သတင်း

တစ်ပြည်လုံးအတွက် နှာခေါင်းစည်း ၁၀ သန်းခန့်တွင် တစ်ဝက်ကျော်ဖြန့်ပြီးဟု ပြောခွင့်ရသူဆို

ကျန်းမာရေးဝန်ထမ်းများနှင့် ကန့်သတ်စောင့်ကြည့်ခံရသော နေရာများတွင် နှာခေါင်းစည်း ၁၀ သန်းခန့် ဖြန့်ဝေသွားမည်ဖြစ်ပြီး တစ်ဝက်ကျော်ကို ဖြန့်ဝေထားဟု ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ သာထွန်းကျော်က Myanmar Now ကို ယနေ့ (ဧပြီ ၈) ပြောသည်။

နှာခေါင်းစည်း စုစုပေါင်း ၉ ဒသမ ၆ သန်း စီစဉ်ထားပြီး လက်ရှိတွင် ခြောက်သန်းကျော်ကို သက်ဆိုင်ရာ တိုင်းနှင့်ပြည်နယ်များသို့ ဖြန့်ဝေခဲ့ပြီးဖြစ်ကြောင်း ၎င်းက ပြောသည်။

“အဓိကကတော့ ကွာရန်တင်းဆိုက်တွေမှာရှိတဲ့ ပြည်သူပြည်သားတွေရော စေတနာ့ဝန်ထမ်းတွေကိုရော အကုန်လုံးကို ဖြန့်ဖို့အတွက် စီစဉ်ထားပါတယ်” ဟု ၎င်းကပြောသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က နှာခေါင်းစည်း ၆ ဒသမ ၃ သန်းကို ပြည်သူလူထုသို့ ဖြန့်ဝေသွားမည်ဟု ဧပြီလ ၅ ရက်နေ့က ၎င်း၏လူမှုကွန်ရက် စာမျက်နှာတွင် ရေးသားထားသည်။

ယနေ့တွင် ကျန်းမာရေးဝန်ကြီးဌာနက ခွဲတမ်းချပေးသော ခွဲစိတ်ခန်းသုံး နှာခေါင်းစည်း အခုရေ ၂၇၀ ကို သွားရောက်ထုတ်ယူခဲ့သည်ဟု ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့နယ် မြိုင်ကြီးငူကျန်းမာရေးဌာနမှ အမျိုးသမီးကျန်းမာရေးဆရာမ ဒေါ်နန်းသဇင်ကပြောသည်။

မြိုင်ကြီးငူမြို့ပေါ်ရှိ သီတဂူနန်းသီလာမြိုင်ဆေးရုံတွင် ကွာရန်တင်းခံယူနေသူ ၃၀၊ ကျန်းမာရေးဝန်ထမ်း ၅ ဦးနှင့် အခြားအကူဝန်ထမ်းများအတွက် နှာခေါင်းစည်း ၁၇၀ နှင့် ကျန်သည့် ကျန်းမာရေးဌာနခွဲ လေးခုအတွက် နှာခေါင်းစည်း ၁၀၀ ကို ခွဲဝေယူကြသည်ဟု ၎င်းကဆိုသည်။

“(လုံလောက်မှု) မရှိဘူးလေ ကျွန်မတို့ ကွာရန်တင်းထားတဲ့နေရာမှာ တစ်ရက်ကို ၅၀ တော့ ကုန်တယ်လေ။ ဒါကြောင့် အပြင်အလှူရှင်တချို့နဲ့ လုပ်နေရတယ်။ မလှူလို့ရှိရင် ကျွန်မတို့က အဆင်မပြေဘူးလေ” ဟု ဒေါ်နန်းသဇင်ကဆိုသည်။

အလှူရှင်မရခင်က ကျန်းမာရေးဝန်ထမ်းများကိုယ်တိုင် ငွေကြေးစိုက်ထုတ်၍ နှာခေါင်းစည်းများ ဝယ်ယူခဲ့ရကြောင်း၊ လက်ရှိတွင်လည်း တစ်ရက်ကို တစ်ခုနှုန်းဖြင့် ချွေတာသုံးစွဲနေကြောင်း ၎င်းကပြောသည်။

သို့သော် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ပြောခွင့်ရပုဂ္ဂိုလ်အသစ်ဖြစ်သူ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသာထွန်းကျော်က မြန်မာပြည်အတိုင်းအတာဖြင့် လူအင်အား၊ စက်အင်အားနှင့် ဆေးဝါးအင်အား အလုံအလောက်ရှိကြောင်း Myanmar Now နှင့်တွေ့ဆုံမေးမြန်းမှုတွင် ပြောဆိုထားသည်။

မြန်မာနိုင်ငံတွင် ကိုဗစ်နိုင်တင်း(COVID-19) ရောဂါကူးစက်မှု တဖြည်းဖြည်းမြင့်တက်လာပြီး နှာခေါင်းစည်းအသုံးပြုမှု တွင်ကျယ်လာသည်နှင့်အမျှ ယခင်က လက်ကားရောင်းဈေး တစ်ခု ၅၀ ကျပ်ရှိရာမှ လက်ရှိဈေးကွက်တွင် ၄၀၀ ကျပ်မှ ၁၀၀၀ ကျပ်အထိ ရောင်းချနေသည်။

ကျန်းမာရေးဝန်ကြီးဌာန၏ ကမ်းလှမ်းချက်အရ ပဲခူးစက်မှုဇုန်ရှိ စက်ရုံနှစ်ခုတွင် သင်္ကြန်ပြီးပါက ခွဲစိတ်ခန်းသုံးနှာခေါင်းစည်းများ ထုတ်လုပ်ရန် စီစဉ်နေပြီး ရန်ကုန်ရွှေလင်ပန်းစက်မှုဇုန်တွင်မူ တိုင်းအစိုးရနှင့် ညှိနှိုင်းနေဆဲဖြစ်သည်ဟု သက်ဆိုင်ရာ စက်မှုဇုန်တာဝန်ရှိသူများထံမှ သိရသည်။

Show More

Related Articles

Back to top button