
ကချင်ပြည်နယ်မှ မန္တလေးမြို့ဘက်သို့ ပြန်ဆင်းလာသည့် ကားအစီး ၄၀ ကျော်ပါ စစ်ယာဉ်တန်းကို ပြင်ဦးလွင်ခရိုင်တွင် ဒေသခံကာကွယ်ရေးအဖွဲ့များက နှစ်ရက်ဆက် မိုင်းခွဲတိုက်ခိုက်ခဲ့သည်ဟု သိရသည်။
စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့ကို ဖြတ်သန်းပြီးနောက် မန္တလေးတိုင်း၊ ပြင်ဦးလွင်ခရိုင်၊ သပိတ်ကျင်းမြို့နယ်၊ တကောင်းတိုက်နယ်သို့ ရောက်လာသည့် စစ်ယာဉ်တန်းလာမည့်လမ်းတွင် လုံခြုံရေးယူပေးနေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့ကို မတ် ၂၇ ရက်နေ့က နေရာ ၃ နေရာတွင် ပြောက်ကျားတိုက်ခိုက်ခဲ့သည်ဟု သိရသည်။
မတ် ၂၈ တွင်လည်း အမှတ် (၁၃) လေ့ကျင့်ရေးတပ်မှ ကား ၆ စီးက ယာဉ်တန်းအတွက် လုံခြုံရေးယူပေးနေစဉ် သပိတ်ကျင်းမြို့နယ်၊ မြနန္ဒာကျေးရွာအနီး မိုင်း ၄ လုံးဖြင့် တိုက်ခိုက်ခံရသည်။
ထို့နောက် အဓိကပစ်မှတ်ဖြစ်သည့် စစ်ယာဉ်တန်း ရောက်လာစဉ် ပြင်ဦးလွင်ခရိုင်အတွင်းရှိ သပိတ်ကျင်းနှင့် စဉ့်ကူးမြို့နယ်များတွင် အခြေစိုက်သော ဒေသခံကာကွယ်ရေးအဖွဲ့များ၊ ခရိုင်နှင့် မြို့နယ်အဆင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) များက မတ် ၂၉ နှင့် ၃၀ တို့တွင် နှစ်ရက်ဆက် တိုက်ခိုက်ခဲ့ကြသည်။
သပိတ်ကျင်းမြို့နယ် တကောင်းတိုက်နယ် ရွာလယ်ချောင်းတံတားအနီး မိုင်း ၂ လုံး၊ မိုးကောင်းဘုရားအနီး မိုင်း ၆ လုံး အသုံးပြုခဲ့ကြောင်း တကောင်းပကဖမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
“ပထမတိုက်ခိုက်မှုက ကားတစ်စီးကို လုံးဝထိမှန်ပျက်စီးသွားစေခဲ့တယ်။ နောက်တစ်နေရာမှာလည်း အလားတူပဲ၊ တိုက်ရိုက်ထိမှန်အောင် လုပ်နိုင်ခဲ့တယ်။ နှစ်နေရာပေါင်း စစ် xxxx ၁၅ ကောင်လောက် ရလိုက်တယ်” ဟု သူက ဆို သည်။
စဉ့်ကူးမြို့နယ်မြောက်ပိုင်းတွင် ၅ လုံးတွဲ ပဒေသာမိုင်းဖြင့် တစ်ကြိမ်၊ ၃ လုံးတွဲပဒေသာမိုင်းဖြင့် တစ်ကြိမ် တိုက်ခိုက်ရာ ယာဉ်တန်းပါ ကားနှစ်စီး ထိမှန်ခဲ့သည်၊ ထိခိုက်သွားသူများကို စဉ့်ကူးမြို့တွင်းမှ လူနာတင်ကား ၄ စီးက လာရောက်သယ်ဆောင်သွားသည်ကို တွေ့မြင်ခဲ့ရသည်ဟု စဉ့်ကူးမြို့နယ် ပကဖတာဝန်ခံက ဆိုသည်။
“ကျွန်တော်တို့မြို့နယ်ထဲမှာကို တိုက်ခိုက်မှုတွေက များတယ်၊ မြောက်ပိုင်းမှာရော၊ ကျွန်တော်တို့ကိုင်တဲ့ တောင်ပိုင်းမှာရောပါပဲ။ ယာဉ်တန်းကတော့ အတွဲလိုက် ဆက်ပြီးသွားနေတာပါ။ ယာဉ်တန်းတိုက်ခိုက်ခံရတော့ စဉ့်ကူး၊ သပိတ်ကျင်းနယ်တွေထဲက xxx တပ်တွေက ကားတွေနဲ့ ထွက်ကာပေးတာမျိုးလည်း ရှိတယ်။ ကျွန်တော်တို့အပိုင်းမှာဆို ၆ စီးလောက်နဲ့ ထွက်ကာတယ်၊ ပစ်ခတ်တိုက်ခိုက်တယ်” ဟု သူက ဆိုသည်။
ထိုတိုက်ခိုက်မှုများကို တကောင်းတိုက်နယ်တွင် တကောင်းပကဖ၊ သပိတ်ကျင်းနယ်တွင် ပြင်ဦးလွင်ခရိုင်ပကဖ (ဗိုလ်လင်းယုန်တပ်ဖွဲ့)၊ စဉ့်ကူးမြို့နယ်မြောက်ခြမ်းတွင် ပြင်ဦးလွင်ခရိုင်ပကဖ (ဗိုလ်ကောင်းကင်တပ်ဖွဲ့)၊ တောင်ပိုင်းတွင် စဉ့်ကူးပကဖနှင့် ဒေသတွင်းမဟာမိတ်တပ်ဖွဲ့များက ပြုလုပ်ခဲ့ကြခြင်း ဖြစ်သည်။
တိုက်ခိုက်မှုများကြားမှပင် အဆိုပါ စစ်ကောင်စီ၏ ယာဉ်တန်းမှာ မတ္တရာမြို့ကို ဖြတ်ကျော်ကာ မန္တလေးမြို့သို့ ဆက်လက်ထွက်ခွာသွားသည်ဟု သိရသည်။
ထိုတိုက်ခိုက်မှုများအတွင်း အနည်းဆုံး စစ်သား ၂၀ ခန့် သေဆုံးနိုင်သည်ဟု ဒေသခံကာကွယ်ရေးအဖွဲ့များက ခန့်မှန်းထားသည်။
ထိုအရေအတွက်နှင့် ပတ်သက်ပြီး Myanmar Now အနေဖြင့် သီးခြားအတည်မပြုနိုင်ပေ။
စစ်ကောင်စီကလည်း ၎င်း၏ တပ်ဖွဲ့ဝင်များ သေဆုံးမှုအခြေအနေကို ထုတ်ပြန်လေ့မရှိသလို သတင်းစာ နာရေးကြော်ငြာတွင်ပင် ဖော်ပြခြင်း မရှိပေ။
မတ်လ ၁၀ ရက်နေ့က မန္တလေးမြို့မှ ရိက္ခာ၊ လက်နက်ခဲယမ်း တင်ဆောင်လာသည့် မော်တော်ယာဉ် ၄၁ စီးပါ စစ်ယာဉ်တန်းသည် ကချင်ပြည်နယ်အခြေစိုက်တပ်များထံ သွားရောက်ခဲ့ပြီး မတ်လနောက်ဆုံးပတ်တွင် ကျောက်စိမ်းများတင်ဆောင်ကာ ပြန်ဆင်းလာခြင်းဖြစ်သည်ဟု ဒေသအခြေစိုက်ကာကွယ်ရေးအဖွဲ့များက ယူဆထားသည်။
စဉ့်ကူးမြို့နယ်အတွင်း အခြားတိုက်ခိုက်မှု
ပြီးခဲ့သည့် မတ် ၂၉ ရက်က စဉ့်ကူးမြို့နယ်မှ ဧရာဝတီမြစ်တစ်ဘက်ကမ်း ရွှေဘိုမြို့နယ်၊ ကျောက်မြောင်းမြို့ဘက်သို့ မောင်းနှင်သွားသည့် စစ်ကား ၇ စီးကို စဉ့်ကူးပကဖနှင့် ဒေသခံကာကွယ်ရေးအဖွဲ့ တစ်ဖွဲ့ဖြစ်သော ဥဒေါင်းမင်းပြောက်ကျားအဖွဲ့က တိုက်ခိုက်ခဲ့သည်။
သပိတ်ကျင်းနယ်နှင့် တစ်စပ်တည်းတွင် ရှိသည့် စဉ့်ကူးမြို့နယ် ခူလယ်ကျေးရွာ မြစ်ကူးတံတားအနီး ထိုကား ၇ စီးကို ယင်းနေ့ နံနက် ၁၁ နာရီဝန်းကျင်ခန့်တွင် ဥဒေါင်းမင်းပြောက်ကျားတပ်ဖွဲ့က ရှေ့ထွက်မိုင်း ၁၀ လုံးပါ ပဒေသာမိုင်းတွဲဖြင့် တိုက်ခိုက်ခဲ့သည်ဟု ထိုအဖွဲ့တာဝန်ခံက ဆိုသည်။
“ကား ၇ စီးမှာ ဒုတိယကားရဲ့ နောက်ပိုင်းကို ထိပြီး နောက်ခန်းထဲပါတဲ့ xxxxတွေ ထိတယ်။ တော်တော် နီးနီးကပ်ကပ်ကို ကပ်ပြီး (မိုင်း) ဆွဲခဲ့တာဖြစ်တဲ့အတွက် ကျွန်တော်တို့လည်း မြင်ခဲ့ရပါတယ်။ ၆ ယောက်လောက် ထိတာမှာ ၃ ယောက်သေတယ်လို့ ကျွန်တော်တို့ အတည်ပြုထားပါတယ်” ဟု သူက ပြောသည်။
တိုက်ခိုက်ခံရစဉ် ကားများ ခေတ္တရပ်တန့်ပြီး စစ်သားနှစ်ဦးခန့်က မောင်းပြန်သေနတ်ဖြင့် အနီးဝန်းကျင်ကို ပစ်ခတ်ကာ ကျောက်မြောင်းမြို့ဘက်သို့ ယာဉ်တန်း ဆက်သွားခဲ့သည်ဟု ဆိုသည်။
အာဏာသိမ်းတပ်သည် အင်းတော်၊ ကသာ၊ ထီးချိုင့်ဒေသများသို့ စစ်ကူ၊ လက်နက်ခဲယမ်းနှင့် ရိက္ခာ ပို့ဆောင်ရန်အတွက် စဉ့်ကူး၊ သပိတ်ကျင်း ဒေသများကို ဖြတ်သန်းကာ ဧရာဝတီမြစ်ကို ကူးပြီး သွားလာလေ့ရှိသည်။
ဧရာဝတီမြစ် အနောက်ဖက်ကမ်း ရွှေဘိုခရိုင် ဝက်လက်နှင့် စစ်ကိုင်းနယ်တို့ကို သွားလိုပါကလည်း စဉ့်ကူးမြို့နယ်မှတစ်ဆင့် မြစ်ကို ဖြတ်ကူးရတတ်သည်။
စစ်ကြောင်းသတင်းရလျှင် ဒေသတွင်း ပကဖများ၊ ပြောက်ကျားတပ်ဖွဲ့များက မိုင်းထောင် တိုက်ခိုက်လေ့ရှိသည်။
ပြင်ဦးလွင်၊ သပိတ်ကျင်း စသည့် ဒေသများသည် ကချင်လွတ်မြောက်ရေးတပ်မတော် (KIA)၊ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) စသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တို့၏ လှုပ်ရှားနယ်မြေနှင့် ဆက်စပ်နေသောကြောင့် ဒေသခံတချို့သည် ထိုအဖွဲ့များထံတွင် စစ်ပညာသင်ယူထားသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)