တိုးရစ်ဘားမား အဆောက်အအုံ အငြင်းပွားမှု ရန်ကုန်တိုင်းအစိုးရကို တရားပြိုင်အဖြစ်တင်သွင်း

ရန်ကုန်စည်ပင်ပိုင်ဆိုင်မှုအောက်တွင် မရှိသည့် ထိုအဆောက်အအုံကို ပြင်ဆင်ရန် တိုင်းအစိုးရက ကျပ် ၁၉၂ သန်းကျော် သုံးစွဲခဲ့သဖြင့် ပြည်သူ့ဘဏ္ဍာငွေ နစ်နာဆုံးရှုံးသည်ဟု တိုင်းလွှတ်တော်ကော်မတီ ဥက္ကဋ္ဌ ဒေါ်စန္ဒာမင်းက ဝေဖန်သည်။

Published on Feb 7, 2020

ရန်ကုန်မြို့ ဆူးလေဘုရားလမ်းပေါ်ရှိ တိုးရစ်ဘားမားအဆောက်အအုံ ပိုင်ဆိုင်မှု အငြင်းပွားမှုတွင် တရားစွဲထားသည့် မူလပိုင်ရှင်မိသားစုဆိုသူက တရားပြိုင်စာရင်းတွင် တိုင်းဒေသကြီးအစိုးရကိုပါ ထည့်သွင်းပေးရန် တိုင်းဒေသကြီးတရားလွှတ်တော်ကို ပြီးခဲ့သည့်လက လျှောက်ထားခဲ့သည်ဟု တရားလိုရှေ့နေက ပြောသည်။

မူလပိုင်ရှင်ဆိုသူ မုဟမ္မဒ် အီဘရာဟင် မန်နီး မိသားစုသည် ထိုအဆောက်အအုံကို ပြုပြင်ရေးလုပ်ငန်းများ လုပ်ခဲ့သည့် ရန်ကုန်မက်ထရို ပိုလီတန်ကုမ္ပဏီကို ပြီးခဲ့သည့်နှစ် ဧပြီလက စတင် တရားစွဲဆိုခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ညွှန်ကြားချက်အရ ထိုသို့ဆောင်ရွက်ရခြင်းဖြစ်သည်ဟု ကုမ္ပဏီက တရားရုံးတွင် ထုချေချက် တင်သွင်းခဲ့သဖြင့် တိုင်းအစိုးရကိုပါ တရားပြိုင်ထည့်သွင်းပေးရန် လျှောက်ထားရခြင်းဖြစ်သည်ဟု တရားလွှတ်တော်ရှေ့နေ ဦးကျော်ငြိမ်းက Myanmar Now ကို ပြောသည်။

အဆောက်အအုံကို ထိန်းသိမ်းစီမံခန့်ခွဲခွင့် ရရှိစေရန်နှင့် နစ်နာကြေးငွေ ကျပ်သိန်းငါးသောင်း ရရှိစေရန် ရန်ကုန်မက်ထရို ပိုလီတန်ကုမ္ပဏီကို တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။

“အစိုးရက လွှဲအပ်လို့၊ ခိုင်းစေလို့၊ ညွှန်ကြားလို့ တစ်ခုခုပေါ့(ကုမ္ပဏီဘက်က) အဲဒီလိုပြောလာတော့ နစ်နာသူ ပိုင်ရှင်အစစ်အမှန် ဖြစ်တယ်လို့ ခံယူထားသူ ဦးဘီလားဘက်က ဒါဆိုရင်တော့ အဲဒီအစိုးရအဖွဲ့ကိုလည်း တရားပြိုင်အဖြစ် ထည့်ပေးပါဆိုလို့ တရားရုံးကို တရားဝင်လျှောက်လွှာတင်ပြီးပြီဗျ” ဟု ဦးကျော်ငြိမ်းက ပြောသည်။

ယခုအမှုတွင် ရန်ကုန်တိုင်းအစိုးရ ပါဝင်လာမည်ဆိုပါက စာရင်းစစ်ချုပ်အစီရင်ခံစာပါ အချက်များကြောင့် ဝေဖန်မှုများမြင့်တက်နေသည့် တိုင်းအစိုးရအတွက် နောက်ထပ် ထိုးနှက်ချက်တစ်ခု ဖြစ်လာမည်ဖြစ်သည်။

အဆိုပါအဆောက်အအုံကို တိုင်းဒေသကြီးအစိုးရက ၎င်းတည်ထောင်ထားသည့် ကုမ္ပဏီအား ပြုပြင်စေခဲ့ရာ ရုံးဟောင်းပြုပြင်ခြင်း လုပ်ငန်းအတွက် ကျပ် ၁၉၂ ဒသမ ၃၆၃ သန်း သုံးစွဲထားကြောင်း ၂၀၁၇-၁၈ ဘဏ္ဍာနှစ် စာရင်းစစ်ချုပ်အစီရင်ခံစာတွင် ပါရှိသည်။

၎င်းအစီရင်ခံစာကို ဆွေးနွေးသည့်အခါ တိုင်းဒေသကြီး ဘဏ္ဍာရေး၊ စီမံကိန်းနှင့်စီးပွားရေးကော်မတီ ဥက္ကဋ္ဌ ဒေါ်စန္ဒာမင်းက ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီက အမှန်တကယ် ပိုင်ဆိုင်မှုမရှိသည့် စီမံကိန်းတစ်ခုအပေါ်တွင် သုံးစွဲထားခြင်းဖြစ်သည့်အတွက် ပြည်သူ့ဘဏ္ဍာငွေများစွာ နစ်နာဆုံးရှုံးနေရသည်ဟု ဆိုသည်။

ဆူးလေဘုရားလမ်းပေါ်ရှိ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ရုံးဟောင်းကို ၂၀၁၇ ခုနှစ် ဇွန်လတွင် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနမှ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့သို့ လွှဲပြောင်းပေးခဲ့ခြင်းဖြစ်သည်။

ယင်းအဆောက်အအုံကို ပြည်သူ့အိမ်ရာစီမံကိန်းများ ဦးစီးကော်မတီရုံး ဖွင့်လှစ်ရန်အတွက် ကြံ့ခိုင်မှုနှင့် ရှေးမူမပျက် ပြင်ဆင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ရန် ရန်ကုန်တိုင်းအစိုးရက ရန်ကုန်မက်ထရို ပိုလီတန်ကုမ္ပဏီ (Yangon Metropolitan Development Public Co., Ltd) ကို လုပ်ဆောင်စေခဲ့သည်။

ရန်ကုန်မက်ထရိုပိုလီတန် ကုမ္ပဏီ၏ ဥက္ကဋ္ဌနှင့် အတွင်းရေးမှူး တို့မှာလည်း ယင်းအဆောက်အအုံပိုင်ဆိုင်မှုအပေါ် တရားရုံးတွင် ဖြေရှင်းနေရကြောင်း ဒေါ်စန္ဒာမင်းက တိုင်းလွှတ်တော်တွင် ပြောသည်။

ရန်ကုန် မက်ထရိုပိုလီတန် ဖွံ့ဖြိုးတိုးတက်ရေးကုမ္ပဏီလိမိတက်မှာ အစိုးရနှင့်ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်ရေးမူအရ တိုင်းဒေသကြီးအစိုးရအဖွဲ့ ကိုယ်စားပြုဒါရိုက်တာ ၆ ဦး၊ မြန်မာ့ဆောက်လုပ်ရေးနှင့်ဖွံ့ဖြိုးရေး အများနှင့်သက်ဆိုင်သောကုမ္ပဏီ ကိုယ်စားပြုဒါရိုက်တာ ၅ ဦး တို့ဖြင့် ဖွဲ့စည်းထားခြင်းဖြစ်သည်။

Tourist Burma အဆောက်အအုံ (နောင်ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန အဆောက်အအုံ) ကို ၁၉၁၈ ခုနှစ် မေလတွင် မုဟမ္မဒ် အီဘရာဟင် မန်နီးက ဝယ်ယူ ထားခဲ့ခြင်းဖြစ်ပြီး ထိုအဆောက်အအုံကို မိသားစု သားစဉ်မြေးဆက် ထိန်းသိမ်းစီမံခန့်ခွဲခွင့်၊ အကျိုးခံစားနိုင်ရန် မြန်မာနိုင်ငံတရားဥပဒေ ပုဒ်မ ၁၃(၁)၊ အစ္စလာမ် တရားဥပဒေများနှင့်အညီ မိသားစု 'ဝကဖ်' (ဂေါပက) ဖွဲ့စည်းခဲ့ခြင်းဖြစ်ကြောင်း မြစ်တော်စပ်သူ ဦးဘီလားက ပြောသည်။ 

ဝကဖ်ဆိုသည်မှာ မွတ်စလင်တစ်ဦးက ၎င်းပိုင်ဆိုင်သည့် မြေယာ၊ အဆောက်အအုံစသည်ကို ပညာရေး၊ ဘာသာရေး၊ ပရဟိတ ကိစ္စတစ်ရပ်အတွက် ရည်စူးထားခြင်းဖြစ်ပြီး ဂေါပကအဖွဲ့က စီမံကွပ်ကဲကာ ရောင်းချခွင့်မရှိခြင်းကို ဆိုလိုသည်။

လွတ်လပ်ရေးရပြီးနောက် The Requisitioning Emergency Provisions Act 1947 (၁၉၄၇ ခုနှစ်အရေးပေါ်စီမံမှု ဥပဒေ) အရ အစိုးရက ထိုအဆောက်အအုံကို ရယူသုံးစွဲခဲ့ပြီး ၎င်းတို့ မိသားစုဂေါပကအား လစဉ်ငှားရမ်းခများ တရားဝင်ပြေစာဖြင့် ပေးအပ်ခဲ့ရာ ၂၀၀၈ ခုနှစ်ထိ ငှားရမ်းခများ ရရှိခဲ့ကြောင်း ၎င်းက ပြောသည်။

“ကျွန်တော်တို့ ပိုင်ဆိုင်မှု အစစ်အမှန်ဖြစ်တယ်ဆိုတာ ၁၉၁၈ ခုနှစ်ကတည်းက အဝယ်စာချုပ်၊ အစဉ်အလာအတိုင်း နောက်ဆုံးအထိ ပိုင်ဆိုင်မှုအထောက်အထား အကုန်လုံးရှိတယ်” ဟု ၎င်းက Myanmar Now ကို ပြောသည်။

၂၀၀၈ ခုနှစ်တွင် အစိုးရဝန်ကြီးဌာနရုံးများ ရန်ကုန်မြို့မှ နေပြည်တော်သို့ ပြောင်းရွှေ့သွားပြီးနောက် ယိုယွင်းပျက်စီးနေသည့် ထိုအဆောက်အုံကို ပြင်ဆင်လိုသည့်အတွက် ၎င်းတို့မိသားစုထံသို့ ပြန်လည်ပေးအပ်ရန် အစိုးရအား တောင်းဆိုခဲ့ကြောင်း၊ အဆောက်အအုံ ငှားရမ်းခကိုလည်း ဆက်လက်လက်ခံခြင်းမရှိတော့ကြောင်း ၎င်းက ပြောသည်။

၎င်းတို့ မိသားစုအနေဖြင့် နှစ်ပေါင်း ၇၀ ကျော် ကြာမြင့်ချိန်အထိ ကာလပေါက်ဈေးအတိုင်း ငှားရမ်းခများ မရရှိခဲ့သည့်အပြင် အစိုးရထံသို့လည်း အကြောင်းကြားစာပေါင်းများစွာ ပေးပို့ခဲ့ပြီး ၎င်းတို့မိသားစုပိုင် အဆောက်အအုံကို ပြန်လည်ရရှိရန် တောင်းဆိုခဲ့ကြောင်း၊ မထူးခြားလာသည့်အပြင် ၂၀၁၂ ခုနှစ်တွင် မြန်မာ့ရင်းနှီးမြှုပ်နှံမှုကော်မရှင်က ထိုအဆောက်အအုံကို အစိုးရပိုင်အဆောက်အအုံအဖြစ် လေလံတင်ရောင်းချရန် ကြိုးပမ်းခဲ့သည့်အတွက် ကန့်ကွက်ခဲ့ရကြောင်း၊ တရားစွဲဆိုရခြင်းမှာလည်း နောက်ဆုံးအခြေအနေဖြစ်၍ တရားစွဲဆိုရခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။

“နိုင်ငံသားတစ်ယောက်အနေနဲ့ ခံစားရတာကတော့ နိုင်ငံတော်က လိုအပ်တဲ့အချိန်မှာ ကျွန်တော်တို့က ဘာမှ မတောင်းဆိုခဲ့ဘူး။ ခုလို ဒီမိုကရေစီအစိုးရလက်ထက်မှာ ကျွန်တော်တို့မိသားစုရဲ့ ရပိုင်ခွင့်အတိုင်း ပြန်ပြီး လွှဲပြောင်းယူချင်ပါတယ်” ဟု ၎င်းက ပြောသည်။

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ရုံးဟောင်းအဆောက်အအုံ ပိုင်ဆိုင်မှုတွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ကို တရားပြိုင်အဖြစ် ရန်ကုန်တိုင်းတရားလွှတ်တော်သို့ တင်သွင်းထားသည့် အမှုကို ယခုလ ၁၈ ရက်နေ့တွင် ရန်ကုန်တိုင်းတရားလွှတ်တော်တွင် ဆက်လက်ကြားနာသွားမည်ဖြစ်သည်။

 

 

“တပ်မတော်ထဲမှာ ပြည်သူလူထု အကျိုးစီးပွားကို အကာအကွယ်ပေးချင်တဲ့ တပ်မတော်သားတွေ ရှိလိမ့်မယ်လို့ ကျွန်မယုံကြည်ချင်ပါတယ်။ သက်သေပြကြပါ။ လူတစ်စု၊ တစ်ဖွဲ့၊ တစ်ယောက်ရဲ့ အသုံးချခံ သမိုင်းအစဉ်လာကြီးကို အခုချိန်မှာ ချိုးဖောက်ပြီး ပြည်သူလူထုနဲ့ ပူးပေါင်းပါ။...

Published on Mar 19, 2021
ရန်ကုန်မြို့တွင် ဖေဖော်ဝါရီ ၁၆ က အာဏာသိမ်းစစ်ကောင်စီ လက်နက်ကိုင်များကို ဆန္ဒပြသူအချို့က ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) ကို ထောက်ခံကြောင်း ဆန္ဒထုတ်ဖော်ပြသနေစဉ်။ 

ဖက်ဒရယ်ပြည်ထောင်စုတည်ထောင်ရန် တိုင်းရင်းသားလက်နက်ကိုင်များ၊ နိုင်ငံရေးပါတီများနှင့် သပိတ် ကော်မတီဝင်များနှင့် ဆွေးနွေးနေမှုသည် ၈၀ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ (NLD) တင် ရွေးကောက်ခံအမတ်တစ်ဦးဖြစ်သူ ဒေါ်ဇင်မာအောင်က ပြောကြားလိုက်သည်။ 

“အခုလို အခြေနေမျိုးမှာ ဘယ်လိုမျိုး စုစုစည်းစည်းနဲ့ ဆောင်ရွက်လို့ရမလဲဆိုတာ ဆွေးနွေးနေပါတယ်။ ကျွန်မတို့ စုစည်းညီညွှတ်တဲ့အသံတစ်ခု ထွက်လာအောင် ကြိုးစားနေပါတယ်။ ၈၀ ရာခိုင်နှုန်းလောက် ပြီးစီးနေပါပြီ" ဟု ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) က ခန့်အပ်ထားသည့် ခေတ္တ နိုင်ငံခြားရေးဝန်ကြီးလည်းဖြစ်သူ ဒေါ်ဇင်မာအောင်က ဆိုသည်။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီသည်  အင်အားကြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ဖြစ်သည့် ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)နှင့် ကချင်လွတ်လပ်ရေးတပ်မတော်(KIA) အပြင် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခတ်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ထိုးထားသည့် တိုင်းရင်းသား ၁၀ နှင့် ဆွေးနွေးလျက်ရှိသည်ဟု ၎င်းက ဆိုသည်။ 

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးအတွက် တိုင်းရင်းသားနိုင်ငံရေးပါတီများနှင့်လည်း တစ်ဖွဲ့ချင်းဖြစ်စေ၊ အစုအဖွဲ့အလိုက်ဖြစ်စေ ဆွေးနွေးလျက်ရှိသည်ဟု ဒေါ်ဇင်မာအောင်က ပြောသည်။ 

“အတိတ်ကာလ အတွေ့အကြုံအားဖြင့် သံသယတွေ ကျန်တာရှိတယ်။ အဲဒီသံသယတွေကိုလည်း ကျွန်မ တို့တွေ ချေဖျက်ရတာရှိတယ်။ အလုပ်လုပ်ရင်းနဲ့ ယုံကြည်မှုတွေ တည်ဆောက်နေရတာရှိတယ်။ တဖြည်းဖြည်းနဲ့တော့ ကျွန်မတို့ကြားမှာ Common Ground ကလည်း ရနေပြီ။ ၁၀၀ ရာခိုင်နှုန်း တစ်စုတစ်စီးတည်းဖြစ်ဖို့၊ သဘောတွေ တူညီဖို့၊ အပ်ကျမတ်ကျဖြစ်ဖို့ဆိုတာကတော့ သဘာဝ မကျပါဘူး။ သို့သော် ဒီကြားထဲက  ကျွန်မတို့ ဘယ်လိုပေါင်း စပ်ညှိနှိုင်းပြီးတော့ အတူတူ အလုပ်လုပ်သွားကြမလဲဆိုတဲ့အပေါ်မှာကတော့ ကျွန်မတို့ ကြိုးစားပမ်းစားတည်ဆောက်နေပါတယ်” ဟု ၎င်းက ပြောသည်။

တိုင်းရင်းသားနိုင်ငံရေးပါတီများ၊ လက်နက်ကိုင်အဖွဲ့များနှင့် သပိတ်ကော်မတီတို့နှင့် ဆွေးနွေး၍ ထွက်ပေါ်လာမည့် သဘောတူညီချက်များ၊ တာဝန်ခွဲဝေမှုများသည် အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရန် အခြေခံကောင်းများဖြစ်လာမည်ဟု ဒေါ်ဇင်မာအောင်က ဆိုသည်။

ထို့ပြင် CRPH အနေဖြင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေး၊ ဖက်ဒရယ်တပ်မတော် တည်ထောင်ရန် တိုင်းရင်းသားလက်နက်ကိုင်များ၊ နိုင်ငံရေးပါတီများနှင့် ပွင့်ပွင့်လင်းလင်းဆွေးနွေးလျက်ရှိသည်ဟု ဆိုသည်။

လွန်ခဲ့သည် ၅ နှစ်က NLD အစိုးရလက်ထက်၌ ကျင်းပခဲ့သည့် ၂၁ ရာစုပင်လုံတွင်မူ ဖက်ဒရယ်နှင့်ပတ်သက်၍ ကိစ္စများသည် စစ်တပ်၏ ကန့်ကွက်မှုကြောင့် ဆွေးနွေးခွင့်မရခဲ့ကြောင်း၊ လက်ရှိတွင် ဖက်ဒရယ် ဒီမိုကရေစီထူထောင်ချိန်တွင် ဖက်ဒရယ်တပ်မတော်ကိုပါ တည်ထောင်ရမည်ဖြစ်သောကြောင့် ဖက်ဒရယ်တပ်မတော် ပေါ်ပေါက်လာရေးကိုလည်း ဆွေးနွေးလျက်ရှိသည်ဟု ဆိုသည်။

“ဖက်ရယ်တပ်မတော်လို့ ပြောတာက ငါတို့သည် ဖက်ဒရယ်ပြည်ထောင်စုကို သွားတော့မယ်။ ဖက်ဒရယ် တပ်မတော်ကြီးအတွက်ဆိုရင် အခင်းအကျင်းတွေလိုအပ်တယ်။ တကယ့် professional ဖြစ်တဲ့၊ လက်နက် ကိုင်ထားတာဖြစ်တဲ့အတွက် ပိုပြီးတော့ ကျင့်ဝတ်တွေ စောင့်ထိန်းရတယ်။ ဒီကျင့်ဝတ်တွေနဲ့ သွားရမယ်။ ဒါတွေကို အကြမ်းဖက်မှုတွေ၊ မတည်မငြိမ်မှုတွေ၊ Chaos တွေနဲ့ ပုံဖျက်လာနိုင်ပါတယ်။ ဒါတွေကို သတိထားဖို့ လိုတယ်။  တကယ့် professional တပ်မတော်သည် ဘယ်တော့မှ မရမ်းကားဘူး ”ဟု ဒေါ်ဇင်မာအောင်က ဆိုသည်။

ဖက်ဒရယ်တပ်မတော်ရန် ကြိုးပမ်းခြင်းသည် ပြည်သူလူထုနှင့် တိုင်းပြည်ကို အကာအကွယ်ပေးမည့် တပ်မတော်ကိုထူထောင်ရန် ဆောင်ရွက်နေခြင်းဖြစ်ပြီး အကြမ်းဖက်မှုများကို ဖန်တီးလာမည့်သူများ၏ အန္တရာယ်ကို သတိထားရန် လိုအပ်ကြောင်းလည်း ၎င်းက ဆိုသည်။ 

“ပြည်သူတွေရဲ့ မလုံခြုံမှု၊ ဖိနှိပ်ခံတာတွေ ပိုတိုးလာတယ်။ ဒါက ဘာလဲဆိုရင် ပြည်သူကို အကာအကွယ် ပေးမယ်ဆိုပြီး သစ္စာဆိုခဲ့ကြတဲ့၊ ငါတို့သည် နိုင်ငံတော်နဲ့ နိုင်ငံသားတို့အပေါ်မှာ သစ္စာစောင့်သိရိုသေပါ မည်ဆိုပြီး မိုးလင်းတိုင်း တပ်ထဲမှာ သစ္စာဆိုထားရတဲ့သူတွေက သစ္စာမတည်တော့ဘူး။ သူတို့ကျင့်ဝတ်တွေကို လိုက်နာရမယ့်အစား ပြည်သူကို ခြောက်လှန့်တယ်။ အိပ်ကောင်းချင်းမအိပ်ရ၊ စားကောင်းချင်း မစားရဖြစ်အောင်လုပ်တယ်” ဟု ဒေါ်ဇင်မာအောင်က ပြောသည်။

ထို့အပြင် အာဏာသိမ်းစစ်ခေါင်းဆောင် တစ်ဦးတစ်ယောက်အကျိုးစီးပွားအတွက် အသုံးချမခံတော့ဘဲ ပြည်သူများနှင့်အတူ ပူးပေါင်းရန် စစ်သားများကိုလည်း ၎င်းက တိုက်တွန်းဖိတ်ခေါ်လိုက်သည်။

“တပ်မတော်ထဲမှာ ပြည်သူလူထု အကျိုးစီးပွားကို အကာအကွယ်ပေးချင်တဲ့ တပ်မတော်သားတွေ ရှိလိမ့်မယ်လို့ ကျွန်မယုံကြည်ချင်ပါတယ်။ သက်သေပြကြပါ။ လူတစ်စု၊ တစ်ဖွဲ့၊ တစ်ယောက်ရဲ့ အသုံးချခံသမိုင်းအစဉ်လာကြီးကို အခုချိန်မှာ ချိုးဖောက်ပြီး ပြည်သူလူထုနဲ့ ပူးပေါင်းပါ။ ပြည်သူလူထုအကျိုး စီးပွားကို ကာကွယ်မယ်ဆိုရင် ပြည်သူလူထုက ဂုဏ်ယူဝမ်းမြောက်စွာနဲ့ကြိုဆိုနေမှာပါလို့ တပ်မတော်သားကောင်းတွေကို ပြောချင်ပါတယ်” ဟု ဒေါ်ဇင်မာအောင်က ပြောသည်။

 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ကျည်အစစ်ဖြင့် ပစ်ခတ်ခံရသဖြင့် အသက် ၂၀  အရွယ် ကိုမျိုးလေးဆိုသူမှာ မျက်လုံးမှတဆင့် ဦးခေါင်းပွင့်ထွက်သည်အထိ ကျည်ထိမှန်သဖြင့် သေဆုံးခဲ့သည်ဟု မျက်မြင်များက ဆိုသည် 

Published on Mar 19, 2021

တောင်ဒဂုံမြို့နယ်တွင် ယနေ့ (မတ် ၁၉) ညနေပိုင်းက စစ်ကောင်စီ၏ လက်နက်ကိုင်များက ရပ်ကွက် အတွင်းအထိ ဝင်ရောက်ပစ်ခတ်မှုကြောင့်  အရပ်သားတစ်ဦးကျဆုံးခဲ့ကြောင်း မျက်မြင်များက ပြောသည်။

တောင်ဒဂုံမြို့နယ် ၂၂ ရပ်ကွက်ထိပ်ရှိ စစ်အာဏာရှင်ဆန့်ကျင်ရေးအထိုင်သပိတ်ကို စစ်ကောင်စီ၏ လက်နက်ကိုင်များက အကြမ်းဖက်ဖြိုခွင်းရာတွင် ရပ်ကွက်အတွင်းလမ်းထဲ အထိဝင်ကာ ကျည်အစစ်ဖြင့် ပစ်ခတ်သဖြင့် အသက် ၂၀  အရွယ် ကိုမျိုးလေးဆိုသူမှာ မျက်လုံးမှတဆင့် ဦးခေါင်းပွင့်ထွက်သည်အထိ ကျည်ထိမှန်သဖြင့် သေဆုံးခဲ့သည်ဟု မျက်မြင်များက ဆိုသည်။

“ဒိန်ချဉ်သည်အဖွားရဲ့ မြေးပါ။ သူ့အမေက နှလုံးရောဂါရှိတယ်။ ဖြစ်ဖြစ်ချင်းအချိန်တုန်းက သူက အဲ့ဒီနေရာမှာ မရှိဘူး။ ထကြွတဲ့အချိန်မှာ လူငယ်တွေနဲ့အတူတူလိုက်သွားတယ်။ ဝိုင်းရန်ပေးမယ်ဆိုတဲ့ စိတ်နဲ့သွားတယ်။ တကယ့်တကယ်နောက်ပြန်ဆုတ်တဲ့အချိန်မှာ ဖြစ်သွားတာ။ မျက်လုံးပါကျွတ်ထွက်သွား တယ် ” ဟု မျက်မြင်သက်သေတစ်ဦးက ဆိုသည်။

ယနေ့ ညနေ ၄ နာရီခန့်က စစ်ကောင်စီလက်နက်ကိုင်အင်အား ၅၀ ခန့်သည် အသံဗုံး၊ ရော်ဘာကျည်များ အပြင် ကျည်အစစ်ဖြင့်ပါ ပစ်ခတ်ကာ အထိုင်သပိတ်ကို စတင်ဖြိုခွင်းပြီး ထို့နောက်တွင် လက်နက်ကိုင်အင်အားတိုးမြင့်ကာ ရပ်ကွက်အတွင်းရှိနေအိမ်များကို အကြမ်းဖက်ပစ်ခတ်ဖမ်းဆီးခဲ့သည်ဟု ၎င်းက ဆိုသည်။

ဒလန်များ၏ သတင်းပေးမှုဖြင့် လက်နက်ကိုင်များသည် ရပ်ကွက်အတွင်းရှိ လူနာမည်နှင့် လိပ်စာ အတိအကျဖြင့် ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး အသက် ၁၄ နှစ်အရွယ် ကလေးငယ်တစ်ဦးကို ဆန္ဒထုတ်‌ဖော်ပွဲတွင် ပါဝင်သည်ဟုဆိုကာ ပေါင်ကို သေနတ်ဖြင့်ပစ်ခတ်ခဲ့သည်ဟုလည်း အထက်ပါ မျက်မြင်သက်သေက ပြောသည်။ 

လက်နက်ကိုင်များအ‌နေဖြင့် အထိုင်သပိတ်စစ်ကြောင်းမှ လူ ၂၀၊ ရက်ကွက်အတွင်းမှ ၁၀ ဦး စုစုပေါင်း အရပ်သား ၃၀ ကျော်ကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်ဟုလည်း ၎င်းက ပြောသည်။ 

စစ်ကောင်စီက အင်တာနက်ဖြတ်တောက်ထားခြင်းကြောင့် သပိတ်စစ်ကြောင်းများအနေဖြင့် လက်နက်ကိုင်များ လာရောက်ဖြိုခွင်းမည့်အခြေအနေကို မသိရသည့်အပြင် ဒလန်များ၊ သတင်းပေးများကြောင့် အိမ်လိပ်စာအတိအကျဖြင့် လာရောက်ဖမ်းဆီးခံနေရသည်ဟု စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားသူများ က ဆိုသည်။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ဒီပဲယင်းမြို့နယ်တွင် ရဲနှစ်ဦးသေဆုံးပြီးနောက် အခင်းဖြစ်ရာအနီးဝန်းကျင်ရှိ သပြေကုန်းနှင့် တည်တော ရွာတွင် စစ်တပ်က တပ်စွဲထားရာ ရွာ ၅ ရွာမှဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရသည်

Published on Mar 19, 2021
ဒီပဲယင်းမြို့နယ် တည်တောကျေးရွာတွင် ပြီးခဲ့သည့်လအတွင်းက စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒထုတ်ဖော်ခဲ့ကြစဉ်။

စစ်ကိုင်းတိုင်းဒေသကြီး၊ ဒီပဲယင်းမြို့နယ်ရှိ သပြေကုန်းနှင့် တည်တောကျေးရွာတွင် စစ်တပ်က တပ်စွဲ ထားသဖြင့် ရွာခံများအနေဖြင့် အနီးအနားကျေးရွာများသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။ 

ဒီပဲယင်းမြို့နယ်တွင် တည်တောနှင့် သပြေကုန်းရွာအနီး ကားလမ်းမတွင် ယမန်နေ့ (မတ် ၁၈) ရဲနှင့် ရပ်ရွာ လူထု ထိပ်တိုက်တွေ့ဆုံခဲ့ရာ ရဲနှစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရရှိခဲ့ပြီးနောက် စစ်ကောင်စီ လက်နက်ကိုင်များက တပ်စွဲလာခြင်းဖြစ်သည်။ 

သပြေကုန်း၊ တည်တောအပြင် ရွာနီးချုပ်စပ်ဖြစ်သည့် အုဌ်ဆည်၊ သရက်ကန်နှင့် ချောင်းနီးတိုရွာမှ ဒေသခံများသည်လည်း ထွက်ပြေးတိမ်းရှောင်နေရကြောင်း ရွာခံများနှင့် ဒီပဲယင်းမြို့ခံများက သတင်းပေးပို့လာ သည်။ 

ယမန်နေ့ ညဉ့်ဦးပိုင်း ၁ နာရီခန့်တွင် သပြေကုန်းရွာသို့ အင်အား ၁၈၀ ခန့်သည် စစ်ကား ၁၃ စီးဖြင့် ဝင်ရောက်လာပြီး ဘုန်းကြီးကျောင်းနှင့် မူလတန်းစာသင်ကျောင်းအတွင်း တပ်စွဲခဲ့ခြင်းကြောင့် နံနက် ၄ နာရီခန့်တွင် ရွာခံများထွက်ပြေးတိမ်းရှောင်ခဲ့ရသည်ဟု ဒေသခံက ပြောသည်။ 

“တကယ့် စစ်မြေပြင်ကြီးလိုပဲ။ မနက် ၄ နာရီမှာ ကိုယ့်အထုပ်ကလေးတွေ၊ နွားလေးတွေ ဆွဲပြီး သွားကြတယ်” ဟု ထွက်ပြေးတိမ်းရှောင်သူများတွင်ပါဝင်သူ ဒေသခံ ပြောသည်။ 

စစ်သားများက အန္တရာယ်မပြုကြောင်း ပြော၍ အေးအေးဆေးဆေးနေရန် ပြောသော်လည်း ရွာသားများက ပြောင်းရွေ့ခြင်းဖြစ်သည်ဟု ၎င်းက ဆက်လက်ပြောသည်။ 

ရွာသားများပြောင်းရွေ့ပြီးနောက် စစ်သားများသည် လူမနေသည့် နေအိမ်အလွတ်များတွင် နေရာယူနေထိုင်ကြပြီး အိမ်ခြေ ၁၃၀၊ ခန့်မှန်း လူဦးရေ ၁၈၀ ရှိသော သပြေကုန်းရွာတွင် သက်ကြီးရွာအိုနှင့် မရွေ့ပြောင်းနိုင်သည့် ခန့်မှန်း လူ ၈ ဦးခန့်သာကျန်ရှိခဲ့ကြောင်း အဆိုပါရွာခံက ပြောသည်။  

သပြေကုန်းကျေးရွာ၌ တပ်စွဲထားသော လက်နက်ကိုင်တပ်ဖွဲ့များသည် ရွာအတွင်း ထွက်ပြေးတိမ်းရှောင် ခြင်းမရှိသေးဘဲ ကျန်ရစ်သည့် ကုန်စုံဆိုင်မှ ပစ္စည်များလုယက်ခဲ့သည့်အပြင် ရွာအနေဖြင့် ၎င်းတို့အတွက် ဝက်တစ်ကောင်ပေးရမည်ဟု တောင်းဆိုခဲ့ကြောင်း ယနေ့ည ၇ နာရီခွဲခန့်တွင် ရွာခံများက ဆက်သွယ်ပြော ကြားလာသည်။ 

တည်တောရွာတွင် ယမန်နေ့ညနေပိုင်းကတည်းက စစ်ကား ၁၅ စီးသည် သေနတ် တစ်ဒိုင်းဒိုင်းပစ်ဖောက် ဝင်ရောက်လာသဖြင့် ရွာသားများ ညတွင်းချင်းဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ရကြောင်း တည်တောဒေသခံတစ်ဦးက ပြောသည်။ 

ရွာသားများက  အကာအကွယ်ယူ၍ ထွက်ပြေးတိမ်းရှောင်ရန် ပြင်ဆင်နေချိန်တွင် စစ်ကားငါးစီး ရွာဂိတ်သို့ ရောက်၍ သေနတ်တရစပ် ပစ်ဖောက်နေသဖြင့် နောက်ထပ် စစ်ကား ၁၀ စီးရောက်ရှိကာ ရွာထဲဝင်လာချိန်တွင်တော့ ညတွင်းချင်းရွေ့ပြောင်းရကြောင်း အထက်ပါတည်တောရွာခံက ဆိုသည်။ 

“တစ်ချို့လည်း ကလေးပိုက်၊ တစ်ချို့လည်း ဆန်ထုတ်ထမ်းပြီး ပြေးရတာ။ အဝတ်အစားထုတ်တွေနဲ့ နီးစပ်ရာ နီးစပ်ရာပေါ့။ မီးတောင် မထိုးရဲဘူး။ ဆိုင်ကယ်မီးလေးတောင် ဟိုတစ်စုဒီတစ်စုလေးပဲ ထိုးပြီးသွားရတာ၊ အသက်ဘေးလုပြေးရတဲ့သဘောမျိုး” ဟု ၎င်းက ဆိုသည်။ 

ယနေ့ (မတ် ၁၉) တွင် စစ်တပ်က တည်တောရွာ အနောက်ဘက်တွင် တပ်စွဲထားပြီး အိမ်ခြေ ၆၀၀ ခန့်ရှိသည့် အဆိုပါရွာတွင် ရွာခံတစ်ဦးမျှ မရှိတော့ကြောင်း အဆိုပါတည်တောရွာခံက ဆိုသည်။ 

ယမန်နေ့တွင် ဒီပဲယင်း၊ မူးကမ်းကြီးရွာ ရဲစခန်းတာဝန်ခံနှင့် တပ်ဖွဲ့ဝင် နှစ်ဦးသည် မြို့နယ်တရားရုံးသို့ ရဲလုပ်ငန်းဆောင်ရွက်ရန် သွားစဉ် ဖုတ်ထန်းတောရွာအနီး လူ ၁၀၀ ခန့်က လူစုလူဝေးဖြင့် အကြမ်းဖက်၍ တပ်ဖွဲ့ဝင်နှစ်ဦး ပွဲချင်းပြီးသေဆုံးပြီး တာဝန်ခံတစ်ဦး ဓားဒဏ်ရာ ၇ ချက်ဖြင့် ဆေးကုသမှု ခံယူနေရကြောင်း အကြမ်းဖက်စစ်ကောင်စီ၏ ပြန်ကြားရေးဌာနက ထုတ်ပြန်သည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading