
၂ နှစ်နီးပါး ရက်မှန်ကြေးမရသည့် ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်ရှိ PMG ရေသန့်စက်ရုံ ပုလင်းရေဆေးဌာနမှ အလုပ်သမ ၄၀ နီးပါးက ဩဂုတ်လ ၈ ရက်မှ စတင်ပြီး အလုပ်မဆင်း သပိတ်မှောက်လျက်ရှိသည်ဟု အဆိုပါ ဆန္ဒပြ အလုပ်သမတို့က Myanmar Now ကို ပြောသည်။
အလုပ်သမတို့သည် ယင်းတို့အလုပ်လုပ်ရာ စက်ရုံဧရိယာအတွင်းတွင် နံနက် ၈ နာရီမှ ညနေ ၄း၂၀ အထိ လူငါးယောက်ထက်မပိုသော စုဝေးမှုဖြင့် အလုပ်မလုပ်ဘဲ ဆန္ဒပြသပိတ်မှောက်နေကြခြင်းဟု ပြောသည်။
စက်ရုံအလုပ်သမများသည် ရရှိသည့်လစာအလိုက် တစ်လလျှင် ရက်မှန်ကြေး ကျပ် ၁၀,၀၀၀ မှ ၁၅,၀၀၀ ရလေ့ရှိကြသည်။ သို့သော် ၂၀၂၀ စက်တင်ဘာလမှစ၍ ၂၀၂၂ ခုနှစ် ဇူလိုင်လအထိ ၂၂ လအတွင်း ရက်မှန်ကြေး ၁ လစာသာ ရရှိခဲ့သည်ဟု ဆိုသည်။
အဆိုပါ အခြေအနေများကို အလုပ်သမားညွှန်ကြားရေးဦးစီးဌာနသို့ တိုင်ကြားရာ ယင်းတို့နှင့် မသက်ဆိုင်ဘဲ ရန်ကုန်တိုင်းခုံသမာဓိရုံးသို့ တိုင်ကြားရန်သာ အကြောင်းပြန်ခဲ့သည်ဟု ဆိုသည်။ ခုံသမာဓိရုံးသို့ ဆက်လက်တိုင်ကြားရာတွင် ဖြေရှင်းမပေးဘဲ လျစ်လျူရှုထားခြင်းကြောင့် သပိတ်မှောက် ဆန္ဒပြရန် ဆုံးဖြတ်ရခြင်းဟုလည်း အလုပ်သမတို့က ပြောသည်။
“ခုံသမာဓိကို ဆက်တက်တဲ့အချိန်မှာပဲ ခုံသမာဓိရဲ့အဆုံးအဖြတ်က ရှုံးနိမ့်ခဲ့တဲ့အတွက် ခုံကောင်စီကို ဆက်တက်ခဲ့တယ်။ ခုံကောင်စီကို ဆက်တက်တဲ့အချိန်မှာလည်း ရှုံးမယ်ဆိုတာကို သိတဲ့အတွက် သပိတ်လမ်းစဉ်ကိုပဲ ရွေးချယ်ခဲ့တာပါ” ဟု စက်ရုံအလုပ်သမ မမြင့်မြင့်အေးက ဆိုသည်။
ရက်မှန်ကြေးရလိုသည့် အလုပ်သမတို့နှင့် စက်ရုံတာဝန်ရှိသူတို့ တင်းမာနေသည့် အခြေအနေတွင် ရန်ကုန်တိုင်း အလုပ်သမားရေးရာ ဆက်ဆံရေးဦးစီးဌာန၊ အလုပ်သမားညွှန်ကြားရေးဦးစီးဌာနနှင့် အလုပ်သမားညွှန်ကြားရေးဦးစီးဌာနသုံးခုမှ အရာရှိများ ရောက်ရှိလာကာ ခြိမ်းခြောက်ခဲ့သည်ဟုလည်း ဆိုသည်။
“ဘယ်သူထွက်ချင်သေးလဲ ထွက်ချင်တဲ့သူ ထွက်လို့ရတယ်ဆိုပြီးတော့ ဦးစီးတွေက ပြောတယ်။ ဦးစီးသုံးယောက်က စာကို ကိုင်ပြီးတော့၊ နောက်ပြီး မင်္ဂလာဒုံစက်ရုံက သူဌေးက မတိုင်ခဲ့ဘူး။ ဒီကတိုင်ခဲ့ရင် သူတို့က ဖမ်းပေးရမှာ ဖမ်းပေးရတဲ့အခါ စစ်ကြောရေးကို ပို့ရမှာ” ဟု ပြောဆိုကြောင်းလည်း မအေးအေးမြင့်က Myanmar Now ကို ပြောသည်။
သို့သော် အဆိုပါ အခြေအနေများနှင့် ပတ်သက်၍ ရန်ကုန်တိုင်းအလုပ်သမားရေးရာ ဌာနအသီးသီးသို့ Myanmar Now က သီးခြားအတည်ပြုချက် မရယူနိုင်သေးသလို PMG စက်ရုံတာဝန်ရှိသူများထံသို့လည်း ဆက်သွယ်မေးမြန်း၍ မရဘဲဖြစ်နေသည်။
အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့ (ILO)၏ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလအတွင်းက ထုတ်ပြန်ချက်တစ်ခုတွင် အလုပ်သမားများနှင့် အလုပ်သမားအဖွဲ့အစည်းဝင်များ ခြိမ်းခြောက်ခံနေရသည့် အစီရင်စာများ လက်ခံရရှိကြောင်း ILO ၏ ညွှန်ကြားရေးမှူးချုပ် Mr Guy Ryder က ပြောဆိုထားသည်။
ထို့ကြောင့် “အလုပ်သမားများနှင့် အလုပ်ရှင်များက အကြမ်းဖက်မှု၊ ခြိမ်းခြောက်ခံရမှု ကင်းစွာဖြင့် လုံးဝလွတ်လပ်ပြီး လုံခြုံသော အခြေအနေတွင် ၎င်းတို့၏ လွတ်လပ်စွာအသင်းအဖွဲ့ ဖွဲ့စည်းခွင့်အခွင့်အရေးအား ပြဋ္ဌာန်းချက်များနှင့်အညီ လုပ်ဆောင်နိုင်ရန်အတွက် ကျွန်ုပ်အနေဖြင့် စစ်တပ်ခေါင်းဆောင်များကို တိုက်တွန်းသည်” ဟုလည်း Mr Guy Ryder က ပြောသည်။
စစ်ကောင်စီအာဏာသိမ်းပြီးနောက် နိုင်ငံအနှံ့မှ နိုင်ငံရေးတက်ကြွလှုပ်ရှားသူများ၊ ထင်ရှားသူများ၊ အနုပညာရှင်များ၊ အလုပ်သမားအရေးလှုပ်ရှားသူများ စသည့် ထောင်နှင့်ချီသောသူများကို ဖမ်းဝရမ်းထုတ်ခဲ့သည်။
ယခင်က မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် CTUM, သွေးစည်းညီညွတ်သော သမဂ္ဂများအဖွဲ့ချုပ် STUM ကဲ့သို့သော အလုပ်သမားအဖွဲ့အစည်းများက အလုပ်သမားများအရေးကို ကူညီပေးခဲ့ကြသည်။ သို့သော် အဆိုပါ အဖွဲ့အစည်းများမှ ဦးဆောင်သူအချို့ ဖမ်းဆီးခံခဲ့ကြရပြီး အချို့မှာလည်း တိမ်းရှောင်နေကြရသည်။
စစ်ကောင်စီ အာဏာသိမ်းပြီးနောက် အလုပ်သမားများ အခွင့်အရေးဆုံးရှုံးရသကဲ့သို အလုပ်အကိုင်အခွင့်အလမ်းများလည်း အလွန်အမင်း ဆုံးရှုံးနေကြောင်း ILO က ၂၀၂၂ ခုနှစ် ဩဂုတ်လ ၁ ရက်တွင် ထုတ်ပြန်သည်။
“စစ်တပ်က အာဏာလွှဲယူပြီး ၁၈ လကြာတဲ့အချိန်မှာ မြန်မာနိုင်ငံရဲ့ အလုပ်အကိုင်အခြေအနေဟာ အရမ်းကို ခက်ခဲတဲ့ အခြေအနေမှာ ရှိနေပါတယ်။ အကန့်အသတ်ရှိနေတဲ့ အလုပ်အကိုင်တိုးတက်မှု လက္ခဏာတွေ ရှိနေပေမဲ့၊ လက်ရှိ လုံးပါးပါးနေတဲ့ အလုပ်အကိုင်အခြေအနေဆိုးရွားမှုတွေနဲ့ အလုပ်အကိုင်အရည်အသွေးကျဆင်းမှုဟာ အလွန်အမင်း စိုးရိမ်ဖွယ်ရာကောင်းတဲ့ အခြေအနေမှာ ရှိနေပါတယ်” ဟု မြန်မာနိုင်ငံဆိုင်ရာ အိုင်အယ်(လ်)အို ဆက်သွယ်ညှိနှိုင်းရေး အရာရှိဖြစ်သူ Mr. Donglin Li က အထက်ပါ ထုတ်ပြန်ချက်တွင် ထည့်သွင်းပြောထားသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)