သတင်း

အကျဉ်းထောင်မှ ပြန်လွှတ်မည့်သူများတွင် ပုဒ်မ ၅၀၅-က ဖြင့် ချုပ်နှောင်ခံထားရသူများ ပါဝင်မည် 

ဆူပူအောင်လှုံ့ဆော်မှု ပုဒ်မ ၅၀၅-က ဖြင့် ဖမ်းဆီးချုပ်နှောင်ခံထားရသူများအပါအဝင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အကျဉ်းသား ၂၀၀၀ ကျော်ကို ယနေ့ (ဇွန် ၃၀) တွင် လွှတ်ပေးရန်ရှိကြောင်း ရန်ကုန်တိုင်း၊ အကျဉ်းဦးစီးဌာနတာဝန်ရှိသူက ပြောသည်။ 

ပြန်လွှတ်ပေးမည့်သူများထဲတွင် ရန်ကုန်မြို့၊ အင်းစိန်ထောင်မှ အချုပ်သား ၇၀၀ ကျော် ပါဝင်ပြီး ၎င်းတို့အနက် ရာဇသတ်ကြီးပုဒ်မ ၅၀၅-က ဖြင့် တရားစွဲခံရသူများပါဝင်ကြောင်း ရန်ကုန်တိုင်းအကျဉ်းဦးစီးဌာနမှ ဦးစီးမှူးတစ်ဦးဖြစ်သူ ဦးဇော်ဇော်က Myanmar Now ကို ပြောသည်။

“အင်းစိန်က ၇၀၀ ကျော်ကျော်လောက်ပါတယ်။ တစ်နိုင်ငံလုံးဆိုရင်တော့ ၂၀၀၀ လောက်တော့ လွတ်မယ်။ အချုပ်သားတွေပဲ လွတ်တာ၊  ၅၀၅ တွေနဲ့ တရားစွဲခံရတဲ့သူတွေပါတယ်” ဟု ၎င်းက ပြောသည်။ 

ထိုသို့ အကျဉ်းထောင်များမှ နိုင်ငံရေးအချုပ်သမားများအပါအဝင် အများအပြားကို လွှတ်ပေးမည်ဆို၍ ယနေ့ (ဇွန် ၃၀) နံနက်အစောပိုင်းတွင် ရန်ကုန် အင်းစိန်အကျဉ်းထောင်ရှေ့၌ လူအများအပြားစောင့်ဆိုင်းနေကြပြီး အကျဉ်းဦးစီးဌာနမှ လုံခြုံရေးများချထားသည်ကို တွေ့ရသည်။ 

စစ်အာဏာသိမ်းမှုဆန့်ကျင်ရေးဆန္ဒပြပွဲများတွင် ပါဝင်မှုဖြင့် ဖမ်းဆီးထိန်းသိမ်းခံထားရသူများအနက် အမျိုးသား ၁၈၈၂ ဦးနှင့် အမျိုးသမီး ၄၆၀ ဦးကို အကျဉ်းထောင်အသီးသီးမှနေ၍ ယနေ့ ပြန်လွှတ်ပေးမည်ဖြစ်ကြောင်း စစ်ကောင်စီ၏ ပြန်ကြားရေးဒုတိယဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်းကို ကိုးကားလျက် VOM သတင်းဌာနက ရေးသားထားသည်။ 

အချုပ်သားများ ယနေ့ ပြန်လည်လွတ်မြောက်ရန် သေချာသလောက်ရှိသည်ဟု ပုဒ်မ ၅၀၅-က ဖြင့် စစ်ကောင်စီ၏ တရားစွဲဆိုခံထားရသည့် ကျောင်းသားများအတွက် အမှုလိုက်ပေးနေသူ ရှေ့နေကိုသက်နောင်က ပြောသည်။

“အခုထိတော့ မလွတ်သေးဘူး။ လွတ်မယ်လို့ သတင်းတော့ထွက်နေတယ်။ ကားတွေလည်း ရောက်နေပြီ။ ပုံမှန်ဆိုလို့ရှိရင်တော့ ၉ နာရီ၊ ၉ နာရီခွဲဆိုရင် သက်ဆိုင်ရာတရားရုံးတွေမှာ အမှုတွေစစ်နေပြီ။ အခုက ရှေ့နေတွေတောင် ပေးမဝင်ဘူးဆိုတော့ လွှတ်မှာတော့သေချာတယ်” ဟု ၎င်းက ဆိုသည်။ 

လွတ်မည့်သူများထဲတွင် မည်သူမည်ဝါပါဝင်သည်ကို အတိအကျမပြောနိုင်သေးသော်လည်း ဖေဖော်ဝါရီ ၁ အာဏာသိမ်းပြီးနောက်ပိုင်း ဖမ်းဆီးထိန်းသိမ်းခံရကာ ၅၀၅-က ဖြင့် တရားရင်ဆိုင်နေရသည့်သူများကို လွှတ်မည်ဟု သိရကြောင်း ၎င်းက ဆက်ပြောသည်။

အင်းစိန်ထောင်ရှေ့တွင် စောင့်ဆိုင်းနေသည့် မိသားစုဝင်တစ်ဦးက “လွှတ်တယ်ဆိုရင်တော့ ပျော်တာပေါ့။ ကလေးတွေက အပြစ်လည်း ရှိမှမရှိတာ” ဟု ဆိုသည်။ 

ယမန်နေ့ (ဇွန် ၂၉) တွင်လည်း ပုဒ်မ ၅၀၅-က ဖြင့် အမှုဖွင့်ခံရသူ အနုပညာရှင် ၂၄ ဦးကို အမှုမှရုပ်သိမ်းကြောင်း စစ်ကောင်စီက ထုတ်ပြန်ခဲ့ပြီး ထပ်မံကျူးလွန်ပါက တည်ဆဲဥပဒေအရ အရေးယူမည်ဟု ဆိုသည်။ 

နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ စာရင်းများအရ ဖေဖော်ဝါရီလ ၁ မှ ဇွန် ၂၉ အထိ ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသူ စုစုပေါင်း ၅၂၂၄ ဦးရှိပြီး ၎င်းတို့အနက်၂၂၂ ဦးမှာ ထောင်ဒဏ်ချမှတ်ခြင်း ခံထားရသည်။

စစ်ကောင်စီက ၎င်းကို ဆန့်ကျင်ဆန္ဒပြသူများကို အကြမ်းဖက်ဖြိုခွင်းခဲ့သည့်အပြင် ဖမ်းဆီးထိန်းသိမ်းပြီး အမှုစစ်ဆေးမှုမရှိဘဲ ရာဇသတ်ကြီး ပုဒ်မ ၅၀၅-က ဖြင့် အမိန့်ချခံရသူများလည်း ရှိနေသည်။ 

ထို့ပြင် ပုဒ်မ ၅၀၅-က ဖြင့် ထောင်ချခံရသူများကို ထောင်တွင်း၌ အတင်းအဓမ္မ အလုပ်ကြမ်းစေခိုင်းခြင်းများရှိနေသည်ဟု သက်ဆိုင်ရာ မိသားစုဝင်များက ထုတ်ဖော်ပြောကြားထားသည်။ ထိုသို့ ဖမ်းဆီးနှိပ်ကွပ်ခြင်း၊ ထောင်ချခြင်းများရှိသော်လည်း  ရန်ကုန်နှင့် မန္တလေးအပါအဝင် နိုင်ငံအနှံ့တွင် စစ်အာဏာရှင်ဆန့် ကျင်ရေးဆန္ဒပြပွဲများ ပေါ်ပေါက်နေဆဲဖြစ်သည်။ 

Show More

Related Articles

Back to top button