သတင်း

ရွှေပြည်သာမှ ပိတ်မည့်စက်ရုံတွင် နစ်နာကြေးရရန် အလုပ်သမားတို့ ညအိပ်တောင်းဆို

ရန်ကုန်၊ ရွှေပြည်သာမြို့နယ် ဟွန်မြောင် (HONGMIAO) အထည်ချုပ်စက်ရုံမှ အလုပ်သမားများက လုပ်ငန်းပိတ်သိမ်းခြင်းကြောင့် နစ်နာကြေးနှင့် လုပ်အားခလက်ကျန်တို့ကို တစ်လုံးတစ်ခဲတည်း ရရှိနိုင်ရန် စက်ရုံတွင်ပင် ညအိပ်စောင့်ဆိုင်းပြီး စုပေါင်းတောင်းဆိုနေကြောင်း ပြောသည်။

စက်ရုံ လည်ပတ်ပြီး တစ်နှစ်ခွဲအကြာ စက်တင်ဘာ ၂၆ တွင် စက်ရုံအပြီးပိတ်သိမ်းမည်ဟု အလုပ်သမားများကို အသိပေးခဲ့သည်။ ထိုသို့ အသိပေးပြီး ၃ ရက်အကြာတွင် ကုမ္ပဏီတာဝန်ရှိသူများက အလုပ်သမားများကို အလုပ်ဆင်းရန် မလိုတော့ကြောင်း ပြောဆိုသည်ဟု အလုပ်သမားတစ်ဦးက Myanmar Now ကို ပြောသည်။

အောက်တိုဘာ ၂ ရက်နေ့က တောင်းဆိုစဉ် စက်ရုံက နစ်နာကြေး တစ်သောင်းစီ ပေးမည်ဟုသာ တုံ့ပြန်ကြောင်း အဆိုပါ လုပ်သမားက ပြောသည်။

“သူတို့ပေးတဲ့အတိုင်းအတာက (နစ်နာကြေး) ကျပ် ၁၀,၀၀၀ လောက်လေးဆိုတော့ ဘယ်လိုမှ အဆင်မပြေဘူး၊ အဲ့ဒါက တစ်ကြောင်း။ နောက်တစ်ခုက ရသင့်ရထိုက်တဲ့ အချက်တွေ အကုန်လုံး၊ ရစရာပိုက်ဆံတွေအကုန်လုံးကို မရသေးတဲ့အတွက်ကြောင့်၊ သူတို့ကို မယုံတဲ့အတွက်ကြောင့် ကျွန်တော်တို့က စောင့်နေတယ်” ဟု လုံခြုံရေးအရ အမည်မဖော်လိုသူ ထိုအလုပ်သမားက ပြောသည်။

စက်ရုံအလုပ်သမား ၂၅၁ ဦးက စက်ရုံခြံဝင်းအတွင်း ဖြစ်သလိုနေထိုင်ကာ စောင့်ဆိုင်း တောင်းဆိုနေခြင်းဖြစ်သည်။

၂၀၂၂ မေတွင် ကုမ္ပဏီထောင်ကာ လည်ပတ်နေသည့် ထိုစက်ရုံမှ တာဝန်ရှိသူနှင့် အလုပ်သမားဝန်ကြီးဌာနတာဝန်ရှိသူများက လာရောက်ဖြေရှင်းပေးခြင်းမရှိဟုလည်း သူက ဆိုသည်။ ထို့ပြင် စက်ရုံထဲရှိ စက်ပစ္စည်းများကိုပါ ပြောင်းရွှေ့နေသည်ဟု သိရသည်။

“စက်ရုံပိတ်သိမ်းတဲ့အတွက်ကြောင့် သူတို့မှာ အလုပ်လက်မဲ့ဖြစ်သွားတယ်။ နောက်တစ်ခုက သူတို့မှာ လုပ်သက် ၆ လ မပြည့်တဲ့အတွက်ကြောင့် ခံစားခွင့်၊ နစ်နာကြေး ရှိလားဆိုတော့လည်း တစ်ပြားတစ်ကျပ်မှ မရှိဘူး” ဟု လုပ်သက်တစ်နှစ်ကျော် အထက်ပါ စက်ရုံဝန်ထမ်းက ဆိုသည်။

အလုပ်သမားများ ထိုသို့ နေ့ရောညပါ စောင့်ဆိုင်းနေချိန်တွင် ကုမ္ပဏီက အကြောင်းကြားစာတစ်စောင် ယမန်နေ့တွင် ထုတ်ပြန်သည်။

လစာကြွေးကျန်ကို အောက်တိုဘာ ၅ ရက်နေ့တွင် ပေးချေမည်၊ နစ်နာကြေးနှင့် ရပိုင်ခွင့်များကိုလည်း ကြိုတင်အကြောင်းကြားမှု တစ်လပြည့်မြောက်မည့် ၂၆ ရက်နေ့တွင် ပေးချေမည်ဖြစ်ကြောင်း ယမန်နေ့တွင် သတင်းထုတ်ပြန်သည်။

လုပ်သက် ၆ လပြည့်ပြီးသူများကိုသာ နစ်နာကြေးပေးမည်၊ ၆ လမပြည့်သူကို လူမှုထောက်ပံ့ကြေးအဖြစ် ကျပ် ၁၀,၀၀၀ မှ ၁၅,၀၀၀ သာ ပေးမည်၊ ကိုယ်ဝန်ဆောင် ၁၁ ဦးကို လုပ်သက်အလိုက် ကျပ် ၅၀,၀၀၀ နှင့် ၁၀၀,၀၀၀ ပေးမည်ဟု ထုတ်ပြန်ချက်တွင် တွေ့ရသည်။

ထိုစက်ရုံတွင် အလုပ်သမား ၃၇၄ ဦးရှိသည့်အနက် ၃၀၀ ဝန်းကျင်သည် လုပ်သက် ၆ လ မပြည့်သေးသူများဖြစ်သည်၊ ထို့ကြောင့် အများစုမှာ ကျပ် ၁၀,၀၀၀ ကျော်နှင့်သာ ကျေနပ်ရမည့် အခြေအနေနှင့် ရင်ဆိုင်နေရသည်၊ အရာရာကျပ်တည်းနေသည့် ကာလတွင် အလုပ်လက်မဲ့ဖြစ်သည့်အပြင် နစ်နာကြေး ကျပ် ၁၀,၀၀၀ သာ ရပါက အခြေအနေမဲ့သွားနိုင်ကြောင်း အထက်ပါ အလုပ်သမားက ဆိုသည်။

ထို့ကြောင့် နစ်နာကြေးကို တစ်လစာ တစ်ပြေးညီပေးရန်၊ ရရန်ငွေများအားလုံးကို တစ်လုံးတစ်ခဲတည်း ပေးရန် စုပေါင်းတောင်းဆိုသွားမည်ဟု သူက ဆိုသည်။

ထိုတောင်းဆိုမှုနှင့် ပတ်သက်၍ ညှိနှိုင်းရန်ရှိမရှိ ဟွန်မြောက်ကုမ္ပဏီကို Myanmar Now က ဆက်သွယ် မေးမြန်းသော်လည်း ဖြေကြားခြင်းမရှိပေ။

ဥပဒေအရ လုပ်သက် ၆ လပြည့်သည့် အလုပ်သမားသာ အလုပ်ထုတ်နစ်နာကြေးရသော်လည်း ထိုစက်ရုံသက်တမ်းမှာ တစ်နှစ်ကျော်သာ ရှိသေးပြီး ၆ လအောက်အလုပ်သမား များပြားခြင်းကြောင့် အခြေအနေအပေါ် မူတည်ကာ စုပေါင်းတောင်းဆိုနိုင်ကြောင်း အမည်မဖော်လိုသည့် အလုပ်သမားသမဂ္ဂခေါင်းဆောင် အမျိုးသမီးတစ်ဦးက ပြောသည်။

“အခြေအနေတစ်ရပ်ရပ်ကြောင့် အလုပ်သမားတွေရဲ့ စုပေါင်းတောင်းဆိုမှုပေါ့။ ဒီစက်ရုံက ပိတ်သိမ်းမယ်ဆိုတာကိုလည်း ကြိုတင်ပြောထားတာမရှိဘူး။ အော်ဒါတွေလည်း ရှိနေတယ်။ သမဂ္ဂလည်း ဖွဲ့ထားတယ်။ ဒီအပေါ်မှာ လုပ်ငန်းရှင်က ရည်ရွယ်ချက်ရှိရှိလုပ်တာ ဖြစ်တဲ့အတွက်ကြောင့် တောင်းဆိုတာပေါ့” ဟု သူက ပြောသည်။

ထိုအချက်မှာ တောင်းဆိုထိုက်သည့်အချက်ဖြစ်ပြီး ညှိုနှိုင်းမှုမရှိပါက နိုင်ငံတကာအလုပ်သမားအဖွဲ့ (ILO) အဖွဲ့၏ ပြဋ္ဌာန်းချက်ပါ စုပေါင်းအရေးဆိုမှုကို ချိုးဖောက်ခြင်းဖြစ်မည်ဟု သူက ဆိုသည်။

တရုတ်နိုင်ငံသားပိုင် ဟွန်မြောင်အထည်ချုပ်စက်ရုံသည် ဂျပန် FIELDCORE အမှတ်တံဆိပ် အဝတ်အထည်များ အဓိကချုပ်လုပ်ပေးနေသည်ဟု သိရသည်။

စက်ရုံတွင်းလိုအပ်ချက်တချို့ ဖြည့်ဆည်းပေးရန် တောင်းဆိုသည့် ရန်ကုန်၊ ရွှေပြည်သာမြို့နယ် သာဓုကန်စက်မှုဇုန်၊ ဟွန်မြောင်အထည်ချုပ်စက်ရုံမှ အလုပ်သမားသမဂ္ဂအဖွဲ့ဝင် ၅၀ နီးပါးကို ပြီးခဲ့သည့် စက်တင်ဘာလတွင် အလုပ်ထုတ်ခဲ့သည်။

အာဏာသိမ်းပြီးနောက် ဆိုးရွားလာသော မြန်မာအထည်ချုပ်စက်ရုံများ၏ စက်ရုံတွင်း အလုပ်သမားအခွင့်အရေးချိုးဖောက်မှုများနှင့် ပတ်သက်၍ နိုင်ငံတကာအဖွဲ့အစည်းများ၏ စစ်တမ်းတချို့လည်း ထွက်ရှိလာသည်။ ထို့နောက် ကမ္ဘာကျော်အဝတ်အထည်အမှတ်တံဆိပ် ကုမ္ပဏီတချို့ မြန်မာစက်ရုံများတွင် အထည်အပ်နှံမှု ရပ်ဆိုင်းထားကြသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်

Show More

Related Articles

Back to top button