သတင်း

အငြင်းပွားအဆောက်အအုံအမှု တိုင်းအစိုးရကို တရားပြိုင်သွင်းခြင်းကို အစိုးရကုမ္ပဏီကန့်ကွက်

ရန်ကုန်မြို့ ဆူးလေဘုရားလမ်းပေါ်ရှိ တိုးရစ်ဘားမားအဆောက်အအုံပိုင်ဆိုင်မှု အငြင်းပွားမှုတွင် တရားလိုဘက်က တိုင်းဒေသကြီးအစိုးရကိုပါ ပူးတွဲတရားပြိုင်အဖြစ် တရားစွဲဆိုထားပြီး ရန်ကုန်မက်ထရိုပိုလီတန်ကုမ္ပဏီက ထိုတရားစွဲဆိုမှုကို ကန့်ကွက်ကြောင်း ဖေဖော်ဝါရီလ ၁၈ ရက်က ရန်ကုန်တိုင်းတရားလွှတ်တော်တွင် တင်သွင်းခဲ့သည်။

တိုးရစ်ဘားမားအငြင်းပွားမှုတွင် မူလပိုင်ရှင်ဆိုသူ မုဟမ္မဒ် အီဘရာဟင်မန်နီးမိသားစုသည် ထိုအဆောက်အအုံကို ပြုပြင်ရေးလုပ်ငန်းများ လုပ်ကိုင်ခဲ့သည့် ရန်ကုန်မက်ထရိုပိုလီတန်ကုမ္ပဏီကို နစ်နာကြေးငွေ ကျပ်သိန်းငါးသောင်း ရရှိစေရန် နှင့် အဆောက်အအုံကို ထိန်းသိမ်းစီမံခန့်ခွဲခွင့် ရရှိစေရန် ၂၀၁၉ ခုနှစ် ဧပြီလကတည်းက တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ကို တရားမကျင့်ထုံးဥပဒေ အမိန့်၁၊နည်း၁၀() အရ ပူးတွဲ () တရားပြိုင်အဖြစ် ထည့်သွင်းခွင့်ပေးပါရန် တရားလိုဘက်က လျှောက်ထားသော်လည်း တရားမကျင့်ထုံး ဥပဒေ ပုဒ်မ၈၀ အရ တိုင်းအစိုးရကို နို့တစ်စာပေးပို့ခြင်း မရှိသည့်အတွက် တိုင်းအစိုးရကို ပူးတွဲတရားပြိုင် () အဖြစ် ထည့်သွင်းပေးရန် လျှောက်ထားခြင်းကို ကန့်ကွက်ကြောင်း တရားလွှတ်တော်တွင် တင်သွင်းခဲ့ခြင်းဖြစ်သည်။

ရန်ကုန်တိုင်းဒေသကြီးအစိုးရကို စွဲမယ်ဆိုရင် တရားမကျင့်ထုံး ဥပဒေပုဒ်မ ၈၀ အရ နို့တစ်စာ အရင်ပေးရမယ်။ မပေးဘဲနဲ့ တရားစွဲတဲ့အတွက် ဒါကို ကျွန်တော်ကန့်ကွက်တာဟု မက်ထရိုပိုလီတန် ကုမ္ပဏီ၏ ရှေ့နေ ဦးခင်မောင်ကြီးက ပြောသည်။

တိုးရစ်ဘားမားအဆောက်အအုံဟု လူသိများသည့် ဆူးလေဘုရားလမ်းပေါ်ရှိ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနရုံးဟောင်းကို ၂၀၁၇ ခုနှစ် ဇွန်လတွင် မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့သို့ လွှဲပြောင်းပေးခဲ့ခြင်းဖြစ်သည်။

ထို့နောက် ရန်ကုန်တိုင်းအစိုးရအဖွဲ့က ပြည်သူ့အိမ်ရာစီမံကိန်းများဦးစီးကော်မတီရုံး ဖွင့်လှစ်ရန်အတွက် ကြံ့ခိုင်မှုနှင့် ရှေးမူမပျက် ပြင်ဆင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ရန် ရန်ကုန်မက်ထရိုပိုလီတန်ကုမ္ပဏီ (Yangon Metropolitan Development Public Co., Ltd) ကို လုပ်ဆောင်စေခဲ့သည်။

တိုးရစ်ဘားမားအဆောက်အအုံအငြင်းပွားမှု၏ အမှန်တရားကို ဖော်ထုတ်နိုင်ရန်အတွက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှာ ထိုအမှုတွင် အမှုသည်တစ်ဦးအဖြစ် ပါဝင်ရန် လိုအပ်နေသည်ဟု တရားလိုရှေ့နေ ဦးကျော်ငြိမ်းက Myanmar Now ကို တရားခွင်မှ အထွက်တွင်ပြောသည်။

အဆောက်အအုံပြင်ဆင်ခြင်းကို မက်ထရိုပိုလီတန်ကုမ္ပဏီက ရန်ကုန်တိုင်းအစိုးရ၏ စေခိုင်းချက်အရ ဆောင်ရွက်ခဲ့ခြင်းလား၊ ထိုသို့ တိုင်းအစိုးရက စေခိုင်းခဲ့သည်ဆိုပါကလည်း တိုင်းအစိုးရတွင် ထိုအဆောက်အအုံကို ပိုင်ဆိုင်သည့် အခွင့်အာဏာ အပြည့်အဝရှိပါသလားဆိုသည်ကို တရားရုံးတော်က စိစစ်ဖော်ထုတ်နိုင်ရန်အတွက် တိုင်းအစိုးရမှာ အမှုသည်တစ်ဦးအဖြစ် ပါဝင်ရန် လိုအပ်နေခြင်းဖြစ်သည်ဟု ၎င်းကဆိုသည်။

အခု မက်ထရိုပိုလီတန်က ပြောတာက ရန်ကုန်တိုင်းဒေသကြီး(အစိုးရ) က ခိုင်းလို့ လုပ်တယ်ဆိုလာ ရင်တော့ ဒီပြဿနာ အမှန်အမှားကို တရားရုံးတော်က ခြုံငုံပြီး အလုံးစုံမြင်ဖို့ဆိုရင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဟာ ဒီထဲမှာ တရားဘက်တစ်ဦးအနေနဲ့ ပါလာမှ အမှန်သိရမှာဖြစ်ပါတယ်ဟု ၎င်းက ပြောသည်။

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ညွှန်ကြားချက်အရ ထိုသို့ ဆောင်ရွက်ရခြင်းဖြစ်သည်ဟု ရန်ကုန်မက်ထရိုကုမ္ပဏီဘက်က တရားရုံးတွင် ထုချေချက်တင်သွင်းခဲ့ရာ ရန်ကုန်တိုင်းအစိုးရကိုပါ တရားပြိုင်အဖြစ် ထည့်သွင်းပေးရန် တရားလိုရှေ့နေက ယခုနှစ် ဇန်နဝါရီလက လျှောက်ထားခဲ့ခြင်းဖြစ်သည်။

ရန်ကုန် မက်ထရိုပိုလီတန် ဖွံ့ဖြိုးတိုးတက်ရေးကုမ္ပဏီလီမိတက်မှာ အစိုးရနှင့် ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်ရေးမူအရ တိုင်းဒေသကြီးအစိုးရအဖွဲ့ ကိုယ်စားပြုဒါရိုက်တာ ဦး၊ မြန်မာ့ဆောက်လုပ်ရေးနှင့် ဖွံ့ဖြိုးရေးအများနှင့်သက်ဆိုင်သောကုမ္ပဏီ ကိုယ်စားပြုဒါရိုက်တာ ငါးဦးတို့ဖြင့် ဖွဲ့စည်းထားခြင်းဖြစ်သည်။

Tourist Burma အဆောက်အအုံ (နောင် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနအဆောက်အအုံ) ကို ၁၉၁၈ ခုနှစ် မေလတွင် မုဟမ္မဒ် အီဘရာဟင်မန်နီးဆိုသူက ဝယ်ယူထားခဲ့ခြင်းဖြစ်ပြီး ထိုအဆောက်အအုံကို မိသားစု သားစဉ်မြေးဆက် ထိန်းသိမ်းစီမံခန့်ခွဲခွင့်၊ အကျိုးခံစားနိုင်ရန် မြန်မာနိုင်ငံတရားဥပဒေ ပုဒ်မ ၁၃() အစ္စလာမ် တရားဥပဒေများနှင့်အညီ မိသားစုဝကဖ်‘ (ဂေါပက) ဖွဲ့စည်းခဲ့ခြင်းဖြစ်ကြောင်း မြစ်တော်စပ်သူ ဦးဘီလားက ပြောသည်။

ဝကဖ်ဆိုသည်မှာ မွတ်စလင်တစ်ဦးက ၎င်းပိုင်ဆိုင်သည့် မြေယာ၊ အဆောက်အအုံ စသည်ကို ပညာရေး၊ ဘာသာရေး၊ ပရဟိတ ကိစ္စတစ်ရပ်ရပ်အတွက် ရည်စူးထားခြင်းဖြစ်ပြီး ဂေါပကအဖွဲ့က စီမံကွပ်ကဲကာ ရောင်းချခွင့်မရှိခြင်းကို ဆိုလိုသည်။

နှစ်ဖက်ရှေ့နေများက ဖေဖော်ဝါရီလ ၂၄ ရက်နေ့တွင် ရန်ကုန်တိုင်းတရားလွှတ်တော်တွင် လျှောက်လဲချက်တင်သွင်းသွားရမည်ဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ကို တရားပြိုင်အဖြစ် ထည့်သင့်၊ မထည့်သင့်ကို တရားသူကြီးက ဆုံးဖြတ်သွားမည်ဖြစ်သည်။

Show More

Related Articles

Back to top button