သတင်း

ကရင့်အာဇာနည်နေ့ ကျင်းပခဲ့သူများအား ထောင် ၁၅ ရက်စီ ချမှတ်

ရန်ကုန်မြို့လယ်တွင် ကရင့်အာဇာနည်နေ့ ကျင်းပခဲ့သည့်အတွက် နော်အုန်းလှနှင့် ကရင်လူငယ် နှစ်ဦးအား ရန်ကုန်မြို့၊ ကျောက်တံတားမြို့နယ် တရားရုံးက ထောင်ဒဏ် ၁၅ ရက်စီ ချမှတ်လိုက်သည်။

ကရင်အမျိုးသမီး အစည်းအရုံးဥက္ကဋ္ဌ နော်အုန်းလှ နှင့် ကရင်လူငယ်များဖြစ်သည့် စောအဲလ်ဘတ်ချို၊ စသိန်းဇော်မင်းတို့ သုံးဦးအား ရန်ကုန်မြို့ မဟာဗန္ဓုလပန်းခြံရှေ့တွင် ဩဂုတ် ၁၂ က အခြားကရင်တိုင်းရင်းသားများ နှင့် စုပေါင်း၍ ၆၉ နှစ်မြောက် ကရင်အာဇာနည်နေ့အခမ်းအနား ကျင်းပခဲ့ပြီးနောက် ကျောက်တံတားမြို့နယ် ရဲမှူးက ငြိမ်းချမ်းစွာစုဝေးခြင်းနှင့် စီတန်းလှည့်လည်ခြင်း ဥပဒေ ပုဒ်မ ၂၀ ဖြင့် ရန်ကုန်တွင် တရားစွဲခဲ့သည်။

၎င်းတို့ သုံးဦးအနက် နော်အုန်းလှမှာ အင်းစိန်ထောင်တွင် ၂၂ ရက် နှင့် စောအဲလ်ဘတ်ချို၊ စသိန်းဇော်မင်းတို့မှာ ၁၇ ရက်စီ ချုပ်နှောင်ခံထားခဲ့ရသည့်အတွက် ချုပ်ရက်ခံစားခွင့်ဖြင့် ယနေ့တွင် ပြန်လွတ်မည်ဖြစ်သည်။ သို့သော် တရားရုံးက ချမှတ်သည့် အမိန့် ထောင်ဒဏ် (၁၅) ရက်ထက် ပိုမို ချုပ်နှောင်ခံခဲ့ရသည့်အတွက် ခရိုင်တရားရုံးသို့ အယူခံဆက်တက်မည်ဟု နော်အုန်းလှက အမိန့်ချအပြီး သတင်းထောက်များအား ပြောသည်။

“ကရင်အာဇာနည်နေ့ကို ရန်ကုန်တိုင်းဝန်ကြီးချုပ်က လာပြီးသတ်မှတ်စရာ အကြောင်းမရှိပါဘူး။ ဥပဒေနဲ့အညီလုပ်တဲ့ဟာကို ရန်ကုန်တိုင်းအစိုးရက ဖိအားပေးတဲ့ကိစ္စမှာ ဌာနဆိုင်ရာတွေကလည်း ပူးပေါင်းပါဝင်ပေးတဲ့အတွက် ကျွန်မ တိုင်စာပို့ပါ့မယ်။ လက်မခံပါဘူး အယူခံတက်ပါ့မယ်။ ကျွန်မတို့ ဥပဒေနဲ့အညီ လုပ်တဲ့ကိစ္စတစ်ခုကို တရားရုံးက အပြစ်ရှိတယ်ဆိုပြီး အမိန့်ချတယ်။ ဒီလုပ်တဲ့လုပ်ရပ်က အစိုးရမှာတာဝန်ရှိပါတယ်” ဟု နော်အုန်းလှက ဆိုသည်။

ယနေ့ရုံးထုတ် စစ်ဆေးမှုအတွင်း ကြိုတင်ကြေညာထားခဲ့ကြသည့်အတိုင်း ဖမ်းဆီးခံရသူများ၏ ကရင့်အာဇာနည်နေ့ ကျင်းပခဲ့မှုကို ထောက်ခံကြောင်း ပြသသည့်အနေဖြင့် ရန်ကုန်မြို့၊ ကျောက်တံတားမြို့နယ် တရားရုံးရှေ့တွင် လူ ၄၀၀ ခန့် လာရောက်စုဝေးခဲ့ကြသည်။

ကရင်တိုင်းရင်းသားခေါင်းဆောင် စောဘဦးကြီး ကျဆုံးခဲ့သည့် ၁၉၅၀ ပြည့်နှစ် ဩဂုတ်လ ၁၂ ရက်နေ့ကို ကရင့်အာဇာနည်နေ့အဖြစ် ကရင်တို့က သတ်မှတ်ကျင်းပခဲ့သည်မှာ ၆၉ နှစ် တိုင်ခဲ့ပြီဖြစ်သည်။

အဆိုပါနေ့တွင် ကရင်အမျိုးသားတစ်ဦးက သတင်းပေးသည့်အတွက် ၎င်းရှိနေသည့်နေရာကို မြန်မာတပ်မတော်က ဝိုင်းရံပိတ်ဆို့တိုက်ခိုက်သဖြင့် စောဘဦးကြီး ကျဆုံးခဲ့ကြောင်း KNU (ကရင်အမျိုးသားအစည်းအရုံး) ဘက်က ဆိုသည်။

အာဏာပိုင်များဘက်က အာဇာနည်နေ့ဆိုသည့် အသုံးအနှုန်း သုံးစွဲခြင်းကို ကန့်ကွက်ခဲ့ကြပြီး ကရင်နိုင်ငံရေးသမားများကတော့ ထိုအသုံးအနှုန်းအတိုင်းသာ အစဉ်တစိုက် သုံးစွဲခဲ့ကြသည်။

စောဘဦးကြီးမှာ ကရင်တိုင်းရင်းသား လက်နက်ကိုင်ခေါင်းဆောင်တစ်ဦးဖြစ်ပြီး မြန်မာနိုင်ငံ လွတ်လပ်ရေးမတိုင်ခင်ကာလနှင့် လွတ်လပ်ရေးရပြီး ကာလတစ်လျှောက်လုံး ကရင်တိုင်းရင်းသားများ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရရှိရန် အစဉ်တစိုက် တောင်းဆိုခဲ့သူဖြစ်သည်။

ပြီးခဲ့သည့် စက်တင်ဘာ လလယ်ကလည်း ၎င်းတို့ သုံးဦးအား ခြွင်းချက်မရှိ လွှတ်ပေးရန် KNU ဘက်က တောင်းဆိုထားသည်။

Show More

Related Articles

Back to top button