တက်လာသည်ကို မြင်တွေ့၍ ကျောင်းထိုင်ဆရာတော်အပါအဝင် ကျေးရွာသားအားလုံး ကြောက်လန့်တကြား ထွက်ပြေးကြသည်ဟု ကံပြင်ကျေးရွာ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမောင်ထွန်းစိန်က ပြောသည်။
“အိမ်စောင့်ပြီး ရွာမှာ လူ ၁၀ ကျော်လောက်ပဲ ကျန်ခဲ့ပါတယ်။ အခုစစ်ကြောင်းက ဥဂါကျေးရွာကို ရောက်နေတယ်လို့ ကြားပါတယ်။ မနေ့ကညအချိန် အဲဒီစစ်ကြောင်း ဥဂါရွာဘက်ကိုသွားတဲ့အချိန်မှာ ကျနော်တို့ကံပြင်ရွာက ရွာသားတွေက လိုက်ပို့ပေးခဲ့ရတယ်” ဟု ဦးမောင်ထွန်းစိန်က ပြောသည်။
ရွာသားများ ထွက်ပြေးနေကြချိန် တပ်ကကျေးရွာအတွင်းသို့ ညအချိန်ဝင်ရောက်ပြီး လူမရှိသည့် နေအိမ်နှင့် စျေးဆိုင်များအတွင်းမှ စားသုံးကုန်ပစ္စည်း ဖောက်ထွင်းယူဆောင်မှုများလည်းရှိနေသည်ဟု မိုးစဲကျွန်းတိုက်နယ်အတွင်းမှ အမည်မဖော်လိုသည့် ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ဦးက ပြောသည်။
“ဒေသခြေအနေကတော့ လက်ရှိမှာ အေးအေးဆေးဆေးပါ။ သူတို့ကလည်း သူတို့ဟာနဲ့သူတို့ လိုအပ်တဲ့ နေရာတွေကို သွားလာနေကြတာတွေ့ရတယ်။ ကျနော်တို့ရွာသားတွေကလည်း အခြေအနေအပေါ်မှာမူတည်ပြီး သူတို့ မသွားရင် ကြောက်လို့ ရှောင်နေကြတယ်။ လူမရှိတဲ့နေအိမ်တွေက ချက်စားဖို့ နှမ်းဆီတွေ ဘာတွေတော့ ယူသွားတာတွေရှိတယ်” ဟု ၎င်းက ပြောသည်။
မိုးစဲကျွန်းနယ်မြေအတွင်းသို့ ရောက်ရှိနေသည့် အဆိုပါ တပ်မတော်စစ်ကြောင်းမှာ လက်ရှိတွင် အနောက်ပြင် မွတ်စလင်ကျေးရွာအနီး ကူတောင်နှင့်ဆက်စပ်နေသည့် မိုးစဲကျွန်းတောင်ကုန်းပေါ်တွင်ရှိနေပြီး ထိုတောင်ကုန်းပေါ်မှ လက်နက်ကြီးများဖြင့် ပစ်ခတ်နေသည်ဟု ရွှေလောင်းတင်ကျေးရွာသားတစ်ဦးက ပြောသည်။
ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ လက်နက်ကိုင်တပ်ဖွဲ့နှစ်ခုကြား စစ်ရေးတင်းမာနေမှုကြောင့် ယခုရက်ပိုင်းအတွင်း နေရပ်စွန့်ခွာထွက်ပြေးနေကြသည့် စစ်ဘေးရှောင်ဦးရေ သောင်းနှင့်ချီ တိုးလာနေသည်ဟု စစ်တွေအခြေစိုက် ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး(REC) အတွင်းရေးမှူး ဦးဇော်ဇော်ထွန်းက ပြောသည်။
အဆိုပါအစည်းအရုံး၏ ဇွန် ၈ ထုတ်ပြန်ချက်အရ ရခိုင်ပြည်နယ်တွင် စစ်ဘေးရှောင်သူဦးရေ ၁၅၆,၀၀၀ ကျော်အထိရှိနေပြီး ထိုစာရင်းတွင် အသစ်ထွက်ပြေးတိမ်းရှောင်လာသူများ မပါဝင်ပေ။
နယ်မြေရှင်းလင်းရေးဖြစ်စဉ်များနှင့် ပတ်သက်ပြီး စိုးရိမ်နေရကြောင်းနှင့် နှစ်ဖက်တပ်များအနေဖြင့် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ဥပဒေများကိုလိုက်နာရန် ကုလသမဂ္ဂက ဇွန် ၂၈ ရက်တွင် ကြေညာချက် ထုတ်ပြန်ထားသည်။