သတင်း

လုပ်ငန်းခွင်ရေကြီးမှု ထောက်ပြသူ ၅၀ နီးပါးကို စက်ရုံက အလုပ်ထုတ်

စက်ရုံတွင်းလိုအပ်ချက်တချို့ ဖြည့်ဆည်းပေးရန် တောင်းဆိုသည့် ရန်ကုန်၊ ရွှေပြည်သာမြို့နယ် သာဓုကန်စက်မှုဇုန်၊ ဟွန်မြောင် (HONGMIAO) အထည်ချုပ်စက်ရုံမှ အလုပ်သမားသမဂ္ဂအဖွဲ့ဝင် ၅၀ နီးပါး အလုပ်ထုတ်ခံရသည်ဟု သိရသည်။

စက်တင်ဘာ ၉ တွင် ၉ ဦး၊ စက်တင်ဘာ ၁၉ တွင် ၃၇ ဦး အလုပ်ထုတ်ခံရသည်ဟု သွေးစည်းညီညွတ်သော သမဂ္ဂများအဖွဲ့ချုပ်-မြန်မာ (STUM) တာဝန်ခံ ဒေါ်မျိုးမျိုးအေးက ပြောသည်။

“အထုတ်ခံရသူအားလုံးက သမဂ္ဂအဖွဲ့ဝင်တွေချည်းပဲ။ အကြောင်းပြချက်က အော်ဒါ (အမှာ) မရှိဘူးဆိုပြီး လျော်ကြေးပေးထုတ်တာ။ ကျွန်မတို့ကတော့ ဒါ သမဂ္ဂဖြိုခွဲတာလို့ ယူဆပါတယ်” ဟု အလုပ်သမားရေး ဆောင်ရွက်နေသည့် ဒေါ်မျိုးမျိုးအေးက ပြောသည်။

ဟွန်မြောင် (HONGMIAO) အထည်ချုပ်စက်ရုံမှ အလုပ်သမားများက ဩဂုတ်လဆန်းပိုင်းတွင် စက်ရုံတွင်းလိုအပ်ချက်များနှင့် အခွင့်အရေးချိုးဖောက်ခံရမှု ၃၄ ချက်ကို တောင်းဆိုဆန္ဒပြခဲ့သည်။

မိုးမလုံ၍ စက်ရုံတွင်း ရေဝင်နေသည်ကို ပြင်ဆင်ပေးရန်၊ အချိန်ပိုကြေးပေးရန်၊ စက်ရုံအတွင်း ပန်ကာများတပ်ဆင်ပေးရန်၊ သောက်ရေ လုံလောက်စွာ ပေးရန်၊ တစ်နေ့လုပ်ခလစာ ကျပ် ၅,၆၀၀ သို့ တိုးပေးရန် တောင်းဆိုခဲ့ကြသည်။

လျှပ်စစ်ဓာတ်အား အသုံးပြု လုပ်ကိုင်နေကြသည့် လုပ်ငန်းခွင်၏ ကြမ်းပြင်တွင် ခန်းလုံးပြည့် ရေဝင်နေသည်ကို STUM က ထုတ်ပြန်သည့် စက်ရုံတွင်း မြင်ကွင်းဓာတ်ပုံများတွင် တွေ့ရသည်။

ထို့ပြင် လူမှုဖူလုံရေးကဒ် ထုတ်မပေးခြင်း၊ ဆေးဝါးမရှိခြင်း၊ စက်ပျက်ပါက အလုပ်သမားများက ကိုယ့်ပိုက်ဆံဖြင့် ပြင်ဆင်ရခြင်းတို့ကိုလည်း ထောက်ပြကြသည်။

ထိုအခွင့်အရေးများ ပေးရန် ဦးဆောင်တောင်းဆိုခဲ့သူများအနက် သမဂ္ဂအဖွဲ့ဝင် နေ့စားအလုပ်သမားတချို့ကို စတင် အလုပ်ထုတ်ခဲ့သည်ဟု ဒေါ်မျိုးမျိုးအေးက ပြောသည်။

“အရင်ဖြုတ်လိုက်တဲ့ ၉ ယောက်မှာ သူတို့က အနိမ့်ဆုံးလုပ်ခလစာ ပြည့်မီအောင် မပေးထားဘူး။ လစာစာရွက်ထဲမှာ ၁ သိန်း ၃ သောင်းပဲ ရှိတယ်။ သူတို့ကို မေးတော့ တနင်္ဂနွေနေ့ လုပ်ခတွေ ဖြုတ်ထားတယ်” ဟု ပြောသည်။

အလုပ်ထုတ်ခံရသည့် အလုပ်သမားများ၊ စက်ရုံတာဝန်ရှိသူတို့ကို တိုက်ရိုက် ဆက်သွယ်မေးမြန်းနိုင်ခြင်း မရှိသေးပါ။

၉ ဦး အလုပ်ဖြုတ်ခံရမှုနှင့် ပတ်သက်ပြီး အလုပ်သမားများက မြို့နယ်အလုပ်သမားညွှန်ကြားရေးဦးစီးဌာနသို့ တိုင်ကြားပြီးနောက် စက်ရုံက အခြား ၃၈ ဦးကို အလုပ်ထုတ်ခြင်းဖြစ်သည်။

ထိုအလုပ်သမားများသည် အလုပ်သမားသမဂ္ဂဖွဲ့စည်းခွင့် ရရှိရေးအတွက် မြို့နယ်အလုပ်သမားညွှန်ကြားမှုဦးစီးဌာနသို့ ပြီးခဲ့သည့် ဩဂုတ်လကတည်းက တင်ပြထားသော်လည်း ဖွဲ့စည်းခွင့်ချမပေးသေးဟု သိရသည်။

အလုပ်သမား ၄၀၀ ခန့် လုပ်ကိုင်လျက်ရှိသည့် တရုတ်နိုင်ငံသားပိုင် ဟွန်မြောင် (HONGMIAO) အထည်ချုပ်စက်ရုံသည် ယမန်နှစ် ၂၀၂၂ ခုနှစ် မေ ၃၀ တွင် မှတ်ပုံတင်ပြီး ဖွင့်လှစ်ခဲ့ခြင်း ဖြစ်သည်။

အလုပ်လက်ခံထားသည့်အထဲတွင် ဂျပန်နိုင်ငံအခြေစိုက် FIELDCORE အမှတ်တံဆိပ် ထုတ်ကုန်များလည်း ပါဝင်သည်ဟု သိရသည်။

အာဏာသိမ်းပြီးနောက် ဖြစ်ပေါ်လာသော မငြိမ်သက်မှုများကြောင့် နိုင်ငံတကာအဝတ်အထည်ကုမ္ပဏီများ၏ ချုပ်ထည်အမှာသည် ပုံသေမရှိပေ။ အထည်ချုပ်စက်ရုံများကလည်း အချိန်ပြည့်ဝန်ထမ်းများအစား နေ့စားအလုပ်သမားများကို ပိုမို ခန့်အပ်လာကြသည်။

နေ့စားအလုပ်သမားများသည် အလုပ်သမားတစ်ဦး၏ အခွင့်အရေးအပြည့်အဝမရသည့်အပြင် အချိန်မရွေး အကြောင်းပြချက်မျိုးစုံဖြင့် အလုပ်ဖြုတ်ခံနေရသည်။

“အလုပ်သမားတွေက တောင်းဆိုမှုတွေလုပ်တယ်၊ တောင်းဆိုတဲ့လူတွေကို အလုပ်ရှင်တွေက ပစ်မှတ်ထား အလုပ်ဖြုတ်တယ်။ အဲ့လိုဖြုတ်မှာစိုးလို့ သမဂ္ဂဖွဲ့ထားလည်း သမဂ္ဂအဖွဲ့ကို ဖြုတ်တယ်။ အဓိကက လျော်ကြေးပေးရင် ဖြုတ်လို့ရတယ်ဖြစ်နေတာ။ ညှိနှိုင်းရေးယန္တရားက သွားရင်လည်း ခုံကောင်စီမှာ အလုပ်သမားတွေဘက်က ရှုံးတယ်” ဟု ဒေါ်မျိုးမျိုးအေးက ပြောသည်။

အာဏာသိမ်းပြီးနောက် ဆိုးရွားလာသော မြန်မာအထည်ချုပ်စက်ရုံများ၏ စက်ရုံတွင်း အလုပ်သမားအခွင့်အရေးချိုးဖောက်မှုများနှင့် ပတ်သက်၍ နိုင်ငံတကာအဖွဲ့အစည်းများ၏ စစ်တမ်းတချို့လည်း ထွက်ရှိလာသည်။ ထို့နောက် ကမ္ဘာကျော်အဝတ်အထည်အမှတ်တံဆိပ်ကုမ္ပဏီတချို့ မြန်မာစက်ရုံများတွင် အပ်နှံမှု ရပ်ဆိုင်းလာကြသည်။

ကုန်ဈေးနှုန်း အဆမတန်ကြီးမြင့်လာချိန်တွင် တစ်နေ့လုပ်ခလစာ တိုးပေးရန် တောင်းဆိုသည့် အလုပ်သမားများမှာ အလုပ်ထုတ်ခံရမှုမှသည် ဖမ်းဆီးထောင်ချခံရမှုအထိ ကြုံနေရသည်။

အခြားတစ်ဖက်တွင်လည်း ပြည်ပလုပ်ငန်းများကို ဖိတ်ခေါ်လိုသည့် စစ်ကောင်စီက အလုပ်သမားသမဂ္ဂအဖွဲ့ဝင်များကို နိုင်ငံတကာတောင်းဆိုချက်အတိုင်း ထောင်မှ ပြန်လွတ်ပေးနေသည်။

ရွှေပြည်သာမြို့နယ်၊ သာဓုကန်စက်မှုဇုန်ရှိ ဟိုစိမ့် (မြန်မာ) အထည်ချုပ်စက်ရုံမှ အလုပ်သမား ၅ ဦး၊ လှိုင်သာယာမြို့နယ် Sun Apparel Myanmar အထည်ချုပ်စက်ရုံမှ အလုပ်သမားအရေး တက်ကြွလှုပ်ရှားသူ ၅ ဦး၊ အလုပ်သမား ၂ ဦးတို့ စက်တင်ဘာ ၄ တွင် ပြန်လွတ်လာသည်။

လုပ်ခတိုးတောင်းသူများ ထောင်မှ ပြန်လွတ်လာပြီး အလုပ်ပြန်ရရန် မျှော်လင့်နေကြသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button