
ဓာတ်ခွဲခန်းတည်ဆောက်နေမှု ပြီးစီးသွားပြီဖြစ်သည့် မန္တလေးမြို့တွင် ကိုဗစ်နိုင်တင်းရောဂါပိုးရှိမရှိ ဓာတ်ခွဲစမ်းသပ်မှုများကို လာမည့်ရက်ပိုင်းအတွင်း စတင်လုပ်ဆောင်နိုင်တော့မည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာန တာဝန်ရှိသူကဆိုသည်။
အဆိုပါဓာတ်ခွဲခန်းတွင် ကိုဗစ်နိုင်တင်းရောဂါပိုးစစ်သည့် စက် ၂ လုံးဖြင့် စစ်ဆေးမည်ဖြစ်ပြီး အထက်မြန်မာပြည်ရှိ ဆေးရုံများမှ ဓာတ်ခွဲနမူနာများကို စစ်ဆေးပေးမည်ဖြစ်ကြောင်း တိုင်းပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသန်းသန်းမြင့်ကဆိုသည်။
အသွားအလာကန့်သတ်စောင့်ကြည့်ထားသည့် နေရာများရှိ ပြည်ပမှပြန်လာသူများကို ဦးစားပေးစစ်ပေးရန် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက အမိန့်ထုတ်ထားကြောင်း ၎င်းကဆိုသည်။
ကိုဗစ်နိုင်တင်း ဓာတ်ခွဲစစ်ဆေးစက်တစ်လုံးမှာ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ပေးပို့ထားသည့်စက်တွင် လိုအပ်နေသော အစိတ်အပိုင်းကို စင်ကာပူနိုင်ငံမှ အလှူရှင်တစ်ဦးက လှူဒါန်းခဲ့ခြင်းဖြစ်ပြီး ကျန်တစ်လုံးမှာ မေ ၂၂ က မြန်မာနိုင်ငံရောက်ရှိနေသည့် တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်မှ ဆေးပညာရှင်အဖွဲ့က ယူဆောင်လာခြင်းဖြစ်သည်။ စင်ကာပူမှအလှူရှင်နှင့်ပတ်သက်၍ အသေးစိတ်ကိုမူ ထုတ်ပြန်ပြောကြားခြင်းမရှိပေ။
အဆိုပါစက်များကို တပ်ဆင်ပြီးစီးပြီဖြစ်၍ ဓာတ်ခွဲခန်းတွင် တာဝန်ထမ်းဆောင်မည့် ဝန်ထမ်းများကို ယူနန် ဆေးပညာရှင်အဖွဲ့က မေ ၂၅ မှစ၍ သင်တန်းပေးနေကြောင်း၊ စစ်ဆေးစမ်းသပ်မှုများကို လက်တွေ့လုပ်ဆောင်ရင်း တစ်ပတ်ကြာ သင်တန်းပေးမည်ဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက မေ ၂၃ က ကျင်းပသည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် ပြောကြားခဲ့သည်။
“တရုတ်ပြည်က ယူနန်အဖွဲ့ရောက်နေပါပြီ၊ စက်တပ်မယ်၊ သင်တန်းပေးမယ်၊ ကျွန်တော်ထင်တယ်၊ နောက်တစ်ပတ်လောက်ဆိုရင် ဒီစက်တွေ စစစ်နိုင်ပါပြီ” ဟု ၎င်းက ပြောကြားခဲ့ခြင်းဖြစ်သည်။
စင်ကာပူမှအလှူရှင် လှူဒါန်းသည့်စက်မှာ တစ်ကြိမ်လျှင် လူ ၉၀ ခန့်ကို စစ်ဆေးနိုင်မည်ဖြစ်ပြီး တစ်ရက်လျှင် နှစ်ကြိမ်လည်ပတ်ရန် လျာထားသည့်အတွက် လူ ၁၈၀ ခန့်ကို စစ်ဆေးနိုင်မည်ဖြစ်သည်။ သို့သော် ယူနန်ပြည်နယ်မှ ပါလာမည့်စက်မှာ အရေအတွက်မည်မျှစစ်ဆေးနိုင်မည်ကို မသိရှိရသေးပေ။
လတ်တလောတွင် ဓာတ်ခွဲနမူနာ ၃၇,၅၀၀ ဓာတ်ခွဲစမ်းသပ်ရန်အတွက် လိုအပ်သည့်ပစ္စည်းများရရှိထားပြီး လိုအပ်ပါက ဆက်လက်ဝယ်ယူသွားမည်ဖြစ်ကြောင်း ဒေါက်တာသန်းသန်းမြင့်က ဆိုသည်။
လက်ရှိအချိန်အထိ မြန်မာနိုင်ငံတွင် ကိုဗစ်နိုင်တင်းရောဂါပိုးရှိမရှိ စစ်ဆေးနိုင်သည့် ဓာတ်ခွဲခန်းမှာ ရန်ကုန်မြို့တွင်သာရှိပြီး မန္တလေးမြို့မှာ ကိုဗစ်နိုင်တင်းဓာတ်ခွဲခန်းရှိသည့် ဒုတိယမြောက်မြို့ ဖြစ်လာမည်ဖြစ်သည်။
မန္တလေးတိုင်းအတွင်းတွင် သံသယလူနာ ၇၈၅ ဦးကို စောင့်ကြည့်စစ်ဆေးခဲ့ပြီး လက်ရှိတွင် စောင့်ကြည့်လူနာ ၃၀ ခန့်သာရှိတော့ကြောင်း၊ မန္တလေးရှိရောဂါကူးစက်ခံရသူ ၃ ဦးတွင် ၃ ဦးလုံးမှာ ပြန်လည်သက်သာ၍ ဆေးရုံမှဆင်းသွားပြီဖြစ်ကြောင်း တိုင်းဒေသကြီးအစိုးရအဖွဲ့၏ စာရင်းများအရ သိရသည်။
မြန်မာနိုင်ငံတွင် ကိုဗစ်နိုင်တင်းရောဂါပိုးရှိမရှိ ဓာတ်ခွဲစစ်ဆေးမှုပေါင်း ၂၀,၀၀၀ နီးပါး လုပ်ဆောင်ထားရာတွင် ပိုးတွေ့လူနာ ၂၀၁ ဦးရှိပြီး ၁၂၂ ဦးပြန်လည်သက်သာလာကာ ၆ ဦးသေဆုံးထားကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ မတ် ၂၅ နေ့လယ်ပိုင်းထုတ်ပြန်ချက်အရ သိရသည်။