
မြန်မာတိုင်း(မ်)နေ့စဉ်သတင်းစာမှ အယ်ဒီတာချုပ်အပါအဝင် အယ်ဒီတာအဖွဲ့ဝင် ၁၃ ဦးကို နေ့တစ်ဝက်သာ ကြိုတင်အကြောင်းကြားပြီး အလုပ်မှ ရပ်နားလိုက်သည်ဟု အလုပ်ရပ်နားခံရသူများက ဆိုသည်။
နေ့စဉ်သတင်းစာတွင် အယ်ဒီတာအဖွဲ့ဝင် ၄၀ ကျော်ရှိပြီး ယင်းတို့ထဲမှ ၁၃ ဦးကို အလုပ်ရပ်နားလိုက်ခြင်းဖြစ်ကာ အလုပ်ရပ်နားခံရသူ အများစုမှာ အယ်ဒီတာများဖြစ်သည်။
အောက်တိုဘာလ ၃၁ ရက် နေ့လယ်ပိုင်းက အရေးပေါ်အစည်းအဝေးခေါ်ယူပြီး အလုပ်မှ ရပ်နားကြောင်း အသိပေးခဲ့ခြင်းဖြစ်သည်ဟု အလုပ်ရပ်နားခံရသည့် တာဝန်ခံအယ်ဒီတာ ဦးသန်းနိုင်(မြတ်သူစံ-ဝါးခယ်မ)က Myanmar Now ကို ပြောသည်။
“တကယ်ဆိုရင် ဖြစ်သင့်တာက တစ်လလောက်တော့ ကြိုပြောသင့်တာပေါ့” ဟု ဦးသန်းနိုင်က ပြောသည်။
အလုပ်တာဝန်မှ ရပ်နားခံရသည့် အယ်ဒီတာအဖွဲ့ဝင်များကို လုပ်သက်လစာ နှစ်လခွဲစာ မြန်မာတိုင်းဘက်က နစ်နာကြေးပေးကြောင်း ၎င်းက ဆိုသည်။
မြန်မာတိုင်း(မ်) နေ့စဉ်သတင်းစာကို အပတ်စဉ်ဂျာနယ်၊ အင်္ဂလိပ်ပိုင်းနေ့စဉ်သတင်းစာတို့နှင့် သတင်းခန်းပေါင်းလိုသောကြောင့် အယ်ဒီတာများနှင့် သတင်းထောက်ချုပ်တို့ကို အလုပ်မှ ရပ်နားလိုက်ခြင်းဖြစ်ကြောင်း အလုပ်မှ ရပ်နားခံရသော သတင်းထောက်ချုပ် ဦးဇေယျာလင်းက ပြောသည်။
“Organization ကို ချုံ့လိုက်တဲ့ သဘောပါပဲ။ အပတ်စဉ်ရယ်၊ အင်္ဂလိပ်ပိုင်းရယ်၊ နေ့စဉ်ရယ်ပေါင်းပြီး လုပ်မယ့်သဘောလို့ မြင်တာပေါ့။ ကျွန်တော်တို့ကို ရေရေရာရာတော့ မပြောဘူး”ဟု ဦးဇေယျာလင်းက ပြောသည်။
“ပိုင်ရှင်ကတော့ သူ့အလုပ်သူ ပိုအကောင်းဆုံးဖြစ်အောင် လုပ်မှာပဲလေ။ အခုလောလောဆယ် လုပ်တဲ့ဟာအပေါ်မှာ ကျေနပ်မှုမရှိလို့ သူ ဒီဟာကို ပိုကောင်းမလားလို့ ပြောင်းတဲ့သဘောပါပဲ” ဟု အလုပ်ရပ်နားခံရသည့် အမှုဆောင်အယ်ဒီတာ ဦးစိုးမြင့်က ဆိုသည်။
အယ်ဒီတာအဖွဲ့ဝင်အသစ်များက ယနေ့ထုတ် မြန်မာတိုင်း(မ်)နေ့စဉ် သတင်းစာကို စတင်ကိုင်တွယ်နေပြီ ဖြစ်သည်။
မြန်မာတိုင်း(မ်)နေ့စဉ် သတင်းစာစောင်ကို အရည်အသွေး ပိုမိုကောင်းမွန်လာစေရန် ဆောင်ရွက်နေသည်ဟု ယင်းကိစ္စနှင့် ပတ်သက်၍ ပြောရေးဆိုခွင့်ရှိသူ မြန်မာတိုင်း(မ်)သတင်းဌာနမှ သတင်းထောက်ချုပ် ဒေါ်အိအိတိုးလွင်က ပြောသည်။
“ မြန်မာတိုင်း(မ်)နေ့စဉ်သတင်းစာဟာ သတင်းစာရဲ့ အရည်အသွေးကို မြှင့်တင်ဖို့ ရည်ရွယ်ချက်နဲ့ ပြန်လည်ဖွဲ့စည်းတာတွေ လုပ်နေပါတယ်” ဟု ၎င်းက ဆိုသည်။
လက်ရှိတွင် ပြန်လည်ဖွဲ့စည်းခြင်းကို လုပ်နေဆဲဖြစ်တာကြောင့် ဝန်ထမ်းများကို အုပ်စုလိုက် ထုတ်ပယ်လိုက်သည့် ကိစ္စအပေါ် မှတ်ချက်ပေးရန် မရှိကြောင်း ဒေါ်အိအိတိုးလွင်က ပြောသည်။
မြန်မာကွန်ဆိုလီဒိတ်တက်မီဒီယာသည် မြန်မာတိုင်း(မ်)နေ့စဉ်သတင်းစာ၊ အပတ်စဉ်ဂျာနယ်နှင့် အင်္ဂလိပ်ပိုင်းသတင်းစာတို့ကို ထုတ်ဝေလျက်ရှိပြီး သတင်းခန်းနှစ်ခု ဖွဲ့ထားသည်။ အင်္ဂလိပ်၊ မြန်မာ နှစ်ဘာသာဖြင့် ထုတ်ဝေနေသော မြန်မာတိုင်း(မ်)သတင်းဌာနကို ဩစတေးလျနိုင်ငံသား ရော့စ်ဒန်ကလေနှင့် လက်ရှိ Frontier Myanmar သတင်းဌာနတည်ထောင်သူ ဦးဆန်နီဆွေတို့က ၂၀၀၀ပြည့်နှစ်က စတင်တည်ထောင်ခဲ့ခြင်းဖြစ်သည်။
ဦးဆန်နီဆွေသည် ထောက်လှမ်းရေးအရာရှိ ဗိုလ်မှူးချုပ်သိန်းဆွေ၏သားဖြစ်ပြီး ၂၀၀၄ ခုနှစ် ဗိုလ်ချုပ်ကြီးခင်ညွန့် အရေးယူခံရချိန်တွင် ဖမ်းဆီးထောင်ချခံခဲ့ရသည်။ ဗိုလ်မှူးချုပ်သိန်းဆွေကို ထောင်ဒဏ် နှစ် ၁၀၀ ကျော် နှင့် ဦးဆန်နီဆွေကို ထောင်ဒဏ် ၁၄ နှစ် ချမှတ်ခဲ့သည်။ ဦးဆန်နီဆွေမှာ ၂၀၁၃ ခုနှစ်၊ ဖခင်ဖြစ်သူမှာ နောက်တစ်နှစ်တွင် ပြန်လွတ်လာခဲ့ကြသည်။
၂၀၁၃ ဖေဖော်ဝါရီလတွင်တော့ မြန်မာကွန်ဆိုလီဒိတ်တက်မီဒီယာကို ဦးသိန်းထွန်းက ဝယ်ယူခဲ့ပြီး မူလထုတ်ဝေနေသည့် အပတ်စဉ်ထုတ်များအပြင် မြန်မာတိုင်း(မ်)နေ့စဉ်သတင်းစာကို ၂၀၁၇ ဇန်နဝါရီ၌ စတင်ထုတ်ဝေခဲ့သည်။
ဦးသိန်းထွန်းမှာ ၁၉၉၀ ပြည့်လွန်နှစ်များက မြန်မာနိုင်ငံတွင် ပက်ပ်စီအချိုရည်ကို တင်သွင်းဖြန့်ဖြူးခဲ့သူဖြစ်ပြီး ထွန်းကော်မာရှယ်ဘဏ် (ထွန်းဖောင်ဒေးရှင်းဘဏ်) တည်ထောင်သူနှင့် ဥက္ကဋ္ဌဖြစ်ကာ ကုမ္ပဏီလုပ်ငန်းပေါင်းစုံ စုစည်းထားသည့် MGS ကုမ္ပဏီများအုပ်စု၏ ဥက္ကဋ္ဌလည်းဖြစ်သည်။