ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်ရှိ မီးဘေးသင့်ပြည်သူ ၉၀၀ ကျော်အတွက် ကယ်ဆယ်ရေးစခန်း သုံးခု ဖွင့်လှစ်ထားသော်လည်း နေရာမလုံလောက်သဖြင့် ယနေ့ နိုဝင်ဘာလ ၂၂ ရက်တွင် တစ်ခု ထပ်မံဖွင့်လှစ်ပေးလိုက်ကြောင်း ယင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက Myanmar Now ကို ပြောသည်။
နိုဝင်ဘာ ၂၁ ရက် နေ့လယ် ၁၂ နာရီခွဲခန့်က လောင်ကျွမ်းခဲ့သည့် မီးကြောင့် ရွှေပြည်သာမြို့နယ် (၁၈) ရပ်ကွက်အတွင်းရှိ အိမ်ထောင်စု ၂၃၅ ခု အိုးအိမ်ပျက်စီးခဲ့သည်ဟု ယင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။
မီးဘေးသင့်သူများအတွက် နိုဝင်ဘာ ၂၁ ရက် ညနေပိုင်းတွင် ဓမ္မာရုံသုံးခုကို ကယ်ဆယ်ရေးစခန်းအဖြစ် ပြုလုပ်ပေးခဲ့သော်လည်း ဓမ္မာရုံတစ်ခုလျှင် အိမ်ထောင်စု ၇၀ ကျော်မှ ၉၀ ကျော်အထိ ခုံလှုံနေခဲ့ရသည့်အတွက် နောက်ထပ်ဓမ္မာရုံတစ်ခုတွင် စခန်းတစ်ခု ထပ်မံဖွင့်လှစ်ပေးခဲ့ရခြင်း ဖြစ်ကြောင်း သိရသည်။
မီးဘေးသင့်သူများအနက် ၁၄ ရက်သားအရွယ် ကလေးငယ်မှသည် အသက် ၇၀ ကျော်အထိ သက်ကြီးရွယ်အိုများလည်း ပါဝင်သည်ကို တွေ့ရသည်။
လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာနက မီးဘေးသင့် အိမ်ထောင်စုအားလုံးကို ပစ္စည်း ၁၈ မျိုးပါသည့် ကူညီထောက်ပံ့ရေး အရေးပေါ် အသုံးအဆောင် ပစ္စည်းကိရိယာ တစ်ခုစီ ပေးထားသည်ကို Myanmar Now က တွေ့ခဲ့ရသည်။
ထို့အပြင် မီးဘေးသင့် ပြည်သူတစ်ဦးအတွက် ထောက်ပံ့ငွေအဖြစ် တစ်ရက်လျှင် သုံးရာနှုန်းဖြင့် တစ်ပတ်စာ နှစ်ထောင့်တစ်ရာစီ ထောက်ပံ့ပေးထားသည်ဟု မီးဘေးသင့်ပြည်သူများထံမှ သိရသည်။
သို့သော်လည်း မီးဘေးသင့်ပြည်သူများအတွက် အစိုးရ၏ ထောက်ပံ့ပေးအပ်မှုများသည် “လုံလောက်မှုမရှိဘူး” ဟု ရွှေပြည်သာမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဉာဏ်လင်းက ဝေဖန်သည်။
မီးလောင်ကျွမ်းမှုကြောင့် ပိုင်ဆိုင်ပစ္စည်းများအားလုံး ဆုံးရှုံးခဲ့ပြီး မိသားစုဝင်သုံးဦးရှိသည့် ဒေါ်ခင်မာဝင်းကလည်း အစိုးရထောက်ပံ့သည့် ပမာဏမှာ လောက်ငခြင်း မရှိဟု ဆိုသည်။
ဒေါ်ခင်မာဝင်းသည် ၂၀၀၈ ခုနှစ် နာဂစ်မုန်တိုင်းဒဏ်ကို ၎င်း၏ဇာတိ ဘိုကလေးမြို့နယ်တွင် အပြင်းအထန် ခံခဲ့ရပြီး လုပ်ကိုင်စားသောက်ရန် အခက်အခဲကြောင့် လက်ရှိနေထိုင်ရာ ရွှေပြည်သာမြို့နယ်သို့ အပြီးပြောင်းရွှေ့လာခဲ့သူ ဖြစ်သည်။
“နာဂစ်တုန်းကမှ ပြီးသွားတော့ အိုးတွေ လိုက်ကောက်ပြီး ချက်စားလို့ ရသေးတယ်။ အခု မီးလောင်တာကတော့ ကုန်းကောက်စရာတောင် မရှိတော့ဘူး” ဟု ၎င်းက ပြောသည်။
မီးဘေးသင့် ပြည်သူအများစုက နေစရာ ပြန်လည်ရရှိရေးအတွက် စိုးရိမ်ပူပန်လျက်ရှိပြီး လက်ရှိနားခိုနေသည့် ကယ်ဆယ်ရေးစခန်းများမှ အလုပ်ခွင်သွားရန် အခက်အခဲများရှိနေသည်ဟု Myanmar Now က တွေ့ဆုံမေးမြန်းခဲ့သည့် စက်ရုံလုပ်သားအများစုက ပြောသည်။
“နေစရာရှိရင် စားဖို့က အဆင်ပြေလာမှာ၊ မကြောက်ဘူး။ နေဖို့ မရှိရင်တော့ မလွယ်ဘူး” ဟု အသက် ၄၅ နှစ်အရွယ် ဒေါ်ဝင်းဝင်းဌေးက ဆိုသည်။
မီးဘေးသင့်ပြည်သူများ ပြန်လည်နေရာချထားရေးအတွက် လျာထားသည့် နေရာများကို တိုင်းဒေသကြီးအစိုးရအဖွဲ့ထံ ယမန်နေ့ကတည်းက နှုတ်ဖြင့်တင်ပြထားပြီး ဖြစ်သည်ဟု ရွှေပြည်သာမြို့နယ်၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးရန်အောင်မင်းက Myanmar Nowကို ပြောသည်။
“ဝန်ကြီးချုပ် (ဦးဖြိုးမင်းသိန်း) က လောလောဆယ် နိုင်ငံခြားခရီးစဉ် သွားနေတဲ့အတွက်ကြောင့်မလို့ သူတို့ နေဖို့ထိုင်ဖို့ကိုတော့ ဝန်ကြီးချုပ် ပြန်လာမှ ပြန်လည်စီစဉ်ပေးရမှာပေါ့။ တိုင်းဒေသကြီးအစိုးရနဲ့ တိုင်ပင်ပြီးတော့ နေဖို့ထိုင်ဖို့ ပြန်စီစဉ်ပေးဖို့ ရှိပါတယ်” ဟု ဆိုသည်။
ကယ်ဆယ်ရေးစခန်းများတွင် ခိုလှုံနေရသူများအတွက် ခြင်ထောင်၊ စောင်နှင့်ခေါင်းအုံးများ လိုအပ်နေကြောင်းလည်း ရွှေပြည်သာမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။
ပရဟိတအဖွဲ့မှ မိသားစုတစ်စုလျှင် နှစ်ယောက်အိပ်ခြင်ထောင် တစ်လုံးစီ လှူဒါန်းသော်လည်း မိသားစုဝင်ဦးရေများသည့် အိမ်ထောင်စုများအတွက် ခြင်ထောင်များ လိုအပ်နေပြီး ခေါင်းအုံးနှင့်စောင်မှာလည်း မီးဘေးသင့်ပြည်သူ ၉၀၀ ကျော်၏ ၁၀ ရာခိုင်နှုန်း ဝန်းကျင်သာ ရရှိသေးကြောင်း ကယ်ဆယ်ရေးစခန်းများ၏ စာရင်းဇယားများအရ သိရသည်။
အိမ်ခြေ နှစ်ရာကျော် ဆုံးရှုံးစေခဲ့သည့် မီးစတင်လောင်ကျွမ်းရသည့် အကြောင်းရင်းမှာ ဦးရဲကိုဝင်း၏ နေအိမ်ရှိ ထမင်းချက်သည့် ထင်းမီးဖိုမှတဆင့် လောင်ကျွမ်းခဲ့ခြင်းဖြစ်သည်ဟု ရွှေပြည်သာမြို့နယ် မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးသွင်ဦးနိုင်က ပြောသည်။
အဆိုပါမီးလောင်ကျွမ်းမှုကြောင့် အရန်မီးသတ်တပ်ဖွဲ့ဝင် တစ်ဦးနှင့် အရပ်သား သုံးဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရှိရသည်။