မန္တလေးတိုင်း ပုသိမ်ကြီးမြို့နယ် အတွင်းရှိ ဘိလပ်မြေစက်ရုံစီမံကိန်း အဝင်အထွက်လမ်းဖောက်ခြင်းကို ကန့်ကွက်ခဲ့သည့် ဒေသခံ ရွာသား ငါးဦးအား ယင်းမြို႔နယ်တရားရုံးက မတရား တားဆီးကန့်ကွက်မှုဖြင့် အလုပ်မဲ့ ထောင်ဒဏ် တစ်လ ယနေ့တွင် ချမှတ်လိုက်သည်။

ပုသိမ်ကြီးမြို့နယ်နှင့် မတ္တရာမြို့နယ်တို့အကြားရှိ ကျောက်တောင်များမှ ကုန်ကြမ်းယူပြီး ထုတ်လုပ်မည့် ဘိလပ်မြေစက်ရုံစီမံကိန်း သွားရာလမ်းသည် ရွာသားများပိုင်ဆိုင်သည့် မြေနေရာကို သိမ်းယူပြီးဖောက်လုပ်ထားခြင်းဖြစ်ကြောင်း စက်ရုံအနီးရှိ အောင်သပြေရွာသားများက ကန့်ကွက်ခဲ့ ကြခြင်းဖြစ်သည်။
ဦးသိန်းစိန်လက်ထက်ကတည်းက ရန်ကုန်အခြေစိုက် “မြင့်ရင်းနှီးမြှုပ်နှံမှုအုပ်စု ကုမ္ပဏီလီမိတက်” ကို လုပ်ပိုင်ခွင့်ပြုခဲ့သည့် အဆိုပါစီမံကိန်းကို ဇူလိုင်လအတွင်းက ကန့်ကွက်ခဲ့ကြခြင်း ဖြစ်သည်။
“ဒီလမ်းဟာ အများသူငါ ပိုင်ဆိုင်တဲ့ လမ်းမဟုတ်ပါဘူး ဒေသခံတွေ ယာခင်းထဲကနေ ဖောက်လုပ်ထားတဲ့လမ်း ဖြစ်တယ်။ ဥပဒေမှာ ကုန်းတွင်းဖြစ်စေ ရေတွင်းဖြစ်စေ ကိုယ်ပိုင်လမ်းဖြစ် စေ သဘောရိုးနဲ့ ပိတ်ဆို့မှုပြုမယ်ဆိုရင် (ရာဇသတ်ကြီး) ပုဒ်မ၃၄၁အရ အပြစ်ပေးလို့ မရဘူးလို့ ဥပဒေမှာ ပြဋ္ဌာန်းထားတယ်။ ဒါကို ထောင်ဒဏ်တစ်လ ချလိုက်တာဟာ ဖိအားပါနေတယ်လို့ ကျွန်တော်တို့ယူဆပါတယ်” ဟု ရွာသားများ၏ ရှေ့နေ ဦးစည်သူက ပြောသည်။

အမိန့်ချအပြီး တရားရုံးရှေ့တွင် တောင်သူများနှင့် ရဲတပ်ဖွဲ့ဝင်များအကြား ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့သည်။
အဆိုပါ စီမံကိန်းကို ကန့်ကွက်ခဲ့ကြသည့် ဒေသခံ ၂၁ ဦးသည် ငြိမ်းစုစီဥပဒေပုဒ်မဖြင့် တရားစွဲခံထားရသေးသည်။



