သတင်း

ဝက်ဘ်ဆိုက်အချို့ကိုပိတ်ပင်ရန် အစိုးရကဖုန်းအော်ပရေတာများကို ထပ်မံညွှန်ကြား

အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်ထားသော အဖွဲ့များနှင့် ပတ်သက်မှုရှိသည့် ဝက်ဘ်ဆိုက်များကို ဝင်ရောက်ကြည့်ရှုခွင့်ပိတ်ရန် ဖုန်းအော်ပရေတာများကို ထပ်မံညွှန်ကြားထားကြောင်း ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန တာဝန်ရှိသူကဆိုသည်။

တပ်မတော်နှင့် ပြည်ထဲရေးကဲ့သို့ လုံခြုံရေးဆိုင်ရာဌာနများက အကြောင်းကြားလာသဖြင့် ဝက်ဆိုက် ၃ ခု၊ ဒိုမိန်း ၆ ခု၊ အိုင်ပီလိပ်စာ ၂ ခုတို့ကိုပိတ်ရန် မေ ၇ က ညွှန်ကြားလိုက်ခြင်းဖြစ်ကြောင်း ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးမျိုးဆွေက Myanmar Now ကိုပြောသည်။

“နာမည်တွေကတော့ ပြောဖို့ခက်တယ်ဗျ။ အဓိကကတော့ နိုင်ငံတော်မှာ အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်ထားတဲ့အဖွဲ့အစည်းတွေရှိတယ်။ ဝက်ဘ်ဆိုက်တွေကတော့ အဲဒါတွေနဲ့ပတ်သက်ပါတယ်”ဟု ၎င်းကဆိုသည်။

ပိတ်ပင်မည့်စာရင်းတွင်ပါဝင်သည့် ဒိုမိန်းနှင့် အိုင်ပီလိပ်စာများမှာမူ ဗိုင်းရပ်ဖြန့်ချိမှု၊ ဝက်ဘ်ဆိုက်များကိုလိုက်လံ တိုက်ခိုက်မှုကဲ့သို့သော ဆိုက်ဘာမှုခင်းများကြောင့်ဖြစ်သည်ဟု ဦးမျိုးဆွေကဆိုသော်လည်း အသေးစိတ်အချက် အလက်များကိုမူ ထုတ်ဖော်ပြောဆိုခြင်းမရှိပေ။

အော်ရီဒူးမြန်မာ၏ ပြန်ကြားရေးအရာရှိ ဦးတင့်နိုင်ထွဋ်ကလည်း “မေ ၁၁ ရက်အပြီးဆောင်ရွက်ဖို့ ဆက်သွယ်ရေးက ညွှန်ကြားချက်ပို့လာတာပါ။ ကျွန်တော်တို့ကတော့ ဉပဒေတွေအရ လိုက်နာရပါတယ်”ဟု Myanmar Now ကို ပြောသည်။

မြန်မာနိုင်ငံ ဆက်သွယ်ရေးဥပဒေအရ ယင်းညွှန်ကြားချက်ကို လိုက်နာရန် တာဝန်ရှိကြောင်း တယ်လီနောမြန်မာက မေ ၁၁ တွင်ပင် ကြေညာချက်ထုတ်ပြန်ခဲ့သည်။

သို့သော် ယင်းကြေညာချက်တွင် ‘တယ်လီနောမြန်မာသည် ပွင့်လင်းသောဆက်ဆံရေးကို ယုံကြည်ကြောင်း၊ မြန်မာနိုင်ငံတွင် ဝက်ဆိုက်များကို တားမြစ်ပိတ်ပင်ရန် အာဏာပိုင်တို့၏ ကြားဝင်စွက်ဖက်မှုနှင့်ပတ်သက်၍ တယ်လီနောမြန်မာသည် အာဏာပိုင်များနှင့် ဆက်လက်ဆွေးနွေးလျက်ရှိကြောင်းလည်း ထည့်သွင်းထုတ်ပြန်ထားသည်။

အစိုးရက ဖုန်းအော်ပရေတာများမှတစ်ဆင့် ဝက်ဘ်ဆိုက်များ ပိတ်ပင်မှုမှာ နှစ်လကျော်အတွင်း တတိယအကြိမ်မြောက်ဖြစ်ပြီး မတ်လအတွင်းက နှစ်ကြိမ်ဆက်ညွှန်ကြားချက်ထုတ်ခဲ့ပြီး ဝက်ဘ်ဆိုက်ပေါင်း ၂၂၁ ခုကို ပိတ်ပင်ခဲ့သည်။

ထိုစဉ်က ညစ်ညမ်းအကြောင်းအရာများ၊ ကလေးသူငယ်များအပေါ် လိင်အလွဲသုံးမှုနှင့် သတင်းမှားများကို ဖြန့်ဖြူးနေသည့် ဝက်ဘ်ဆိုက်များဖြစ်သည်ဟု အစိုးရက ပြောဆိုထားသည်။

သို့သော် ယင်းပိတ်ပင်မှုတွင် တရားဝင်သတင်းဌာနအချို့၏ ဝက်ဘ်ဆိုက်များလည်းပါဝင်ခဲ့ပြီး ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနကလည်း သိရှိကြောင်းဝန်ခံထားသည်။

ပိတ်ပင်မှုအတွင်းပါဝင်သွားသည့် သတင်းဌာနများအနေဖြင့် ပြန်ကြားရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီတို့မှတစ်ဆင့် ပြန်လည်ရရှိရေး ဆောင်ရွက်နိုင်သည်ဟု ဦးမျိုးဆွေကဆိုသည်။

Show More

Related Articles

Back to top button