တပ်တွင်းထားရှိသည့် မဲရုံများကို တပ်ရင်းတပ်ဖွဲ့ပြင်ပ သင့်လျော်သောနေရာတွင် ထားရှိရန်အချက် ပါဝင်သည့် ရွေးကောက်ပွဲနည်းဥပဒေ ပြင်ဆင်ချက်များကို ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၃ ရက်နေ့ ရက်စွဲဖြင့် ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တို့ထံ ပေးပို့လိုက်သည်။
အဆိုပါ နည်းဥပဒေ ပြင်ဆင်ချက်များမှာ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် အသီးသီးအတွက် ဖြစ်သည်။
ယခု ပြင်ဆင်ရန် အသိပေးသည့် ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်ဆိုင်ရာ ရွေးကောက်ပွဲ နည်းဥပဒေတို့တွင် သက်ဆိုင်ရာ မြို့နယ်ရွေးကောက်ပွဲကော်မရှင်ခွဲက တပ်မတော်သားနှင့် ၎င်းတို့၏ မိသားစုဝင်များ တပ်ရင်းတပ်ဖွဲ့ပြင်ပ သင့်လျော်သည့် နေရာတွင် မဲပေးနိုင်ရန် စီစဉ်ပေးရမည်ဟု ပါရှိသည်။
ထို့ပြင် လွှတ်တော်ကိုယ်စားလှယ်လောင်းများ၊ ရွေးကောက်ပွဲကိုယ်စားလှယ်များ၊ ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်သူများ အလွယ်တကူ ဝင်ထွက်နိုင်မည့် နေရာ ဖြစ်ရမည်ဟုလည်း ပါဝင်သည်။
အမျိုးသားဒီမိုကရေစီချုပ်ပါတီဝင် ပြည်သူ့လွှတ်တော်၊ လွှတ်တော်အခွင့်အရေးကော်မတီ အတွင်းရေးမှူး ဒေါက်တာလှမိုးက “တပ်မတော်အပေါ် ပြည်သူအမြင် ကောင်းလာမယ်၊ ရွေးကောက်ပွဲတရားမျှတမှုအတွက် အရေးကြီးပါတယ်” ဟု မှတ်ချက်ပြုသည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ယခုအကြောင်းကြားချက်သည် နည်းဥပဒေပြင်ဆင်ရန်သာဖြစ်၍ လွှတ်တော်များက ဆွေးနွေးအတည်ပြုပေးရမည်မဟုတ်ဘဲ ကန့်ကွက်လိုလျှင် ကော်မရှင်နှင့်သာ သက်ဆိုင်မည်ဖြစ်ပြီး ယခုကဲ့သို့ လွှတ်တော်ကို အသိပေးပြီးနောက် ရက်ပေါင်း ၉၀ အတွင်း အတည်ဖြစ်လာမည်ဟု ၎င်းက ပြောသည်။
အတိုက်အခံ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင် ပျော်ဘွယ်မြို့နယ် ပြည်သူ့လွှတ်တော်အမတ် ဦးသောင်းအေးကမူ နိုင်ငံရေးအစာမကြေမှုကြောင့် ပြုမူသည်မျိုး မဖြစ်သင့်ကြောင်း ယခုကဲ့သို့ ပြင်ဆင်ရန် မဆောင်ရွက်မီ ညှိနှိုင်းဆောင်ရွက်သင့်ကြောင်း ပြောသည်။
“တစ်ယောက်နဲ့ တစ်ယောက် သံသယတွေ၊ အမြင်မကြည်လင်ဘူးလားပေါ့။ အရင်လိုပဲ တပ်ဆိုလည်း တပ်မဲရုံတွေထား ပွင့်လင်းမြင်သာအောင် သေချာကြီးကြပ်တာကိုပဲ ဖြစ်အောင်လုပ်တာ ပိုပြီးလက်တွေ့ကျမယ် ထင်တယ်” ဟု ၎င်းက မှတ်ချက်ပြုသည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ပြောရေးဆိုခွင့်ရှိသူ ဦးမြင့်နိုင်ထံ ယခုနည်းဥပဒေကိစ္စကို မည်သို့ ဆက်လက်ဆောင်ရွက်ရန်ရှိကြောင်း ဆက်သွယ်မေးမြန်းရာတွင် “လုပ်ထုံးလုပ်နည်းများအတိုင်းသာ ဆက်လုပ်ပါမယ်။ သီးခြားမှတ်ချက်ပေးဖို့ မရှိပါဘူး” ဟုသာ ပြန်ဖြေသည်။
ယင်းနှင့်စပ်လျဉ်း၍ တပ်မတော်ထံမှမူ မှတ်ချက် ထပ်မံမရသေးသော်လည်း စက်တင်ဘာလအတွင်း ပြုလုပ်သည့် တပ်မတော်သတင်းစာရှင်းလင်းပွဲတစ်ခုတွင် တပ်မိသားစုများမှာ ၂၄ နာရီ တာဝန်ထမ်းဆောင်ရသည့် သဘောရှိ၍ ပြင်ပထွက် မဲပေးရန်ခက်ကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးကော်မတီ ဒုတိယဥက္ကဋ္ဌ ဗိုလ်ချုပ်ထွန်းထွန်းညီက ပြောထားဖူးသည်။