
(နေပြည်တော်) — ကာလရှည်ဖြစ်ပွားနေတဲ့ လက်နက်ကိုင် ပဋိပက္ခတွေ အဆုံးသတ်ပြီး ဒီမိုကရေစီနဲ့ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ပြည်ထောင်စု ဖြစ်လာရေးအတွက် ရည်ရွယ်ကျင်းပ နေတဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံ အစည်းအဝေးကို ၂ဝ၁၆ သြဂုတ်လ ကတည်းက ကျင်းပခဲ့တာ အခုဆို တတိယအကြိမ် အထိ ရှိလာပါပြီ။
တတိယအကြိမ် အစည်းအဝေးမှာအချက် ၁၄ ချက် ကို သဘောတူခဲ့ကြပြီး၊ ပြီးခဲ့တဲ့နှစ်က ကျင်းပတဲ့ ဒုတိယအကြိမ်တုန်းက အချက် ၃၇ ချက် သဘောတူခဲ့တဲ့အတွက် စုစုပေါင်း ၅၁ ချက် သဘောတူညီနိုင်ခဲ့ပါပြီ။
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကလာမယ့် ၂ နှစ်အတွင်း နောက်ထပ် ညီလာခံအနည်းဆုံး ၃ ကြိမ် ကျင်းပဖို့ ဆော်သြနေပြီး အဲ့ဒီအစည်းအဝေးတွေကနေ ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ် ကို အခြေခံတဲ့ပြည်ထောင်စုအတွက် အခြေခံမူတွေချမှတ်နိုင်ဖို့ မျှော်လင့်နေပါတယ်။
“ဘာတွေပဲဖြစ်လာဖြစ်လာ၊ ဘယ်လိုအခက်အခဲတွေပဲ ကြုံကြုံ ကျွန်မတို့အားလုံး လက်မလျှော့ဘူး၊ ပိုမိုခိုင်မာတဲ့ ခြေလှမ်းတွေကို ဆက်လက်လျှောက်လှမ်းသွားမယ်ဆိုတာ တစ်စည်းတစ်လုံးတည်း တစ်စိတ်တစ်ဝမ်းတည်း ပြသလိုက်တာပဲဖြစ်ပါတယ်” လို့ သူက ညီလာခံပိတ်ပွဲမှာ ခိုင်မာတဲ့လေသံနဲ့ ပြောပါတယ်။
၂၁ ပင်လုံညီလာခံ ပြည်ထောင်စုသဘောတူစာချုပ်တွေကနေ ထွက်ပေါ်လာမယ့် ဒီအခြေခံမူတွေဟာ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ပြီး နှစ် ၆၀ ကျော်ကြာ ပြည်တွင်းစစ်ကို ငြိမ်းချမ်းစေ နိုင်မလား၊ အခြေခံဥပဒေထဲက ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်အတွက် အဓိကမကျတဲ့ အချက်တွေကို ပြင်ဆင်ပေးပြီး တိုင်းရင်းသားလက်နက်ကိုင်တွေကို လက်နက်ချစေမယ့် နိုင်ငံရေး ထောင်ချောက်လား ဆိုတာကိုတော့ စောင့်ကြည့်ရမှာပါ။
နိုင်ငံတော် အတိုင်ပင်ခံရဲ့ ငြိမ်းချမ်းရေးသန္နိဋ္ဌာန်
၂၁ရာစု ပင်လုံညီလာခံတွေကိုကျင်းပနေရတဲ့ အဓိကအကြောင်းရင်းက ပြည်ထောင်စုသဘောတူစာချုပ်တွေ ချုပ်ဆိုပြီး ပြည်ထောင်စုလွှတ်တော်က အတည်ပြုနိုင်ဖို့ ဖြစ်ပါတယ်။
ပြည်ထောင်စုလွှတ်တော်ကအတည်ပြုလိုက်တဲ့ ပြည်ထောင်စုသဘောတူစာချုပ်ပါ အချက်အလက်တွေဟာ ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ရေးဆွဲရာမှာအရေးပါတဲ့ အခြေခံမူတွေဖြစ်လာမှာပါ။
ဒီလို ပြင်ဆင်ရေးဆွဲဖို့ကိုလည်း အစိုးရ၊ လွှတ်တော်၊ တပ်မတော်၊ တိုင်းရင်းသားလက်နက်ကိုင် ခေါင်းဆောင်တွေ လက်မှတ်ထိုးထားတဲ့ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ်ကလည်း သဘောတူထားပါတယ်။
NCA လို့ လူသိများတဲ့ ဒီစာချုပ်ကို ၂ဝ၁၅ခုနှစ် အောက်တိုဘာလ ၁၅ရက်နေ့က နေပြည်တော်မှာ နိုင်ငံတကာနဲ့ပြည်တွင်းကအသိသက်သေတွေ ရှေ့မှာချုပ်ဆိုခဲ့ကြတာဖြစ်ပါတယ်။
NCA လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ ၂၁ရာစု ပင်လုံတတ်နေတဲ့ နိုင်ငံရေးပါတီတွေကတော့အနာဂတ် ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုရဲ့ အခြေခံဥပဒေမှာပါဝင်မှာ ဖြစ်တဲ့အတွက် ၂၁ရာစု ပင်လုံညီလာခံတွေကအတည်ပြုမယ့် ပြည်ထောင်စုသဘောတူစာချုပ်တွေဟာ အရေးပါတယ်လို့ဆိုကြပါတယ်။
ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး ပူးတွဲကော်မတီ (UPDJC) အဖွဲ့ဝင်ဖြစ်တဲ့ ကချင်ဒီမိုကရေစီပါတီ ဥက္ကဋ္ဌ ဒေါက်တာမနာမ်တူးဂျာက နောက်ထပ် ကျင်းပမယ့် ညီလာခံ ၃ ခုပြီးရင်တော့ ၂ဝ၂ဝ ရွေးကောက်ပွဲဟာ ပြင်ဆင်ထားတဲ့ အခြေခံဥပဒေအောက်မှာ ကျင်းပတာမျိုး ဖြစ်လာနိုင်တယ်လို့ သုံးသပ်ပါတယ်။
ဘာကြောင့်လဲဆိုတော့ လာမယ့် ညီလာခံတွေမှာ နိုင်ငံရေးအရ အလားအလာရှိတဲ့ မူဝါဒတွေ ဆွေးနွေး သဘောတူနိုင်မယ့် လမ်းစတွေ ပိုရှိနေတယ်လို့ သူက ပြောပါတယ်။
“ဖက်ဒရယ် Principle (မူဝါဒ) ကုန်ပြီဆိုရင် ညီလာခံက ဆက်လုပ်စရာ မလိုပါဘူး။ ဖက်ဒရယ် Principle က သူ့အကန့်၊ အကန့်လိုက်ရှိတာကို။ အခုက ကဏ္ဍ ၅ ခု ရှိပါတယ်။ ကဏ္ဍ ၅ခုမှာ ဘောင်ဝင်တဲ့ ဖက်ဒရယ် မူဝါဒတွေ ချမှတ်နိုင်မယ်ဆိုရင် ညီလာခံဘာလုပ်တော့မလဲ။ အဲဒါကိုပြောတာပါ” လို့ ပြောပါတယ်။
ကဏ္ဍ ၅ခုဆိုတာက နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ မြေယာနှင့်သဘာဝပတ်ဝန်းကျင်၊ လုံခြုံရေး တို့ဖြစ်ပါတယ်။
ဒေါက်တာမနန်တူးဂျာကဒါဟာအစိုးရသစ်ရဲ့ ငြိမ်းချမ်းရေးသန္နိဋ္ဌာန်၊ နိုင်ငံရေးလမ်းပြမြေပုံ ဖြစ်တယ်လို့ ပြောပါတယ်။
“ရေးဆွဲထားတဲ့ Road Map (လမ်းပြမြေပုံ) အတိုင်း ဆိုရင်တော့ ၂ဝ၂ဝမတိုင်ခင်မှာ အပြီးပေါ့ ဆောင်ရွက်သွားမယ်။ ဖွဲ့စည်းပုံလည်း ရေးဆွဲမယ်။ ၂ဝ၂ဝရွေးကောက်ပွဲက ဖွဲ့စည်းပုံအသစ် နဲ့ ကျင်းပသွားမယ့် ရွေးကောက်ပွဲဖြစ်အောင် ဆိုတဲ့ Road Map ရှိတယ်” လို့သူကဆိုပါတယ်။
အနာဂတ် ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုရဲ့ ငြိမ်းချမ်းရေးနဲ့အခြေခံဥပဒေပြင်ဆင်ရေးမှာ မျှော်လင့်ချက်တွေ ရှိနေပေမယ့်လည်း လက်တွေ့မှာတော့ နိုင်ငံရေးကဏ္ဍ ဆွေးနွေးချက် တွေထဲမှာ ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်အတွက် အရေးပါတဲ့ အချက်တွေကို မဆွေးနွေးနိုင်သေးပါဘူး။
အားရစရာမရှိသေး
UPDJC အတွင်းရေးမှူးအဖွဲ့ဝင် ဦးစိုင်းကျော်ညွန့်က နိုင်ငံရေးကဏ္ဍ ဆွေးနွေးချက်တွေဟာ ယေဘုယျ ဆန်နေသေးတယ်လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ နှစ်က ပြုလုပ်ခဲ့တဲ့ ပင်လုံ ဒုတိယအစည်းအဝေးမှာ နိုင်ငံရေးကဏ္ဍ မူဝါဒ သဘောတူညီချက် ၁၂ချက် ချမှတ်နိုင်ခဲ့ပါတယ်။
ဒီ၁၂ချက်ထဲမှာ “နိုင်ငံတော်ကို ဒီမိုကရေစီနဲ့ဖက်ဒရယ် စနစ်ကို အခြေခံသော ပြည်ထောင်စု အဖြစ်ဖွဲ့စည်းရမည်” လို့ပါရှိပေမယ့် အခု တတိယအစည်းအဝေးမှာတော့ ဒီအချက်တွေနဲ့ ပတ်သက်ပြီး ပိုမိုတိကျတဲ့ အကြောင်းအရာ၊ အချက်အလက်တွေကို မဆွေးနွေးနိုင်သေးပါဘူး။
ဒီနှစ် တတိယအကြိမ်အစည်းအဝေးမှာတော့ ကျား/မ တန်းတူရေး တစ်ခုကိုပဲ ညီလာခံရဲ့ နိုင်ငံရေးကဏ္ဍ ၄ ချက်အဖြစ် သဘောတူညီနိုင်ခဲ့ပါတယ်။
နောက်တစ်ခုက ညီလာခံတတိယအကြိမ်ဖြစ်ပြီဆိုပေမယ့် လုံခြုံရေးကဏ္ဍကိုမဆွေးနွေးနိုင်သေးပါဘူး။ သုံးသပ်သူတွေကတော့လုံခြုံရေးကဏ္ဍမဆွေးနွေးနိုင်တာဟာ နိုင်ငံရေးကဏ္ဍမှာအရေးပါတဲ့ ဖက်ဒရယ် principle တွေ မချမှတ်နိုင်လို့ဖြစ်တယ်လို့လည်း သုံးသပ်ကြပါတယ်။
၂၁ရာစု ပင်လုံညီလာခံကို ပါဝင်သင့်ပါဝင်ထိုက်သူ တစ်ဦးအနေနဲ့ ရောက်ရှိဆွေးနွေးတဲ့ Myanmar Institute of Gender Studies (MIGS) ရဲ့ ဦးဆောင်ဒါရိုက်တာ ဒေါ်ခင်မမမျိုးက နိုင်ငံရေး ကဏ္ဍ ဆွေးနွေးပွဲတွေကနေ အရေးပါတဲ့ အချက်တချို့ ရလာရင် လုံခြုံရေးကဏ္ဍက အချက်ပေါင်းများစွာ ထွက်လာနိုင်တဲ့ အခြေအနေမှာ ရှိတယ်လို့ သုံးသပ်ပါတယ်။
“ နိုင်ငံရေးနဲ့သက်ဆိုင်တဲ့ ဆွေးနွေးချက်တွေ ခိုင်မာတိကျစွာ ပေါ်ထွန်းလာပြီဆိုရင်တော့ လုံခြုံရေးဘက်က အချက်တွေကလည်း ပိုမိုပြီးတော့ ဆွေးနွေးမှုတွေ အားကောင်းလာပါလိမ့်မယ်” လို့ သူက ပြောပါတယ်။
လုံခြုံရေးကဏ္ဍ ဆွေးနွေးနိုင်ပြီး သဘောတူညီချက်တွေ အတည်ပြုနိုင်ပြီဆိုုရင် ငြိမ်းချမ်းရေး ဖြစ်စဉ်ရှေ့ဆက်ဖို့ အများကြီး အထောက်အကူဖြစ်မှာပါ။
ဒီအချက်ကို နိုင်ငံတော် အတိုင်ပင်ခံကလည်းသူ့ရဲ့ မိန့်ခွန်းမှာထည့်သွင်းပြောကြားခဲ့ပါတယ်။
သူ့ရုံးက ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပိုပြီးထိရောက်တဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ ဖြစ်ဖို့အတွက် အပစ်ရပ် လက်မှတ်မထိုးရသေးတဲ့ လက်နက်ကိုင်တွေနဲ့ ညီလာခံအပြီး တွေ့ဆုံသွားမယ်၊ နိုင်ငံရေးဆွေးနွေးပွဲတွေရဲ့ မူဘောင်တွေကိုလည်း ပြင်ဆင်သွားမယ်လို့ ပြောပါတယ်။
“Time Line တိတိကျကျ သတ်မှတ်ချက်တွေနဲ့သွားမယ်၊ ပြီးရင် မူဘောင်ကိုလည်းတိတိကျကျ သွားမယ်ဆိုရင်တော့ ပိုပြီးထိရောက်တဲ့ ဆွေးနွေးမှုတွေ ဖြစ်လာမယ်” လို့ သူက ပြောပါတယ်။
UPDJC လုပ်ငန်းကော်မတီဝင် တစ်ဦးလည်းဖြစ်၊ ဇိုမီးဒီမိုကရေစီီအဖွဲ့ချုပ် ခေါင်းဆောင်တစ်ဦးလည်း ဖြစ်တဲ့ ဦးဇမ်ဇမုံက နောက်ထပ်ကျင်းပမယ့် ညီလာခံသုံးကြိမ်မှာအနာဂတ် ဖက်ဒရယ်ပြည်ထောင်စုအတွက် အရေးပါတဲ့ အခြေခံအုတ်မြစ်တွေ ချမှတ်ဖို့ ဆိုတာမလွယ်ကူဘူးလို့ ပြောပါတယ်။
“တကယ်တမ်းကတော့ အောက်ခြေမှာ ဆွေးနွေးမှုတွေ တစ်ခါတလေအခက်အခဲတွေရှိတာပေါ့။ သုံးကြိမ်မှာတော့ ပြတ်ဖို့က တော်တော် ခက်မယ်ထင်တယ်။ ဒါပေမယ့် ဖြစ်နိုင်အောင်တော့ ကြိုးစားရမှာပေါ့” လို့ ဇိုမီးပါတီရဲ့ပြောရေးဆိုခွင့်ရှိသူက ဆိုပါတယ်။
တပ်ချုပ်မိန့်ခွန်းနဲ့ လုပ်ထုံး၊ လုပ်နည်း ပြဿနာ
၂၁ရာစု ပင်လုံညီလာခံက ထွက်ပေါ်လာမယ့် ပြည်ထောင်စုသဘောတူစာချုပ်တွေဟာ ပြင်ဆင်ဖို့ ခက်ခဲလွန်းတဲ့ ၂ဝဝ၈ ဖွဲ့စည်းပုံကို ပြင်ဆင်နိုင်တယ်ဆိုပေမယ့်လည်းဥပဒေပါ ပေးထားချက်တွေ ကလည်းအငြင်းပွားဖွယ်ရာရှိပါတယ်။
NCA စာချုပ်ရဲ့ ပုဒ်မ ၂၂(ဃ)မှာတော့ “ပြည်ထောင်စုညီလာခံမှထွက်ပေါ်လာသည့် ဆုံးဖြတ်ချက်များအပေါ် အခြေခံပြီးဖွဲ့စည်းပုံအခြေခံဥပဒေအပါအဝင် ဥပဒေများကိုလိုအပ်သလို ပြင်ဆင်ခြင်း၊ ဖြည့်စွတ်ခြင်းနှင့် ပယ်ဖျက်ခြင်းများကို လုပ်ထုံး၊ လုပ်နည်းနှင့်အညီ ပြုလုပ်ရန် သဘောတူညီသည်” လို့ ပါရှိပါတယ်။
NCA စာအချုပ်မှာ ခြေဥပြင်ရေးအတွက် ဒီလိုအာမခံချက်တွေထားရှိပေမယ့်လည်း ၂၁ရာစုပင်လုံ တတိယအစည်းအဝေးရဲ့ ဖွင့်ပွဲမှာတော့ ကာကွယ်ရေးဦးစီးချုပ်က ၂ဝဝ၈ အခြေခံဥပဒေ ကို အခြေခံဥပဒေ မူဘောင်ထဲကသာ ပြင်ဆင်ရမယ်လို့ ပြောလာပြန်ပါတယ်။
တပ်ချုပ်ကြီးရဲ့ ဒီမိန့်ခွန်းကြောင့်လည်း နိုင်ငံရေးလေ့လာသူတွေ၊ သတင်းမီဒီယာသမားတွေနဲ ့ ပြည်သူလူထုတွေကြားထဲမှာ တော်တော်လေး ဂယက်ထသွားခဲ့ရပါတယ်။
၂ဝဝ၈ဖွဲ့စည်းပုံအခြေခံဥပဒေအတိုင်း ခြေဥကို ပြင်ဆင်ရမယ်ဆိုရင်တော့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် ၂ဝရာခိုင်နှုန်းက ခြေဥပြင်ဆင်ဖို့ လွှတ်တော်မှာတင်ပြရပါမယ်။
ကိုယ်စားလှယ် ၇၅ ရာခိုင်နှုန်းကျော်က ပြင်ဆင်ဖို့ ထောက်ခံပြီး ပြည်လုံးကျွတ် ဆန္ဒခံယူပွဲကနေ မဲပေးသူ ထက်ဝက်ကျော် ဆန္ဒမဲပေးပြီးမှသာ ပြင်ဆင်နိုင်မှာဖြစ်ပါတယ်။
လွှတ်တော်အတွင်းမှာ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းရှိတဲ့အတွက် တပ်မတော်သဘောထားမပါရင် လွှတ်တော်လမ်းကြောင်းကနေ ဒီမိုကရေစီနဲ့ဖက်ဒရယ်ပြည်ထောင်စုကို ကိုယ်စားပြုမယ့် အခြေခံဥပဒေတစ်ရပ်ပေါ်ပေါက်လာဖို့ဆိုတာ ခက်ခဲလွန်းပါတယ်။
ဒါ့ကြောင့် ခြေဥပြင်ဆင်ရေးကို အာမခံချက်ပေးထားတဲ့ NCA စာချုပ်ရဲ့ ပုဒ်မ ၂၂(ဃ) ပါအချက်တွေကို အဓိပ္ပာယ် ဖွင့်ဆိုဖို့က အရေးပါလာပါတယ်။
UPDJC အဖွဲ့ဝင်ဖြစ်သူ ပအိုဝ်းလက်နက်ကိုင်အဖွဲ့ PNLO ဥက္ကဋ္ဌ ခွန်မြင့်ထွန်းက အခြေခံဥပဒေ ပြင်ဆင်ရေးက နောက်တစ်ဆင့်ဖြစ်ပြီး ဖက်ဒရယ်အခြေခံမူဘောင်တွေ ချမှတ်နိုင်ရေးကို ဦးစားပေး ဖြစ်တယ်လို့ပြောပါတယ်။
ခွန်မြင့်ထွန်းကတော့ NCA ပုဒ်မ ၂၂ (ဃ)မှာပါတဲ့ လုပ်ထုံးလုပ်နည်းနဲ့ အညီဆိုတဲ့ အသုံးအနှုန်းဟာ ဥပဒေတွေပြင်ဆင်တာ၊ ပယ်ဖျက်ဖို့ကိုလုပ်ထုံးလုပ်နည်းတွေ ပြဋ္ဌာန်းပြီးညှိနှိုင်းဆောင်ရွက်ဖို့ ဖြစ်တယ်လို့ ဆိုပါတယ်။
“အခု ကျွန်တော်တို့ ညီလာခံတွေ ကျင်းပတယ်။ မူဘောင်တွေရေးဆွဲတယ်။ ထို့နည်းတူပဲ ဥပဒေတွေပြင်တာ ပယ်ဖျက်တာတွေဆိုတာလည်း လုပ်ထုံးလုပ်နည်းတွေကို ပြဋ္ဌာန်းညှိနှိုင်းကြရမှာပေါ့လေ” လို့ သူက ပြောပါတယ်။
လုပ်ထုံးလုပ်နည်း ဆိုတာနဲ့ ပတ်သက်ပြီး တိကျတဲ့ ညွှန်းဆိုမှုတွေတော့ မရှိသေးဘူးလို့ သူကပြောပါတယ်။
နိုင်ငံရေးလေ့လာသုံးသပ်သူဦးသန်းစိုးနိုင်က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ ဆက်ဆံရေး ကောင်းမွန်ပြီး ၂၁ရာစုပင်လုံညီလာခံကို လေ့လာစောင့်ကြည့်နေသူတစ်ဦးဖြစ်ပါတယ်။
၂ဝဝ၈ အခြေခံဥပဒေကိုဘယ်လို ပြင်ဆင်ကြမလဲဆိုတဲ့ အချက်မှာတော့ အစိုးရနဲ့ တပ်မတော်ကြားမှာ ကြီးမားတဲ့ သဘောထားကွဲလွဲချက်တွေ ရှိလာနိုင်တယ်လို့ သုံးသပ်ပါတယ်။
တပ်မတော်ရဲ့သဘောထားက ၂ဝဝ၈အခြေခံဥပဒေဟာ ဖက်ဒရယ်မူဘောင်တွေရှိတယ်လို့ ယူဆနေပြီး တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ နိုင်ငံရေးအင်အားစုတွေကတော့ ဆန့်ကျင်ဘက် အမြင်ရှိတယ်လို့ သူကသုံးသပ်ပါတယ်။
“ယေဘုယျပြင်မယ်လို့ ပြောတဲ့ သဘောထားအောက်မှာ တပ်မတော်က ဒီဖွဲ့စည်းပုံကို ဖက်ဒရယ်မူနဲ့ ကိုက်ညီအောင် ပြင်ဆင်ခွင့်ပေးမယ်လို့ ကျွန်တော်က မယူဆပါဘူး” လို့ ဦးသန်းစိုးနိုင်က ပြောပါတယ်။
UPDJC အတွင်းရေးမှူးအဖွဲ့ဝင် ကိုမင်းဇေယျာဦးကတော့ NCA စာချုပ်ဟာ ကာကွယ်ရေးဦးစီးချုပ်ကိုယ်တိုင် ပါဝင်နေတာကြောင့် ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်နိုင်ဖို့ လမ်းစဖြစ်တယ်လို့ ဆိုပါတယ်။
“သူက တခြားဟာတွေနဲ့ မတူဘူး။ ဒါက ပြည်ထောင်စုသဘောတူစာချုပ်ဖြစ်နေတယ်။ ဘာကြောင့်လဲဆိုတော့ NCA မှာ သဘောတူညီထားတာက တပ်မတော်ကိုယ်တိုင်ပါတယ်။ ကာကွယ်ရေးဦးစီးချုပ်ကိုယ်တိုင်ပါတယ်” လို့ ကိုမင်းဇေယျာဦးက မျှော်လင့်ချက်အပြည့်နဲ့ ပြောပါတယ်။ ။