အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ထိုင်းရှိ မြန်မာအလုပ်သမားသံအရာရှိဟောင်း အဂတိမှုဖြင့် အမှုဖွင့်ခံရ

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ အလုပ်သမားသံအရာရှိ အပါအဝင် သုံးဦးအား အကျင့်ပျက်ခြစားမှု စွပ်စွဲချက်များဖြင့် အမှုဖွင့်လိုက်ကြောင်း အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က ယနေ့ကြေညာလိုက်သည်။

ထိုင်းနိုင်ငံ အလုပ်သမားသံအရာရှိဟောင်း ဦးစန်းမောင်ဦးသည် ကုမ္ပဏီ(၁၂) ခုထံမှ လာဘ်ငွေ ထိုင်းဘတ်ငွေ ၅ သိန်း ၇ သောင်းကျော် (ကျပ်သိန်း ၂၉၀ နီးပါး) နှင့် ကုမ္ပဏီ (၁၆) ခုထံမှ ထိုင်းဘတ်ငွေ ၃ ဒသမ ၈ သန်း (သိန်း ၂၀၀၀ နီးပါး) ကို လက်ခံရယူခဲ့ကြောင်း တိုင်ကြားစာရရှိသဖြင့် စုံစမ်းစစ်ဆေးခဲ့ကြောင်း ကော်မရှင်၏ သတင်းထုတ်ပြန်ချက်က ဆိုသည်။

အလုပ်သမား သံအရာရှိဟောင်းသည် တာဝန်ထမ်းဆောင်နေစဉ် ကာလများဖြစ်သည့် ၂၀၁၇ မှ ၂၀၁၉ အတွင်း ရာထူးတာဝန်ကို အလွဲသုံးစားပြု၍ အဂတိလိုက်စားမှု ကျူးလွန်ခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည်ဟု ကော်မရှင်က စွပ်စွဲပြီး တရားစွဲရန် ပြင်ဆင်နေခြင်းဖြစ်သည်။ ၎င်းအပြင် အဂတိလိုက်စားမှု ကျူးလွန်ရာတွင် အားပေးကူညီခဲ့ကြကြောင်း စွပ်စွဲချက်ဖြင့် ဒေသခန့်ဝန်ထမ်း နှစ်ဦးအားလည်း အမှုဖွင့်ထားသည်။

လတ်တလောတွင် ၎င်းတို့ သုံးဦးလုံး ဖမ်းဆီးခံထားရခြင်း ရှိမရှိကိုတော့ မသိရှိရသေးပါ။

စုံစမ်းစစ်ဆေးရာတွင် ကော်မရှင်က မြန်မာနိုင်ငံဗဟိုဘဏ်မှ စာရင်းများကို တောင်းခံစစ်ဆေးခြင်းအပြင် တိုင်ကြားခံရသူသည် ပြည်ပတွင် ကျူးလွန်သည့် ကိစ္စဖြစ်သည့်အတွက် ကော်မရှင်၏ စုံစမ်းစစ်ဆေးရေးအဖွဲ့သည် ထိုင်းနိုင်ငံသို့ သွားရောက်ပြီး ထိုင်းဘဏ်တစ်ခုမှ ဘဏ်စာရင်းများ တောင်းခံရယူခြင်းတို့ ပြုလုပ်ခဲ့ကြောင်း ထုတ်ပြန်ချက်က ဆိုသည်။

အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က စုံစမ်းစစ်ဆေးဖော်ထုတ်ခဲ့သည့် အဂတိလိုက်စားမှုများအနက် တနင်္သာရီတိုင်းဝန်ကြီးချုပ်ဟောင်း ဒေါ်လဲ့လဲ့မော်၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ဟောင်း ဒေါက်တာသန်းထွဋ် စသည်တို့မှာ ရာထူးအကြီးဆုံးအမှုများပင် ဖြစ်သည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button