သတင်း

အထည်ချုပ်စက်ရုံ ၂ ခုမှ လုပ်ခတိုးတောင်းသူတချို့ အဖမ်းခံရ

ရန်ကုန်၊ ရွှေပြည်သာမြို့နယ် စက်ရုံတစ်ခုတွင် လုပ်ခလစာ တိုးတောင်းသည့် အလုပ်သမားများကို စစ်တပ်က လာရောက်ခြိမ်းခြောက်ပြီး အမျိုးသမီးနှစ်ဦးကို ဖမ်းဆီးသွားသည်ဟု သိရသည်။

ရွှေလင်ပန်းစက်မှုဇုန်ရှိ ကမ္ဘာကျော် ZARA အမှတ်တံဆိပ် အဝတ်အထည်များ ချုပ်လုပ်သော၊ တရုတ်နိုင်ငံသားပိုင်ဆိုင်သော Hosheng Myanmar အထည်ချုပ်စက်ရုံတွင် အလုပ်လုပ်နေသူများက လုပ်ခလစာ တိုးပေးရန် တောင်းဆိုရာမှ မသူသူစံအပါအဝင် အလုပ်သမားခေါင်းဆောင် ၇ ဦး ဇွန် ၁၀ ရက်နေ့တွင် အလုပ်ထုတ်ခံရပြီးနောက် ထိုဖမ်းဆီးမှု ပေါ်ပေါက်လာခြင်း ဖြစ်သည်။

ဇွန် ၁၂ ရက်နေ့တွင် အလုပ်သမား ၆၀၀ ကျော်က ကန့်ကွက်ဆန္ဒပြခဲ့ကြပြီး ယမန်နေ့ (ဇွန် ၁၄) နေ့လယ်ပိုင်းတွင် မသူသူစံနှင့် လုပ်ဖော်ကိုင်ဖက် အမျိုးသမီးတစ်ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးခေါ်ဆောင်သွားသည်။

ထိုစက်ရုံမှ လုပ်သက် ၂ နှစ်နီးပါးရှိ အသက် ၂၉ နှစ်အရွယ် မသူသူစံကို မည်သည့်နေရာသို့ ခေါ်ဆောင်သွားကြောင်း စက်ရုံမှ လုပ်ဖော်ကိုင်ဖက်များလည်း တိတိကျကျ မသိကြပေ။

“ရဲစခန်းရှေ့ရောက်တော့ သူတို့နှစ်ယောက်လုံးကို ဆင်းခိုင်းတယ်။ ပြီးတော့ အဖော်လိုက်သွားတဲ့ တစ်ယောက်ကို ညီမလေး ခဏလေး ဟိုဘက်မှာ ထိုင်ဦး ဆိုပြီး အခုပျောက်နေတဲ့ တစ်ယောက် (မသူသူစံ) ကို ကားပေါ် ပြန်တင်ပြီး မောင်းထွက်သွားတယ်” ဟု ထိုစက်ရုံမှ လုံခြုံရေးအရ အမည်မဖော်လိုသူ အမျိုးသားက ပြောသည်။

ဇွန်လ ၁၂ ရက်နေ့က အလုပ်သမားများဆန္ဒပြနေချိန် ရဲ၊ စစ်သားနှင့် မည့်သည့်အဖွဲ့အစည်းကမှန်း မသိရသူတချို့ ရောက်လာကာ အလုပ်သမားများကို ခြိမ်းခြောက်ပြောဆိုကြောင်း အလုပ်သမားရေးရာများ အဓိက ဖော်ပြနေသည့် Myanmar Labor News သတင်းဌာန၏ ဇွန် ၁၃ ရက်နေ့ သတင်းတစ်ပုဒ်တွင် ရေးသားထားသည်။

ရွှေပြည်သာသည် စစ်အာဏာသိမ်းပြီး တစ်လခွဲအကြာကတည်းက စစ်အုပ်ချုပ်ရေး ကြေညာထားကြောင်း ထိုအုပ်စုထဲမှ တစ်ယောက်က ခြိမ်းခြောက် ပြောဆိုသည်။

“ဒါ စစ်အုပ်ချုပ်ရေးနယ်မြေ၊ အခြားမြို့နယ်တွေနဲ့ မတူဘူး၊ သမဂ္ဂတွေ ဘာတွေ လာလုပ်မနေနဲ့၊ စစ်အုပ်ချုပ်ရေးမှာ ဘာသမဂ္ဂမှ မရှိဘူး” ဟု ထိုအုပ်စုထဲမှ တစ်ယောက်က ပြောဆိုသည်ကို သတင်းနှင့်အတူ ပါရှိသည့် အသံဖိုင်တွင် ကြားရသည်။

ဇွန်လ ၁၂ ရက်နေ့တွင် စက်ရုံကို အလုပ်သမားများ ရောက်မလာမီကပင် စစ်ကောင်စီလက်နက်ကိုင်တို့ ကြိုတင် ရောက်နေသည်ဟု အလုပ်သမားတစ်ဦးက ပြောကြောင်း သတင်းတွင် ဖော်ပြထားသည်။

“အလုပ်သမားတွေ မရောက်ခင်ကတည်းက သူတို့က ရောက်နေတာ။ အလုပ်သမားတွေ ရောက်လာတော့လည်း ထပ်လာကြတယ်။ ရိုင်းရိုင်းစိုင်းစိုင်းတွေ ပြောကြတာပေါ့ဗျာ” ဟု ထိုအလုပ်သမားက ရှင်းပြသည်။

ယမန်နေ့ညတွင် စစ်ကောင်စီလက်နက်ကိုင်တို့က မသူသူစံ နေထိုင်သည့် အဆောင်ကို ရောက်လာသေးသည်၊ လက်ကိုင်ဖုန်း လာရောက် ရှာဖွေခြင်းဖြစ်သည်ဟု သိရကြောင်း စက်ရုံမှ အလုပ်သမားတစ်ဦးက ပြောသည်။

“သူတို့က ဖုန်းလိုချင်တာ။ လာရှာတယ်။ မရမချင်း လိုက်မေးနေတာ။ ညတုန်းက ဖုန်းသွားပေးလိုက်ရတယ်။ အဲဒါပြီးတော့လည်း လာစောင့်ကြည့်သလို လာနေတာ။ တချို့ကောင်မလေးတွေ အဆောင်မှာတောင် မနေရဲတော့ဘူး။ သူ့အခန်းက အလုပ်သမားဥပဒေစာအုပ်တွေ့လို့ သိမ်းသွားတယ်” ဟု ထိုသူက ပြောသည်။

မသူသူစံအပါအဝင် အလုပ်သမားအချို့က စက်ရုံ၏အလုပ်သမားသမဂ္ဂ ဖွဲ့ရန် အလုပ်သမားညွှန်ကြားမှုဦးစီးဌာနသို့ စာတင်ထားသည်။ ဦးဆောင်သူများထဲမှ တစ်ဦးမှာ ၁၈ နှစ်ပြည့်ရန် လပိုင်းလိုနေသဖြင့် ခွင့်ပြုမိန့်ကျရန် စောင့်နေချိန်တွင် ထိုဖမ်းဆီးမှု ပေါ်ပေါက်လာခြင်းဖြစ်သည်။

စက်ရုံရှိ အလုပ်သမားများကို တစ်နေ့လုပ်ခလစာ ကျပ် ၅၆၀၀ (၂ ဒေါ်လာခွဲခန့်) နှင့် အချိန်ပိုကြေး ၁ နာရီ ကျပ် ၁၄၀၀ တိုးမြှင့်ပေးရန် အလုပ်သမားများကိုယ်စား လတ်တလော အလုပ်ထုတ်ခံလိုက်ရသူတို့က စက်ရုံတာဝန်ရှိသူများကို တောင်းဆိုခဲ့ကြသည်။

ဇွန်လ ၁ ရက်တွင် စက်ရုံဘက်က လုပ်ခလစာ တိုးပေးရန် သဘောတူခဲ့သည်။ သို့သော်လည်း အလုပ်သမားခေါင်းဆောင်များက တရားဝင်စာချုပ်ပြန်ချုပ်ရန် တောင်းဆိုနေစဉ် ၉ ရက် အကြာတွင် ထိုသို့အလုပ်ထုတ်ခံလိုက်ကြရသည်ဟု စက်ရုံဝန်ထမ်းတို့က ဆိုသည်။

အလုပ်ထုတ်ခြင်းကို ကန့်ကွက်ကြောင်း IndustriALL Global Union ခေါ် ကမ္ဘာ့အလုပ်သမားသမဂ္ဂက ယနေ့ ထုတ်ပြန် ကြေညာသည်။

ဆန္ဒပြမှုကို စစ်တပ် ပါဝင်ပတ်သက်ခြင်း၊ အလုပ်သမားများ အဖမ်းခံရခြင်းတို့သည် မြန်မာနိုင်ငံတွင် လွတ်လပ်စွာဖွဲ့စည်းခွင့် မရှိကြောင်းကို ပြသနေသည်ဟု သမဂ္ဂ၏ အထွေထွေအတွင်းရေးမှူး Atle Høie က ပြောသည်။

“အလုပ်ထုတ်ခံရတဲ့ အလုပ်သမားတွေကို မူလအတိုင်း ချက်ချင်း အလုပ်ပြန်ခန့်ရပါမယ်။ သူတို့ကို အလုပ်ရှင်၊ ရဲနဲ့ စစ်တပ်က ခြိမ်းခြောက်တာ၊ တိုက်ခိုက်တာ မလုပ်ရပါဘူး။ မသူသူစံကိုလည်း အခုချက်ချင်း အိမ်ပြန်လွှတ်ရပါမယ်” ဟု သမဂ္ဂ၏ အထွေထွေအတွင်းရေးမှူးက တောင်းဆိုလိုက်သည်။

စက်ရုံက ထုတ်ပြန်သည့် အလုပ်ထုတ်စာတွင်မူ စက်ရုံတွင်း တည်ငြိမ်အေးချမ်းနေသော အခြေအနေကို ဆူပူမှုဖြစ်စေရန် သွေးထိုးလှုံ့ဆော်ခြင်း၊ ခြိမ်းခြောက်ပြောဆိုခြင်း၊ ကုန်ထုတ်လုပ်မှုကျဆင်းစေရန် တမင်လုပ်ဆောင်ခြင်းတို့ကြောင့် အလုပ်မှ ထုတ်ပယ်ခြင်း ဖြစ်ကြောင်း ဖော်ပြထားသည်။

အခြား အဖမ်းအဆီးတစ်ခု

မသူသူစံကဲ့သို့ပင် လုပ်ခနှင့် ရက်မှန်ကြေး တိုးပေးရန် တောင်းဆိုသည့် လှိုင်သာယာမြို့နယ်၊ စက်မှုန်ဇုန် (၅) Sun Apparel Myanmar အထည်ချုပ်စက်ရုံမှ အလုပ်သမားခေါင်းဆောင် မသီတာဝင်းဆိုသူကို ယမန်နေ့ညပိုင်းတွင် စစ်ကောင်စီက ဖမ်းဆီးသွားသည်ဟု Myanmar Labor News သတင်းဌာနက ဇွန် ၁၅ တွင် ဖော်ပြထားသည်။ အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ အသေးစိတ်သိရှိနိုင်ရန် Myanmar Now က စုံစမ်းနေဆဲဖြစ်သည်။

၂၀၂၂ ခုနှစ် အောက်တိုဘာလက ကမ္ဘာကျော် Adidas အမှတ်တံဆိပ်ဖိနပ်များ ချုပ်လုပ်ပေးနေသည့် ရန်ကုန်၊ ရွှေပြည်သာမြို့နယ်၊ သာဓုကန်စက်မှုဇုန်ရှိ မြန်မာပေါင်ချိန်မှ အလုပ်သမားထောင်ချီက တစ်နေ့လုပ်ခလစာ ကျပ် ၄၈၀၀ မှ ကျပ် ၈၀၀၀ သို့ တိုးပေးရန်နှင့် စက်ရုံတွင်း အလုပ်သမားအခွင့်အရေးများ တောင်းဆိုပြီးနောက် ၃ ရက်အကြာတွင် အလုပ်သမား ၂၆ ဦး အလုပ်ထုတ်ခံရသည်။

စစ်တပ်အာဏာသိမ်းပြီး ၁ နှစ်အတွင်းပင် အလုပ်သမား ၁ ဒသမ ၆ သန်းကျော် အလုပ်လက်မဲ့ဖြစ်ခဲ့သည်ဟု အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ (ILO) က ၂၀၂၂ ခုနှစ် ဇန်နဝါရီလတွင် ထုတ်ပြန်ထားသည်။

အာဏာသိမ်းပြီး ၂ နှစ်နီးပါး ရှိလာချိန်မှစ၍ အဆမတန်ကြီးမြင့်လာသော ကုန်ဈေးနှုန်းနှင့် နေထိုင်မှု စရိတ်များကြောင့် စက်မှုဇုန်များတည်ရှိရာ ရွှေပြည်သာ၊ လှိုင်သာယာနှင့် ဒဂုံမြို့နယ်များရှိ စက်ရုံအများအပြားတွင် တစ်နေ့လုပ်ခလစာများ တိုးပေးရန် တောင်းဆိုမှုများ ဆက်တိုက်ဆိုသလို ရှိလာသည်။

စစ်ကောင်စီသည် အမျိုးမျိုးသော ဥပဒေများကို ဖျက်သိမ်းပြင်ဆင်နေသော်လည်း အနည်းဆုံးလုပ်ခလစာ ပြင်ဆင်ရန်ကိုမူ လျစ်လျူရှုထားသည်။

အနည်းဆုံးအခကြေးငွေနှုန်းထားကို ဗိုလ်ချုပ်ကြီးဟောင်း ဦးသိန်းစိန်အစိုးရလက်ထက် ၂၀၁၅ ခုနှစ်က တစ်ရက် ၈ နာရီအတွက် ကျပ် ၃၆၀၀၊ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရက ၂၀၁၈ တွင် ကျပ် ၄၈၀၀ သို့ တိုးမြှင့်ပေးထားသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button