သတင်း

ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့ကို ဖျာပုံတရားရုံးကလည်း ထောင်ဒဏ်ချမှတ်

တပ်မတော်ကို ထိခိုက်နစ်နာစေသည့် စာသားများသုံးနှုန်းကာ သံချပ်ထိုးသဖြင့်ဟုဆိုကာ ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့ဝင်များကို မြို့နယ်ခွဲ၍ တရားစွဲဆိုမှုများ ပြုလုပ်ထားရာ ယနေ့တွင် ဧရာဝတီတိုင်း၊ ဖျာပုံမြို့နယ်တရားရုံးကလည်း ထောင်ဒဏ်တစ်နှစ်ကျခံစေရန် အမိန့်ချမှတ်လိုက်သည်။

အဆိုပါသံချပ်အဖွဲ့ဝင်များထဲမှ ကိုဇေယျာလွင်၊ ကိုပိုင်ရဲသူ၊ ကိုပိုင်ဖြိုးမင်း(ခ)ဒီရေ တို့သုံးဦးကို ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံမြို့နယ်တရားရုံးက တပ်မတော်အပေါ် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅(က)ဖြင့် အလုပ်နှင့်ထောင်ဒဏ် တစ်နှစ်ကျခံစေရန် အမိန့်ချမှတ်လိုက်ခြင်းဖြစ်သည်။

ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့က သင်္ကြန်ကာလအတွင်း သံချပ်ထိုးရာတွင် “ဉာဏ်ပညာ အသိပညာမရှိ၊ နာခံမှုနှင့်အမိန့်သာရှိ၊ စစ်ဝတ်စုံပေါ်က ဆုတံဆိပ်များစွာနဲ့ စစ်ဗိုလ်ချုပ်တွေ အိုင်စီစီကိုတန်းပို့၊ အိုင်စီစီကို ကြောက်တဲ့ကောင် နေပြည်တော်ကိုရှောင်၊ အိုင်စီစီကို ကြောက်တဲ့ဘဝ နေပြည်တော်က အဘ” စသည့် သံချပ်စာသားများအတွက် တရားစွဲဆိုရခြင်းဖြစ်ကြောင်း တပ်မတော်က တရားရုံးသို့ ဦးတိုက်လျှောက်ထားချက်များတွင် ပါရှိသည်။

ပုဒ်မ ၅၀၅ (က) မှာ ပြည်ထောင်စုအစိုးရ၏ ကြည်း၊ ရေ၊ လေ တပ် တစ်ခုခုမှ အရာရှိ သို့မဟုတ် တပ်သားအား တာဝန်ဝတ္တရား မလေးစားခြင်း၊ ပျက်ကွက်ခြင်းပြုစေရန် အကြံနှင့်ပတ်သက်၍ ရေးသားဖြန့်ချိမှုဖြစ်ပြီး အမြင့်ဆုံးထောင်ဒဏ် နှစ်နှစ်အထိ ချမှတ်နိုင်သည်။

ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့ဝင်များကို အဆိုပါသံချပ်နှင့်ပတ်သက်၍ ရန်ကုန်တိုင်း မရမ်းကုန်းမြို့နယ်နှင့် ဗိုလ်တထောင်မြို့နယ်တို့တွင် ပုဒ်မ ၅၀၅ (က)နှင့် ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ)တို့ဖြင့် တရားစွဲဆိုခဲ့ပြီး ယင်းအမှုများကို သက်ဆိုင်ရာ တရားရုံးများက ပုဒ်မအသီးသီးအတွက် အမိန့်ချမှတ်ခဲ့ပြီးဖြစ်သည်။ ယခုဖျာပုံမြို့နယ်တရားရုံးမှာ ယင်းအမှုအတွက် ၅ ကြိမ်မြောက် ပြစ်ဒဏ်ချမှတ်ခဲ့ခြင်းဖြစ်သည်။

“ကျွန်တော်တို့ ရည်ရွယ်တာသည် စစ်တပ်ကို နိုင်ငံရေးကထွက်သွားအောင်။ ဖွဲ့စည်းပုံပြင်ဆင်ရေးကိစ္စမှာ တပ်ကို ပါဝင်လာစေချင်တယ်။ သူတို့ပြောသလို တာဝန်ထမ်းဆောင်နေတဲ့ တပ်မတော်သားတွေကို ပုန်ကန်လာအောင် လှုံ့ဆော်တဲ့ ရည်ရွယ်ချက်မျိုးလည်း ကျွန်တော်တို့ မရှိရိုးပါ။ တပ်မတော်ကြီး ပြိုကွဲသွားအောင်လည်း မရည်ရွယ်ရိုးပါ” ဟု ကိုဇေယျာလွင်က အမိန့်ချမှတ်ခံရပြီးနောက် Myanmar Now ကို ဖုန်းဖြင့် ဆက်သွယ်ပြောဆိုသည်။

တရားစွဲဆိုခံထားရသော ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့ဝင်များက တရားရုံးနှင့် တရားစီရင်ရေးစနစ်ကို ရှုတ်ချသည့်အနေဖြင့် သပိတ်မှောက်ပြီး ရှေ့နေငှားရမ်း၍ ချေပခြင်း၊ ကိုယ်တိုင်ထွက်ဆိုချေပခြင်းတို့ မဆောင်ရွက်ခဲ့ကြောင်း သံချပ်အဖွဲ့ဝင်များကဆိုသည်။ ယင်းကြောင့်ဖျာပုံမြို့နယ်တရားရုံးက ယင်းအမှုကို တရားလိုနှင့် လိုပြသက်သေ ၅ ဦးကို ၂ ရက်အတွင်း အပြီးစစ်ဆေးကာ အမိန့်ချမှတ်ခဲ့သည်။

“တရားစီရင်ရေးအနေနဲ့ စစ်တပ်က တရားလိုလုပ်ပြီးစွဲတဲ့ နိုင်ငံရေးရာ ကိစ္စရပ်တွေမှာတော့ တရားရုံးတွေက အမြဲတမ်းအောက်ကပဲလို့ ယူဆတယ်။ တစ်ဖက်စောင်းနင်းရှိတယ်လို့ ယူဆတယ်။ တပ်က တရားစွဲပြီးတော့ လွတ်သွားတာ ဘာမှ မရှိဘူး” ဟု ကိုဇေယျာလွင်ကဆိုသည်။ 

ရန်ကုန်တိုင်းတွင် ယင်းသံချပ်အဖွဲ့မှ ကိုဇေယျာလွင်၊ ကိုပိုင်ရဲသူ၊ ကိုပိုင်ဖြိုးမင်း(ခ)ဒီရေ၊ ကိုဇော်လင်းထွဋ်(ခ)ဖိုးသား၊ မဆုရတနာမြင့်နှင့် မကေခိုင်ထွန်းတို့ကို တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။

မရမ်းကုန်းမြို့နယ်တရားရုံးက ၎င်းတို့ထဲမှသံချပ်အဖွဲ့ဝင် ၅ ဦးကို ပုဒ်မ ၅၀၅ (က)ဖြင့် အလုပ်နှင့်ထောင်ဒဏ် ၁ နှစ်၊  ၄ ဦးကို ပုဒ်မ ၆၆ (ဃ)ဖြင့် အလုပ်နှင့်ထောင်ဒဏ် ၆ လ၊ ဗိုလ်တထောင်မြို့နယ်တရားရုံးက  ၆ ဦးကို ပုဒ်မ ၅၀၅(က)ဖြင့် အလုပ်နှင့်ထောင်ဒဏ် ၁ နှစ်၊ ၃ ဦးကို ပုဒ်မ ၆၆(ဃ)ဖြင့် အလုပ်နှင့်ထောင်ဒဏ် ၆ လ ချမှတ်ခဲ့သည်။

ယင်းသံချပ်ထိုးမှုကိုပင် ဧရာဝတီတိုင်းအတွင်းရှိ မြို့နယ်အချို့တွင်အမှုဖွင့်ထားသဖြင့် ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့ဝင်များမှာ မအူပင်မြို့နယ်တရားရုံး၊ ဒေးဒရဲမြို့နယ်တရားရုံးနှင့် ပုသိမ်မြို့နယ်တရားရုံးများတွင် ဆက်လက်အမှုရင်ဆိုင်ရဦးမည်ဖြစ်သည်။

ယင်းသို့သင်္ကြန်သံချပ်ထိုးမှုအပေါ် မြို့နယ်ခွဲပြီး တရားရုံးများတွင် တရားစွဲဆိုထားမှုနှင့်ပတ်သက်၍ ကိုဇေယျာလွင်က “သူတို့ကတရားရုံးတွေအများကြီး ခွဲပြီးတော့ ထောင်ထဲမှာအချိန်ကြာအောင် ရည်ရွယ်ချက်ရှိရှိနဲ့ စီစဉ်ထားတဲ့ ပုံစံတစ်ခုပါ” ဟု ဆိုသည်။

တပ်မတော်အနေနှင့် ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ)၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၅ဝ၅ (က) (ခ) တို့ကို အသုံးပြုကာ တရားစွဲဆိုမှုများဆက်တိုက်လုပ်ဆောင်ခဲ့ပြီး တပ်မတော်၏တရားစွဲဆိုခံရသူများတွင်  ဒါရိုက်တာ မင်းထင်ကိုကိုကြီး၊ ဗိုလ်ကြီးဟောင်း ဦးနေမျိုးဇင်၊ မန္တလေးမှ ဆရာတော်များဖြစ်သော ဦးသောဘိတ၊ မြဝတီမင်းကြီးဆရာတော်နှင့် ဦးစိန္တိတတို့လည်းပါဝင်ခဲ့သည်။

Show More

Related Articles

Back to top button