သတင်း

မြန်မာတိုင်း(မ်)မှ အယ်ဒီတာနှင့် သတင်းထောက်များအပါအဝင် လူ ၇၀ အလုပ်ဆိုင်းငံ့

မြန်မာတိုင်း(မ်) သတင်းဌာနမှ အယ်ဒီတာနှင့်သတင်းထောက်များအပါအဝင် ဝန်ထမ်းပေါင်း လူ ၇၀ ကျော်ကို အလုပ်မှ ဇွန်လကုန်အထိ နှစ်လ ဆိုင်းငံ့လိုက်သည်ဟု အဆိုပါသတင်းဌာနမှ ဝန်ထမ်းများက Myanmar NOW ကိုပြောသည်။

ပြီးခဲ့သည့်နှစ် ၂၀၁၉ နိုဝင်ဘာကလည်း မြန်မာတိုင်း(မ်)နေ့စဉ်သတင်းစာမှ အယ်ဒီတာချုပ်အပါအဝင် အယ်ဒီတာအဖွဲ့ဝင် ၁၃ ဦးကို အလုပ်မှ ရပ်နားခဲ့ဖူးပြီး ယခုတစ်ကြိမ်မှာ မြန်မာကွန်ဆိုလီဒိတ်တက်မီဒီယာ၏ ဒုတိယမြောက် လုပ်ဆောင်မှုတစ်ခုဖြစ်သည်။

“လူလျှော့တယ်ဆိုတာထက် သူတို့ကို ကျွန်တော်တို့က ထုတ်ပစ်တာမဟုတ်ဘူး” ဟု မြန်မာကွန်ဆိုလီဒိတ်တက်မီဒီယာ၏ လုပ်ငန်းလည်ပတ်ရေးအရာရှိချုပ် ဦးဝေလင်းက ပြောသည်။

ထို့ပြင် “သူတို့ကို မေလမှာ အလုပ်မဆင်းနဲ့၊ လုံးဝ အလုပ်တာဝန်မယူနဲ့၊ ၅၀ ရာခိုင်နှုန်းပေးပါမယ်။ ဇွန်လကျရင်တော့ လစာမဲ့ခွင့်ယူပါ။ ဇွန်လကုန်ရင်တော့ သူတို့ကို လုပ်ငန်းအခြေအနေတွေပေါ် မူတည်ပြီး ပြန်ခေါ်နိုင်ရင် ကျွန်တော်တို့ ပြန်ခေါ်ပါမယ်၊​ မခေါ်နိုင်ဘူးဆိုလို့ရှိရင်တော့ သူတို့ကို အကျိုးအကြောင်းပြောမယ်။ ကျွန်တော်တို့ကုမ္ပဏီနဲ့ ဆက်လက်မတွဲချင်ရင်လည်းပဲ အလုပ်သမားဝန်ကြီးဌာနက သတ်မှတ်ထားတဲ့ အလုပ်သမားနဲ့ပတ်သက်တဲ့ လျော်ကြေးတွေပေးပြီးတော့ သူတို့ကို terminate (ထုတ်) မှာပေါ့နော်” ဟု ၎င်းကဆိုသည်။

အလုပ်ဆိုင်းငံ့ခံရသူ အမည်မဖော်လိုသူ မြန်မာတိုင်း(မ်) ဝန်ထမ်းတစ်ဦးက “တစ်ခါတည်းဖြုတ်မယ်ဆိုရင်လည်း ဥပဒေအတိုင်း လျော်ပေးပြီး ဖြုတ်လိုက်။ အဲဒီလိုလည်းမဟုတ်ဘူး။ လျှို့ဝှက်ကြီးလုပ်နေသလို ဖြစ်နေတယ်” ဟု ဆိုသည်။

ထို့ပြင် “ပါဖောင်မန့်ကို မကြည့်ဘဲ ဘာကြောင့်ရပ်ဆိုင်းတာလဲ။ လုပ်ငန်းလိုအပ်ချက်ရှိနေလို့လား”ဟု အထက်ပါ ပုဂ္ဂိုလ်က ဆိုသည်။

ယခုကာလအတွင်း စီးပွားရေးအကျပ်အတည်းကြောင့် ယခုကဲ့သို့ စီစဉ်ခြင်း ဟုတ် မဟုတ်ကိုတော့ ဦးဝေလင်းက ဖြေကြားခဲ့ခြင်း မရှိပေ။

မြန်မာတိုင်း(မ်) ၏ သတင်းခန်းအတွင်း တာဝန်ထမ်းဆောင်ဖူးသူ ဝန်ထမ်းဟောင်းတစ်ဦးက “သတင်းထောက်ဆိုတာ ဒီလုပ်ငန်းပေါ်မှာပဲ နှစ်ရှည်လများနှစ်မြှုပ်ထားကြတာ။ ဘာမှ စုမိဆောင်းမိတာမဟုတ်ဘူး။ ဒီလုပ်ငန်းမှာ အချိန်ရော၊ အလုပ်ရောနှစ်မြှုပ်ပြီးတော့ လုပ်ခဲ့ကြတာ။ တခြားကုမ္ပဏီ၊ တခြားလုပ်ငန်းတွေမှာလို ခံစားခွင့်တွေလည်းရှိတယ်။ လစာလည်းကောင်းတယ်။ သတင်းထောက်တွေမှာက အဲဒီလိုမရှိဘူး။ တခြားလုပ်ငန်းတွေနဲ့ မတူတဲ့ လုပ်ငန်းခွင်သဘာဝရှိတယ်။ အဲဒါကို တာဝန်ရှိသူတွေက ပိုပြီးထည့်သွင်းစဉ်းစားသင့်တယ်” ဟု ဆိုသည်။

မြန်မာကွန်ဆိုလီဒိတ်တက်မီဒီယာတွင် အလုပ်လုပ်နေသူ ဝန်ထမ်းပေါင်း ၃၀၀ ကျော်ရှိပြီး ယခင် ၁၃ ယောက်နှင့် ယခု အယောက် ၇၀ ကျော် စုစုပေါင်း လူ ၈၀ ကျော် အခက်အခဲရှိမည်ဖြစ်သည်။

မြန်မာကွန်ဆိုလီဒိတ်တက်မီဒီယာသည် မြန်မာတိုင်း(မ်)နေ့စဉ်သတင်းစာ၊ အပတ်စဉ်ဂျာနယ်နှင့် အင်္ဂလိပ်ပိုင်းသတင်းစာတို့ကို ထုတ်ဝေလျက်ရှိပြီး သတင်းခန်းနှစ်ခု ဖွဲ့ထားခဲ့သည်။ ထို့နောက် ယခုနှစ်အစပိုင်းတွင် သတင်းခန်းများကို ပေါင်းစည်းလိုက်ပြီး သတင်းခန်းတစ်ခုတည်းဖြစ်သွားခဲ့သည်။

အင်္ဂလိပ်၊ မြန်မာ နှစ်ဘာသာဖြင့် ထုတ်ဝေနေသော မြန်မာတိုင်း(မ်)သတင်းဌာနကို ဩစတေးလျနိုင်ငံသား ရော့စ်ဒန်ကလေနှင့် လက်ရှိ Frontier Myanmar သတင်းဌာနတည်ထောင်သူ ဦးဆန်နီဆွေတို့က ၂၀၀၀ ပြည့်နှစ်က စတင်တည်ထောင်ခဲ့ခြင်းဖြစ်သည်။

ဦးဆန်နီဆွေသည် ထောက်လှမ်းရေးအရာရှိ ဗိုလ်မှူးချုပ်သိန်းဆွေ၏သားဖြစ်ပြီး ၂၀၀၄ ခုနှစ် ဗိုလ်ချုပ်ကြီးခင်ညွန့် အရေးယူခံရချိန်တွင် ဖမ်းဆီးထောင်ချခံခဲ့ရသည်။ ဗိုလ်မှူးချုပ်သိန်းဆွေကို ထောင်ဒဏ် နှစ် ၁၀၀ ကျော် နှင့် ဦးဆန်နီဆွေကို ထောင်ဒဏ် ၁၄ နှစ် ချမှတ်ခဲ့သည်။ ဦးဆန်နီဆွေမှာ ၂၀၁၃ ခုနှစ်၊ ဖခင်ဖြစ်သူမှာ နောက်တစ်နှစ်တွင် ပြန်လွတ်လာခဲ့ကြသည်။

၂၀၁၃ ဖေဖော်ဝါရီလတွင်တော့ မြန်မာကွန်ဆိုလီဒိတ်တက်မီဒီယာကို ဦးသိန်းထွန်းက ဝယ်ယူခဲ့ပြီး မူလထုတ်ဝေနေသည့် အပတ်စဉ်ထုတ်များအပြင် မြန်မာတိုင်း(မ်)နေ့စဉ်သတင်းစာကို ၂၀၁၇ ဇန်နဝါရီ၌ စတင်ထုတ်ဝေခဲ့သည်။

ဦးသိန်းထွန်းမှာ ၁၉၉၀ ပြည့်လွန်နှစ်များက မြန်မာနိုင်ငံတွင် ပက်ပ်စီအချိုရည်ကို တင်သွင်းဖြန့်ဖြူးခဲ့သူဖြစ်ပြီး ထွန်းကော်မာရှယ်ဘဏ် (ထွန်းဖောင်ဒေးရှင်းဘဏ်) တည်ထောင်သူနှင့် ဥက္ကဋ္ဌဖြစ်ကာ ကုမ္ပဏီလုပ်ငန်းပေါင်းစုံ စုစည်းထားသည့် MGS ကုမ္ပဏီများအုပ်စု၏ ဥက္ကဋ္ဌလည်းဖြစ်သည်။

Show More

Related Articles

Back to top button