မေးမြန်းခန်း

“ဒီဘဏ်နှစ်ဘဏ်က တစ်ကမ္ဘာလုံးနီးနီးနဲ့ နေရာတိုင်းမှာ အဆက်အဆံရှိတယ်” ၊ အင်တာဗျူး

နိုင်ငံခြားသုံးငွေနှင့် ပတ်သက်၍ အခရာကျသည့် နိုင်ငံပိုင်ဘဏ်ကြီးနှစ်ခုကို အမေရိကန်အစိုးရက ပိတ်ဆို့အရေးယူလိုက်ပြီးနောက် လတ်တလောအကျိုးဆက်အနေဖြင့် ပြည်တွင်း၌ အမေရိကန်ဒေါ်လာဈေး မြင့်တက်လာကာ တစ်ဒေါ်လာလျှင် ကျပ် ၃၀၀၀ ကျော်အထိ ရောက်ရှိလာသည်။ 

မြန်မာပြည်သူများကို ထောက်ခံအားပေးကြောင်း ပြသရန်နှင့် စစ်ကောင်စီကို ဆက်လက်ဖိအားပေးရန် နိုင်ငံပိုင် မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ် (MFTB)၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်းရောင်းဝယ်ရေးဘဏ် (MICB) တို့အပါအဝင် ကာကွယ်ရေးဝန်ကြီးဌာနကိုပါ အရေးယူကြောင်း အမေရိကန်အစိုးရက ဇွန် ၂၁ ရက်တွင် ကြေညာခဲ့ခြင်းဖြစ်သည်။

ရွေးကောက်ခံ အရပ်သားအစိုးရကို ဖြုတ်ချကာ ၂၀၂၁ ဖေဖော်ဝါရီလတွင် စစ်တပ်က အာဏာသိမ်းလိုက်ပြီးနောက် အမေရိကန်အစိုးရက စစ်ဗိုလ်ချုပ်များ၊ နိုင်ငံပိုင်အဖွဲ့အစည်းများနှင့် ပတ်သက်ဆက်နွှယ်သည့် ကုမ္ပဏီများနှင့် လူပုဂ္ဂိုလ်များပါမကျန် ဆက်တိုက် ပိတ်ဆို့အရေးယူခဲ့သည်။​ နိုင်ငံခြားသုံးငွေနှင့် ပတ်သက်၍ အရေးအကြီးဆုံးသော နိုင်ငံပိုင်ဘဏ်ကြီးနှစ်ခုကို အရေးယူရာတွင် အမေရိကန်အစိုးရ၏ ပစ်မှတ်မှာ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) မှ နှစ်စဉ် ဘီလျံချီဝင်နေသော ငွေကြေးများကို စစ်ကောင်စီထံ မစီးဆင်းစေရန်ဖြစ်သည်။ MOGE ကို အမေရိကန်က တိုက်ရိုက်စီးပွားရေးမပိတ်ဆို့ထားသော်လည်း ၎င်းကို ဥရောပသမဂ္ဂက ယမန်နှစ်ကတည်းက စီးပွားရေးပိတ်ဆို့ထားပြီးဖြစ်သည်။

ယခုကဲ့သို့ ဘဏ်များအပေါ် စီးပွားရေးပိတ်ဆို့လိုက်မှုကြောင့် စစ်ကောင်စီ၏ ဝင်ငွေစီးဆင်းမှု မည်မျှရိုက်ခတ်နိုင်သနည်း။ အမေရိကန်အစိုးရ၏ နောက်ဆုံးပိတ်ဆို့အရေးယူမှုကို ရှောင်လွှဲနိုင်ရန် စစ်ကောင်စီက ကြိုးပမ်းလာနိုင်ခြေရှိသည့် အနေအထားများနှင့် ပတ်သက်၍ ပြည်တွင်းရှိ ဘဏ်လုပ်ငန်းပညာရှင်တစ်ဦးကို ယမန်နေ့ (ဇွန် ၂၈) တွင် Myanmar Now က ဆက်သွယ်မေးမြန်းထားသည်။

မေး – နိုင်ငံပိုင်ဘဏ်ကြီးနှစ်ခုကို အမေရိကန်က ပိတ်ဆို့အရေးယူလိုက်တဲ့ကိစ္စက ဘယ်လောက်အထိ ကြီးကြီးမားမားရိုက်ခတ်နိုင်သလဲ။

ဖြေ – ဒီဘဏ်နှစ်ခုက နိုင်ငံခြားဆက်ဆံမှု အများဆုံးဘဏ်လေ။ မြန်မာပြည်အတိုင်းအတာနဲ့ ကြည့်ရင်လည်း ပုဂ္ဂလိကဘဏ်တွေဆိုတာကလည်း နိုင်ငံခြားဆက်ဆံမှုမှာတော့ ဒီဘဏ်နှစ်ခုပေါ့။ အထူးသဖြင့် အစိုးရဌာနတွေရဲ့Transaction (ငွေလွှဲပြောင်းမှု) တွေအားလုံးက တော်တော်များက ဒီဘဏ်နှစ်ခုကို ဖြတ်ပြီးတော့ သွားကြတာ။ Import Export လုပ်မယ်ဆိုရင် Payment အများစုက ဒီဘဏ်တွေပဲလေ။ Government Function တော်တော်များများက ဒီဘဏ်နှစ်ခုက လုပ်တာပေါ့။ ဟိုတုန်းကလည်း ဒီဘဏ်နှစ်ခုပဲလေ။ ခုတော့ MEB (မြန်မာ့စီးပွားရေးဘဏ်) က နည်းနည်း ပါဝါရှိချင်ရှိမယ်။ ဒါပေမဲ့ MEB ဘဏ်ရဲ့ အတိုင်းအတာက ဒီဘဏ်နှစ်ခုလောက် မရှိဘူး။​ ဒီဘဏ်နှစ်ခုက ကြာလည်းကြာပြီ။

ဘဏ်တစ်ခုက နိုင်ငံခြားနဲ့ အဆက်အစပ်လုပ်တယ်ဆိုတာ ဘယ်ပေါ်မှာ မူတည်လဲဆို သူ့ရဲ့ Network ဘယ်လောက်ကြီးလဲဆိုတဲ့အပေါ်မှာ မူတည်တာ။​ Network ဆိုတာ Correspondent Bank ပေါ့။ သူနဲ့ ဟိုဘက်က ဆက်ဆံတဲ့ဘဏ်ပေါ့။ ဒီဘဏ်နှစ်ဘဏ်ရဲ့ အတိုင်းအတာက တစ်ကမ္ဘာလုံးနီးနီးနဲ့ နေရာတိုင်းမှာလိုလို အဆက်အဆံရှိတယ်။ Correspondent Bank ဘဏ်တွေ များတယ်ပေါ့။​ များတဲ့အခါကျတော့ အလုပ်လုပ်ရတာ လွယ်တယ်လေ။ ကျန်တဲ့ဘဏ်တွေက အဲလောက်မရှိဘူး။ MEB လည်း မရှိဘူး။ ပုဂ္ဂလိကဘဏ်တွေကလည်း အတိုင်းအတာအရ နည်းတယ်။​

အဲဒါကြောင့် ငွေသွင်းငွေယူကိစ္စတွေမှာ အများကြီး ရိုက်ခတ်မှုဖြစ်နိုင်တယ်။ နောက်တစ်ခုကလည်း အခုထိက ပုဂ္ဂလိကကို ဆောင်ရွက်ခွင့်မပေးသေးဘူး။ အစိုးရအဖွဲ့အစည်းဆိုရင် အစိုးရဘဏ်တွေကတစ်ဆင့်ပဲ လုပ်ရတာ။ အဲဒါကြောင့်မို့လို့ သက်ရောက်မှုကတော့ ရှိတယ်။

မေး – လွန်ခဲ့တဲ့ ဆယ်နှစ်လောက် အတောအတွင်းမှာ ပုဂ္ဂလိကဘဏ်တွေကလည်း နိုင်ငံခြားငွေနဲ့ ပတ်သက်ပြီး လက်ခံဆောင်ရွက်လာတာတွေ ရှိတယ်လေ။ ဆိုတော့ နိုင်ငံပိုင်လုပ်ငန်းတွေ၊ ဌာနတွေကရော ပုဂ္ဂလိကဘဏ်တွေကို သုံးစွဲပြီးမှ လုပ်နိုင်တာမျိုး ရှိလား။

ဖြေ – အခုထိက မရသေးဘူး။ အဲဒီတော့ သူတို့က (စစ်ကောင်စီ) ဒါကို သုံးစွဲလို့ရအောင် လုပ်လာမလားဆိုတာတော့ စောင့်ကြည့်ရမှာပေါ့။​ ဒါပေမဲ့ အဲလောက်ကြီး မလွယ်လှဘူး။​ Capacity (လုပ်ဆောင်နိုင်စွမ်း) ချင်းကလည်း ကွာတယ်လေ။​ ဥပမာ ကမ္ဘောဇဘဏ်က လုပ်မယ်ဆို သူက ဟိုဘက်မှာ Correspondent Bank ဘယ်လောက်ရှိလို့လဲ။ လုပ်တယ်ဆိုရင်တောင်မှပဲ နိုင်ငံတကာ Network မရှိသေးဘူး။​ မရှိသေးတဲ့အတွက် အကန့်အသတ်ရှိမယ်လို့ ထင်တယ်။ ဒါတစ်ပိုင်းပေါ့။

နောက်တစ်ပိုင်းကကျတော့ နိုင်ငံအနေနဲ့က ဘာဖြစ်လဲဆိုတော့ အမည်ပျက်စာရင်းသွင်းခံထားရတော့ ဟိုဘက်က ကျွန်တော်တို့နဲ့ ဆက်ဆံတဲ့ ဘဏ်တွေက ပုဂ္ဂလိကပဲဖြစ်ဖြစ် အစိုးရဘဏ်ပဲဖြစ်ဖြစ် ဟိုဘက်က Correspondent လုပ်တဲ့ ဘဏ်တွေက အရမ်းသတိထားပြီးတော့ စစ်တယ်။ Transaction က အရင်လို လုပ်လို့ မလွယ်ဘူး။ ပုံမှန်ထက် ပိုစစ်တယ်။​ အဲလိုစစ်တဲ့အတွက် အခုချိန်မှာ ပိုခက်ခဲတယ်။​ ဟိုတုန်းက နှစ်ရက်နဲ့ ပြီးမယ်ဆိုပါစို့ အခုဆိုရင် တစ်ပတ်ကြာရင် ကြာမယ်။ ဆယ်ရက် ကြာရင်ကြာမယ်။​

အစိုးရဘဏ်တွေမှာ မပိတ်ခင်ကတည်းက ဟိုတုန်းကထက် ပိုပြီးတော့ ခက်တဲ့အပိုင်းရှိတယ်။ ပုဂ္ဂလိကကို သွားဖို့ဆိုတာလည်း ချက်ချင်း ဒီနေ့နက်ဖြန် ကောက်လုပ်လို့ မရဘူး။ အဲလောက် မလွယ်ဘူးလေ၊ Mechanism (ယန္တရား) တစ်ခုတည်ဆောက်ဖို့က။ စည်းကမ်းချင်းလည်း မတူဘူး။ အတိုင်းအတာချင်းလည်း မတူဘူး။ ပုဂ္ဂလိကဘဏ်တွေကလည်း အခုချိန်မှာ ရုန်းကန်နေရတဲ့အချိန် ဖြစ်တယ်။ အဲလိုပြောင်းလဲဖို့တော့ သူတို့ လုပ်ကောင်းလုပ်လာနိုင်တယ်။ ဒါပေမဲ့ အဲဒါကလည်း Complicated (ရှုပ်ထွေး) ဖြစ်တဲ့ Process (လုပ်ငန်းစဉ်) ပဲ။ လူတွေထင်တာထက် ပိုပြီးတော့ ရှုပ်ထွေးမယ် ခက်ခဲမယ်လို့ ထင်တယ်။

မေး – ပုဂ္ဂလိကဘဏ်တွေကို အသုံးချမယ်ဆိုရင် စစ်ကောင်စီက ရေရှည်အတွက် ဘယ်လို Strategy မျိုးတွေ ချလာနိုင်သလဲ။ စစ်တပ်အနေနဲ့ ပုဂ္ဂလိကဘဏ်တွေကို ဘယ်လိုပုံစံမျိုးတွေနဲ့ သုံးစွဲလာနိုင်သလဲ။

ဖြေ – မလုပ်ဘူးလို့တော့ မပြောနိုင်ဘူး။ လုပ်လာနိုင်တယ်။ ဒါပေမဲ့ လွယ်လွယ်လုပ်လို့ရတဲ့ Process မျိုး မဟုတ်ဘူး။ ဥပမာဆိုပါတော့ အစိုးရဘက်အနေနဲ့က အစိုးရဌာနတစ်ခုက LC (Letter of Credit) တစ်ခု ဖွင့်မယ်၊ Payment တစ်ခုလုပ်မယ်ဆိုရင် ပုဂ္ဂလိကဘဏ်သွားမယ်ဆိုရင် ဘယ်ဘဏ်ကို သွားမလဲဆိုတာ Designate (သတ်မှတ်) လုပ်ရမယ်။ ဘယ်ဘဏ်တွေ ခွင့်ပြုသလဲပေါ့။

ပွင့်ပွင့်လင်းလင်းပြောရရင် အစိုးရယန္တရားတစ်ခုက အစိုးရဘဏ် သုံးခုပေါ်မှာပဲ မူတည်ပြီးတော့ လည်နေတာ။ စာရင်းထားသိုမှုစနစ် ဘာညာပေါ့။ အဲဒီတော့ ပုဂ္ဂလိကဘဏ်ကို သွားတဲ့အချိန်မှာ ဒါတွေအတွက် စနစ်တကျ သေသေချာချာ Strategy ဆွဲပြီး လုပ်မှရမယ်။

ပုဂ္ဂလိကဘဏ်ဘက်က ကြည့်တော့လည်း အဲသလောက်အထိ International Relation ကို မလုပ်နိုင်သေးဘူး။ ပုဂ္ဂလိကဘဏ်တွေအနေနဲ့ ဥပမာ ထိုင်းတို့ စင်ကာပူတို့ တရုတ်တို့ ဒီလောက်ပဲ Network ထားပြီး လည်ပတ်ကြတာ။​ ဟို ဥရောပတို့ အမေရိကားတို့ထိ လက်လှမ်းမမီဘူး။​ သိပ်မရောက်ဘူးပေါ့နော်။

Correspondent Bank တစ်ခု လုပ်ဖို့ဆိုတာကလည်း မလွယ်ဘူး။ အချိန်အများကြီး ယူပြီးတော့ Due Diligence (နောက်ကြောင်းရာဇဝင် စစ်ဆေးခြင်း) လုပ်သေးတာကိုး၊ ဒီဘဏ်ရဲ့အခြေအနေကို ကြည့်ပြီးတော့။ (နိုင်ငံခြားဘဏ်များက) အခုချိန်ဆိုတော့ ပိုဆိုးတယ်။ တိုင်းပြည်ကလည်း Scrutinize (အသေးစိတ်စစ်ဆေးခြင်း) လုပ်ခံရတဲ့အထဲမှာ ရှိတယ်။ ဆိုတော့ ရှိပြီးသား Correspondent ဘဏ်တွေက ပြန်ထုတ်တာတွေရှိတယ်။ Transaction မဖြစ်တာတို့ ဘာတို့ပေါ့။ အဲဒီအပိုင်းက ပိုခက်ခဲတယ်ပေါ့။

နောက်တစ်ချက်က Transaction က ကျွန်တော်တို့ဆီမှာ များသောအားဖြင့် ၈၀ ရာခိုင်နှုန်းကျော်လောက်က အမေရိကန်ဒေါ်လာနဲ့ လုပ်တာ ဖြစ်တဲ့အတွက်ကြောင့် ဘယ် Transaction ကိုပဲ လုပ်လုပ် ဒေါ်လာ Transaction မှာ လုပ်လို့ရှိရင် Federal Reserve (အမေရိကန်ဗဟိုဘဏ်စနစ်) နယူးယောက်ပဲ ဖြတ်တယ်။ အဲဒီမှာ သွားပြီးတော့ Settle (အတည်ပြု) လုပ်ရတယ်။ US ကို ဖြတ်ရတဲ့အတွက် ဘဏ်တွေက ပိုပြီးတော့ သတိထားရတယ်။

အဲဒီတော့ ပုဂ္ဂလိကဘဏ်တွေကနေ သွားတာလည်း ဖြစ်နိုင်တယ်။ နောက်တစ်ပိုင်းက US Currency (ငွေကြေး) ကို အသုံးလျှော့ပြီး ကျန်တဲ့ Currency နဲ့ လုပ်မလား။ ဒါမျိုးက နည်းနည်းပိုဖြစ်လာနိုင်တယ်။ နိုင်ငံတကာမှာကျ ဒေါ်လာ ၈၀ ရာခိုင်နှုန်း ၇၀ ရာခိုင်နှုန်း သုံးကြတာ။​ သူ့နောက်မှာ လိုက်လာမှာက ယူရိုလို ပိုက်ဆံမျိုး လိုက်လာမယ်။ နောက် ဂျပန်ယန်းငွေတို့ လိုက်လာမယ်။ ထားရင်လည်း ဒေါ်လာအကောင့်တွေပဲ များကြတယ်။ ဘာလို့ဆို သူက Stable (တည်ငြိမ်) ဖြစ်လို့။​ ဘဏ်တွေမှာ ဒေါ်လာပဲ အများဆုံးထားတယ်။

ဒီဘဏ်နှစ်ခုကို အမေရိကန်က အရေးယူလိုက်တယ်ဆိုကတည်းက ဒေါ်လာနဲ့ Transaction လုပ်ဖို့ တော်တော်ခဲယဉ်းသွားပြီ။ အဲလိုလမ်းကြောင်းကိုလည်း သွားနိုင်တယ်ပေါ့။

နှစ်ပိုင်းပေါ့။ ပုဂ္ဂလိကဘဏ်တွေကို ပေးနိုင်သလားဆိုတော့ လက်ရှိဘဏ်တွေရဲ့ အခြေအနေအရ အဲဒီဟာ အင်မတန်ခက်ခဲတဲ့အလုပ်ပဲ။ ခုနက အလုပ်ကတော့ ဟိုတုန်းကလည်း လုပ်ခဲ့ဖူးတယ်။ အခုလည်း လုပ်လို့ရတယ်။ ဥပမာ တရုတ်ယွမ်နဲ့ ပြောင်းပြီးတော့ ဖွင့်မယ်။ ယူရိုနဲ့ ပြောင်းပြီးတော့ ဖွင့်မယ်။ အဖြစ်နိုင်ဆုံး အလွယ်ဆုံးနည်းပေါ့။

မေး – နိုင်ငံပိုင်ဘဏ်တွေက အဓိက ဘယ်နိုင်ငံခြားဘဏ်တွေနဲ့ Correspondent Banking ဆက်ဆံရေးရှိသလဲ။ 

ဖြေ – အများကြီးရှိတယ်။ Correspondent Bank ရာနဲ့ချီပြီး ရှိတယ်။ ထိပ်တန်းဘဏ်တွေဆို အကုန်လုံးလိုလို ရှိတယ်ဗျ။ စင်ကာပူဆိုလိုလည်း အကုန်လုံးလိုလို ရှိတယ်။ ဂျပန်ဘဏ်တွေဆိုလည်း အကုန်လုံးလိုလို ရှိတယ်။ အထူးသဖြင့် MFTB က network အကျယ်ဆုံးပဲ။

မေး – နိုင်ငံပိုင်ဘဏ်ကြီးနှစ်ခုမှာ အစိုးရဌာနပဲဖြစ်ဖြစ် ပုဂ္ဂလိကဖြစ်ဖြစ် သူတို့တွေ ဘယ်လိုအသုံးပြုရမယ်ဆိုပြီး သတ်မှတ်ထားတာ ရှိလား။

ဖြေ – အစိုးရဌာနကတော့ သတ်မှတ်ကိုသတ်မှတ်ပြီးသား။ အခုထိက ပုဂ္ဂလိကလုပ်ခွင့်ကို မရှိဘူး။ နိုင်ငံပိုင်ဘဏ်တွေကပဲ လုပ်ခွင့်ရှိတယ်။ နောက်ပိုင်း လုပ်ခွင့်ပေးမယ်ဆိုရင် Principle တွေ ပြောင်းရမှာလေ။ ဒါက အများကြီးစဉ်းစားပြီး လုပ်ရမယ့်အလုပ်။ အကျိုးသက်ရောက်မှုတွေ အများကြီးရှိနိုင်တဲ့ကိစ္စ။

မေး – ဌာနဆိုင်ရာတွေက MFTB နဲ့ MICB ကို သုံးကိုသုံးရမယ်ဆိုတဲ့ တရားဝင်စည်းကမ်းသတ်မှတ်တွေရော ရှိလား။

ဖြေ – မှန်တယ်။ ညွှန်ကြားချက်တွေဘာတွေ ရှိတယ်။ ပုဂ္ဂလိကဘဏ်တွေနဲ့က လုပ်ခွင့်ကို မရှိဘူး။ စာရင်းတွေဘာတွေ ထားတာလဲ အစိုးရဘဏ်တွေမှာပဲ ဖွင့်ရတာလေ။ ပထမဆုံးလွယ်တာကတော့ ဒေါ်လာနေရာမှာ တခြားဟာကို ပြောင်းပြီးတော့ လုပ်မယ့်အနေအထားကို ပိုပြီးတော့ ဖြစ်လာမယ်လို့ ကျွန်တော်ထင်တယ်။

မေး – အခုပိတ်ဆို့အရေးယူမှုက အမေရိကန်ကုမ္ပဏီပါ ဒီဘဏ်တွေနဲ့ မပတ်သက်ရဘူးဆိုတဲ့ သဘောမျိုးဆိုတော့ ပုဂ္ဂလိကဘဏ်တွေကို သုံးမယ်ဆိုရင်ရော။

ဖြေ – ပုဂ္ဂလိက ပြောင်းလို့ရတယ်။ ပုဂ္ဂလိကတော့ သိပ်ပြဿနာမရှိဘူးလေ။ ပုဂ္ဂလိကမှာလည်း ဒီလိုပဲ LC ဖွင့်တယ်။ Payment လုပ်နေတဲ့သူတွေ ရှိနေတာပဲ။ သူက ပြောင်းလို့ရတယ်။ အစိုးရဌာနကျတော့ Rules and Regulations အရကို လုပ်လို့မရဘူး။​ လုပ်ခွင့်ကို ပေးမထားဘူး။ လုပ်ခွင့်ပေးမယ်ဆိုရင် ဖွင့်ပေးရမယ်။

ဖွင့်ပေးလို့ဆိုရင်လည်း ဘယ်လိုဖွင့်ပေးမလဲ၊ Designated Bank ပေါ့။ ဥပမာ ဘဏ်ဘယ်နှခုကို ခွင့်ပြုတယ်ဆိုတဲ့ စနစ်ကို ပြောင်းရမယ်။ အဲဒီအချိန်မှာလည်း စည်းကမ်းတကျဖြစ်အောင် ဘယ်လို လိုက်နာရမယ်ဆိုတဲ့အချက်တွေ ထုတ်ပြန်မှ ရမှာ။

မေး – အမေရိကန်အစိုးရထုတ်ပြန်ချက်အရ ဘဏ်နှစ်ခုကို ပိတ်ဆို့အရေးယူရတဲ့ အကြောင်းရင်းထဲမှာ အဓိကတော့ MOGE ကို ပစ်မှတ်ထားတဲ့သဘောမျိုး ဖော်ပြထားတယ်။ ဆိုတော့ အဲဒီအချက်က ဘယ်လောက် ထိရောက်မှုရှိနိုင်ပါသလဲ။

ဖြေ – တော်တော်ကြီးတော့ ထိသွားမှာပေါ့။ အဲဒီဌာနတွေက အဓိက MFTB နဲ့ MICB တို့နဲ့ ချိတ်ဆက်လုပ်နေရတာလေ။ စီမံကိန်းတွေကလည်း ကြီးတယ်၊ Payment တွေကလည်း ကြီးတယ်။ နောက်ပြီးတော့ Confidential တွေ ပါချင်ပါမယ်။ ဆိုတော့ အဲဒါမျိုးတွေအတွက်ကတော့ တော်တော် ခက်ခဲသွားမယ် ထင်တယ်။ ပုဂ္ဂလိကကို ရွှေ့ဖို့ဆိုတာလည်း သာမန်ကုမ္ပဏီတွေရွှေ့တဲ့ သာမန်အစိုးရဌာနက ရွှေ့တာထက် ပိုခက်မယ်လို့ ထင်တယ်။ အဓိကတော့ အဲဒါကို ပစ်မှတ်ထားပုံရတယ်။ တခြားအစိုးရဌာနတွေကို ဒီလောက် ဦးတည်ပုံမရဘူး။ အဲဒါကတော့ တကယ်ကို ထိနိုင်တယ်လို့ ကျွန်တော်ထင်တယ်။

အဲဒါကြောင့် အမေရိကန်ငွေမဟုတ်တဲ့ တစ်ခြားငွေကြေးတွေကို ပြောင်းသုံးတဲ့နည်းနဲ့ သုံးလာနိုင်တယ်။ စာချုပ်က စချုပ်ကတည်းက ဘာ Currency နဲ့ ပေးရမယ်လို့ ထည့်ချုပ်ကြတာကိုး။ အဲဒီတော့ နောက်ချုပ်တဲ့စာချုပ်တွေကျ ယူရို (ဥရောပဒေသသုံးငွေ) နဲ့ ချုပ်တာမျိုး၊​ ဂျပန်ယန်းငွေနဲ့ ချုပ်တာမျိုးကို နောက်ပိုင်းမှာ လုပ်လာနိုင်တယ်။​

မေး – ဒီနိုင်ငံပိုင်ဘဏ်နှစ်ခုကို ဥရောပသမဂ္ဂကပါ ပိတ်ဆို့အရေးယူလိုက်မယ်ဆိုရင် ဘယ်လိုတွေ ဖြစ်လာနိုင်သလဲ။

ဖြေ – ဥရောပဇုန်ကပါ ထပ်လိုက်လာလို့ရှိရင်တော့ ကျွန်တော်တို့ ဂန့်သွားပြီ။ ပိုခက်သွားမယ်ပေါ့။ ဟိုတုန်းက အခက်အခဲဖြစ်ခဲ့တုန်းက စင်ကာပူဘဏ်တွေက နည်းနည်းပါးပါး ကြည့်လုပ်ပေးတာတွေ ရှိတယ်။ တော်တော်လေး လိုက်လိုက်လျောလျော လုပ်ပေးခဲ့တယ်။ နောက်ပြီးတော့ အဲဒီတုန်းက ယူရိုဇုန်က လွတ်နေတယ်ပေါ့။ အခုကျတော့ စင်ကာပူဘဏ်တွေကိုယ်တိုင်က မလုပ်ရဲဘူး။ ကြောက်တယ်။ အရမ်းကြောက်တယ်။ ဒီဟာမဖြစ်ခင်ကတည်းက ပုဂ္ဂလိကမှာလည်း တအားကို စစ်တာလေ။

လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button