ပညာရေး

ဖွံ့ဖြိုးရေးတက္ကသိုလ်ဝင်ခွင့်လျှောက်သူ ၄၄ ဦး ဗမာဖြစ်၍ ပယ်ချခံရ၊ ရှေ့နှစ်ပြန်လျှောက်နိုင်မည်ဟု ဒုဝန်ကြီးပြော

မှတ်ပုံတင်ပေါ်တွင် ဗမာလူမျိုး၊ ဗုဒ္ဓဘာသာဖြစ်၍ဟုဆိုကာ စစ်ကိုင်းမြို့ရှိ တိုင်းရင်းသားတက္ကသိုလ်မှ ပညာရေးဘွဲ့အတွက် ဝင်ခွင့်လျှောက်ထားသူ ၄၀ ကျော်ကို ပယ်ချခဲ့သည့် ကိစ္စနှင့်ပတ်သက်ပြီး ပညာရေးဝန်ထမ်းငါးဦးကို စာဖြင့်သတိပေးမည်ဟု သက်ဆိုင်ရာဝန်ကြီးဌာနက ပြောသည်။

၂၀၁၉-၂၀၂၀ ပညာသင်နှစ်အတွက် ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ်၌ ပညာရေးဘွဲ့ (B.Ed) ငါးနှစ်သင်တန်း တက်ရောက်ရန် ရှမ်းပြည်နယ်မြောက်ပိုင်း မဘိမ်းမြို့နယ်မှ လျှောက်ထားခဲ့သူ တက္ကသိုလ်ဝင်တန်းအောင် ၄၄ ယောက်စလုံးကို “ဗမာ” လူမျိုးဖြစ်၍ဟုဆိုကာ ခရိုင်ပညာရေးမှူးရုံးက အောက်တိုဘာလအတွင်း ပယ်ချခဲ့ခြင်းဖြစ်သည်။

ဒီဇင်ဘာ ၆ ရက်က ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် မဘိမ်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်မြင့်ရှိန်က ထိုကိစ္စအပေါ်မေးမြန်းခဲ့ရာတွင် အဆိုပါတက္ကသိုလ်ကို တိုက်ရိုက်ကိုင်တွယ်သည့် နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ်က ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။ နောက်လာမည့် ပညာသင်နှစ်တွင် အဆိုပါ ၄၄ ယောက်ကို ပြန်လည်လျှောက်ထားခွင့်ပြုမည်ဟုလည်း ဒုဝန်ကြီးက ပြောသည်။

ထို့အပြင် တိုင်းဒေသကြီးနှင့်ပြည်နယ်အလိုက် အချိုးကျ ခွဲဝေပေးထားပြီး မည်သည့်တိုင်းရင်းသားလူမျိုးဖြစ်ရမည်၊ မည်သည့်တိုင်းရင်းသားကို ရွေးချယ်ရမည်ဟု ခွဲခြားသတ်မှတ်ခြင်း၊ ညွှန်ကြားထားခြင်းမရှိဟု ဒုဝန်ကြီးက ဖြေကြားခဲ့သည်။

ဗမာလူမျိုးများ၏ လျှောက်လွှာများကို လက်မခံရဆိုသည့် ညွှန်ကြားချက်မရှိဘဲ ထိုသို့ညွှန်ကြားခဲ့သည့် ပြည်နယ်ပညာရေးမှူးရုံးမှ စာရေး ဦးအံ့ကျော်မောင်အပါအဝင် ခရိုင်ပညာရေးဝန်ထမ်း ၅ ဦးကို စာဖြင့် အသိပေးအရေးယူသွားမည်ဟု ဒုဝန်ကြီးက ပြောကြားခဲ့သည်။ မည်သည့်အချိန်တွင် ပေးမည်ကိုတော့ ထည့်သွင်း ပြောကြားခဲ့ခြင်းမရှိပါ။

စစ်ကိုင်းမြို့၌ ဖွင့်လှစ်ထားသည့် အဆိုပါတက္ကသိုလ်၏ ပညာရေးဘွဲ့တန်းဝင်ခွင့်အတွက် လျှောက်ထားသည့် မဘိမ်းမြို့နယ်မှ လျှောက်ထားသူ ၄၄ ဦး၏လျှောက်လွှာများကို ကျောက်မဲခရိုင်ပညာရေးမှူးရုံးသို့ ဆက်လက်ပေးပို့ရာ နိုင်ငံသားစိစစ်ရေးကတ်ပြားပေါ်၌ လူမျိုးနေရာတွင် ဗမာဖြစ်နေ၍ဟုဆိုကာ ပယ်ချခဲ့ခြင်းဖြစ်သည်ဟု မဘိမ်းမြို့နယ် ပညာရေးဦးစီးဌာန ဒုတိယ မြို့နယ်ပညာရေးမှူး ဦးသန်းလွင်ဦးက Myanmar Now ကို ပြောသည်။

“ကျွန်တော်တို့က လျှောက်လွှာကို လက်ခံပြီး ခရိုင်ကို ဖုန်းနဲ့ လှမ်းပြောတာပေါ့။ အဲ့ဒီတော့ မှတ်ပုံတင်မှာ ဗမာဖြစ်လို့ မရဘူးဆိုပြီး ပြောတာပေါ့။ အားလုံးလျှောက်ထားသူ ၄၄ ဦးစလုံးက ၁၃ မျဉ်းစောင်း(နဲ့) ဗမာတွေပဲ။ အကုန်အပယ်ခံရတာပေါ့” ဟု ဦးသန်းလွင်ဦးက ပြောသည်။

ယခုကဲ့သို့ လူမျိုးခွဲခြားရွေးချယ်ခြင်းနှင့် ပတ်သက်ပြီး လျှောက်ထားသူ ၄၄ ဦး အပယ်ခံရခြင်းကို အဆိုပါ တက္ကသိုလ်မှဆင်းသည့် ကျောင်းဆရာတစ်ဦးက လူမှုကွန်ရက် Facebook တွင် ရေးသားရာမှ သိရှိခဲ့ပြီး မြို့နယ်ပညာရေးမှူးကို ဖုန်းဖြင့် ဆက်သွယ်မေးမြန်းခဲ့သည်ဟု မဘိမ်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်မြင့်ရှိန်က ပြောသည်။

“ဖွံ့ဖြိုးရေးတက္ကသိုလ်အတွက်ဆိုပြီး နှစ်တိုင်းတော့ လျှောက်လို့ရတာပေါ့။ ဒီနှစ်မှာကျတော့ အဲ့ဒီဥစ္စာကို ဗမာ၊ ဗုဒ္ဓဖြစ်လို့ ဆိုပြီးတော့မှ ခရိုင်ပညာရေးမှူးရုံးကနေပြီးတော့မှ လျှောက်လွှာကို လက်မခံဘူးပေါ့ဗျာ။ သူတို့ ငြင်းပယ်လိုက်တယ်ပေါ့။ ကျွန်တော် ပညာရေးမှူးရုံးကို မေးကြည့်တဲ့အခါကျတော့ ဟုတ်တယ်ဗျ။ ဗမာ၊ ဗုဒ္ဓဖြစ်လို့ ရှမ်းပြည်နယ်မှာ ဗမာ၊ ဗုဒ္ဓ လျှောက်ခွင့်မရှိဘူးဆိုတဲ့အချက်ကြောင့် ပယ်လိုက်တယ်လို့ ပညာရေးမှူးရုံးက ပြောတယ်” ဟု ၎င်းက ပြောသည်။

အဆိုပါတက္ကသိုလ်ရှိ အတန်းအသီးသီးကို ဒီဇင်ဘာလ ၁ ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့ပြီးဖြစ်သည်။

လျှောက်လွှာ အပယ်ချခံခဲ့ရသူတစ်ဦးဖြစ်သူ မဘိမ်းမြို့နယ်၊ ကုန်းခါးရပ်ကွက် (၃) နေ မဖြိုးပြည့်ပြည့်စံ၏ မိခင် ဒေါ်ခင်စောလှိုင်က ၎င်း၏သမီးသည် လျှောက်လွှာ ပယ်ချခံခဲ့ရသည့်အတွက် ယခု တောင်သူအလုပ် လုပ်နေကြောင်းနှင့် နောက်လာမည့် ပညာသင်နှစ်တွင် ပြန်လည်လျှောက်ထားမည်ဖြစ်ကြောင်း ပြောသည်။

“ကျွန်မတို့လည်း မြန်မာနိုင်ငံမှာနေတဲ့ တိုင်းရင်းသားတွေပဲကို။ ဘာမှ အကြောင်းမဆန်းဘူး။ တိုင်းရင်းသားထဲမှာပါတာပဲ ကျွန်မတို့လည်း။ ကျွန်မတို့လည်း မျှော်လင့်ချက် ထားထားတာပေါ့လေ ကျွန်မသမီးလေးကို။ ကျွန်မတို့နားကျတော့ နယ်စပ်ဒေသ၊ ဝေးတော့ အလုပ်တစ်ခု ရဖို့ဟာ မလွယ်ဘူးလေ။ လျှောက်လွှာတစ်ခု ဝင်ဖို့ရာလည်း မလွယ်ဘူးလေ” ဟု ၎င်းက ပြောသည်။

ရှမ်းပြည်နယ် ပညာရေးမှူး ဦးဝင်းမောင်က လူမျိုးခွဲခြားရွေးချယ်ခြင်းကိစ္စသည် မိမိ မသိရှိသဖြင့် ယခုကဲ့သို့ ဖြစ်သွားကြောင်းနှင့် ယခုကိစ္စကို လွှတ်တော်ထဲတွင် ဒုဝန်ကြီးဖြေဆိုသွားသည့်အတိုင်း ဆက်လုပ်သွားမည် ဖြစ်ကြောင်း Myanmar Now ကို ယနေ့ ဖြေကြားခဲ့သည်။

“သင်တန်းဝင်ခွင့် လမ်းညွှန်ချက်ထဲမှာ အကုန်ပါပြီးသားပါ။ သီးခြား ထပ်ညွှန်ကြားတာတော့မရှိဘူး။ ခုဖြစ်စဉ်က ကျွန်တော်တို့ မသိလိုက်ဘူး။ အဲ့ဒါကြောင့်မို့ ခုကလေးတွေ ဖြစ်စဉ် ဖြစ်သွားတာလေ” ဟု ၎င်းက ပြောသည်။

တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ပညာရေးဘွဲ့ B. Ed ငါးနှစ် သင်တန်းအတွက် လက်ခံသင်ကြားနိုင်သော ဦးရေမှာ ၃၁၁ ယောက်ဖြစ်ပြီး ပထမနှစ် ဝင်ခွင့်အတွက် လျှောက်ထားသူ တစ်နိုင်ငံလုံးမှ ၃,၉၀၈ ဦးရှိရာ ရှမ်းပြည်နယ်မြောက်ပိုင်းမှ လျှောက်ထားသူပေါင်း ၉၃ ဦးရှိသည့်အနက် သင်တန်းသား ၁၄ ဦးနှင့် အရန် သုံးဦး ရွေးချယ်မည်ဟု ဒီဇင်ဘာ ၆ ရက်နေ့က လွှတ်တော်၌ နယ်စပ်ရေးရာ ဒုဝန်ကြီးက ဖြေကြားသွားသည်။

စစ်ကိုင်းမြို့နယ် နတ်ခရိုင်ကျေးရွာတောင်ဘက် ရွာသစ်ကြီး၌ ၁၉၆၄ ခုနှစ်တွင် ဖွင့်လှစ်ခဲ့သော ပြည်ထောင်စု တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးရေးသိပ္ပံကို ၁၉၉၁ ခုနှစ် နဝတအစိုးရလက်ထက်တွင် တက္ကသိုလ်အဖြစ် အဆင့်တိုးမြှင့်ပေးခဲ့ပြီး တစ်နှစ်မှ ငါးနှစ်အထိရှိသည့် ပညာရေးဘွဲ့သင်တန်းများ ဖွင့်လှစ်သင်ကြားလျက် ရှိသည်။

အဆိုပါတက္ကသိုလ်၏ ရည်ရွယ်ချက်များအနက် တစ်ခုမှာ “ပါတီနိုင်ငံရေးကင်းရှင်းပြီး စာရိတ္တနှင့် ကိုယ်ကျင့်တရား ကောင်းမွန်သော ပညာရေးဝန်ထမ်းကောင်းများ မွေးထုတ်ပေးရန်” ဟူ၍ဖြစ်ပြီး လက်ရှိ ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအယ်ဖောင်းရှိုသည် အဆိုပါတက္ကသိုလ်ဆင်းဖြစ်သည်။

Related Articles

Back to top button